စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ ပြည်သူ့ဘက်ကူးပြောင်း

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.07.28
စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ ပြည်သူ့ဘက်ကူးပြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၈၄ က တပ်သား ရာဇာမြင့်နိုင်။
Photo: Citizen Journalsit

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၈၄ က တပ်သား ရာဇာမြင့်နိုင်ဟာ ဇူလိုင် ၁၇ ရက်နေ့က ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့ပါပြီ။

“PDF ဆိုတာကလည်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေပဲ။ သူတို့ မခံနိုင်လို့ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ရတာ ပြည်သူကို ပြန်တိုက်ရတယ်ဆိုတာက သိပ်သဘာဝမကျဘူး”

သူနဲ့အတူ MA-1 ချေမှုန်းရေးရိုင်ဖယ်တစ်လက်နဲ့ ကျည်ဆန် ၁ဝ၃ တောင့်ကိုလည်း ယူဆောင်လာခဲ့ပါတယ်။ နွေးထွေးစွာကြိုဆိုမှုကြောင့် တော်လှန်ရေးသမားတွေ လက်ထဲမှာ သူအခုပျော်နေပါပြီလို့ တပ်သားရာဇာမြင့်နိုင် က ဗီဒီယိုကတစ်ဆင့် RFA ကို ပြောကြားလိုက်ပါတယ်။

“ကျနော့်နာမည် ရာဇာမြင့်နိုင်ပါ ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ က တပ်သားတစ်ယောက်ပါ။ ကိုယ်ပိုင်နံပါတ် ၅၇၄၁၀၈ ပါ။ ကျနော် မနှစ်က ၉ လပိုင်းတုန်းက ဒီတပ်ထဲကို ရောက်ပါတယ်။ အခု CDM လုပ်ဖို့ တပ်က ထွက်ပြေးလာတာပါ။ တကယ်လည်း ကောင်းပါတယ်။ လူလိုဆက်ဆံကြပါတယ်။ အဲဒီ စစ်တပ်က ထွက်လာကတည်းက ငရဲပြည်က လွတ်လာသလိုပါပဲ”

သူ့ကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘယ်လိုခေါ်ထုတ်ခဲ့ပါသလဲ။ CDM ဗိုလ်ကြီး လင်းထက်အောင် ပါဝင်လှုပ်ရှားနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကို တပ်သား ရာဇာမြင့်နိုင် က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ထွေးကနေ တစ်ဆင့် ဆက်သွယ်ခဲ့ရာက ဒီစစ်ဆင်ရေး စတင်ပါတယ်။ ဗိုလ်ကြီးလင်းထက်အောင်က နွေဦးတော်လှန်ရေးမှာ အရေးပါတဲ့ တာဝန်တချို့ကို ထမ်းဆောင်နေတဲ့ ကိုပိုင်ရဲသူ ကို ထပ်မံဆက်သွယ်ခဲ့တယ်လို့ ပြောပါတယ်။

“ခလရ ၂၈၄ ဆိုတာ ကြာအင်းဆိပ်ကြီး မြို့ပေါ်မှာ တည်ရှိတာပေါ့နော်။ ဒီရဲဘော်လေးက CDM ဝင်ချင်တယ်ပေါ့နော် တပ်ကနေထွက်ချင်တယ်ဆိုပြီး ကျနော်တို့ ရွှေပြည်သာလွှတ်တော်အမတ် ဦးအောင်ဇော်ထွေးကို ဆက်သွယ်လာတယ်ပေါ့နော်။ ဦးအောင်ဇော်ထွေးကတစ်ဆင့် ၁၆ ရက်နေ့ ညမှာ ပြောလာတော့ ကျနော့် အနေနဲ့ ဒီရဲဘော်လေးကို စိစစ်မှုတွေလုပ်တယ်၊ သူ့ရဲ့ တပ်ဝန်းကျင်မှာရှိတဲ့တပ်အခြေအနေတွေ သူရဲ့ ကိုယ်ရေးအချက်အလက်တွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ လုပ်ပြီးတော့ ကိုပိုင်ရဲသူကို အကူအညီတောင်းတယိ။ နောက်နေ့မှာပဲ သူတို့ အချိန်းအချက် လုပ်ကြတယ်။ လုပ်ပြီးတော့ အဲ့၁၇ ရက်နေ့ ညမှာပဲ ဒီရဲဘော်လေးကို သူတာဝန်ကျတဲ့ အချိန်မှာပဲ တပ်ကနေ သွားခေါ်နိုင်ခဲ့တယ်။ အဓိက ကတော့ သူတို့ဆက်သွယ်ပြီးတဲ့အချိန်မှာ ကျနော်တို့ အနေနဲ့ ချက်ချင်း ခေါ်နိုင်ဖို့ကတော့ တစ်ခါတစ်လေကျတော့လည်း ကျနော်တို့ကို အယောင်ဆောင် ထောင်ချောက်ဆင်မှာတွေလည်း ရှိတယ်။ အဲ့အဆင့်တွေ ကျော်လွှားနိုင်ဖို့ သေချာ စိစစ်မှုတွေ ချိတ်ဆက်မှုတွေတော့ ပြင်ဆင်ဆောင်ရွက်ထားပါတယ်ဗျ။”

ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတစ်နေရာမှာ ရောက်ရှိနေတဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပိုင်ရဲသူ က ဗိုလ်ကြီးလင်းထက်အောင် ထံက ဆက်သွယ်မှုရတာနဲ့ ချက်ခြင်း သူဆက်လက် ချိတ်ဆက်မှုတွေလုပ်ဆောင်ခဲ့တယ်။ စစ်ဆင်ရေးလှုပ်ရှားမှုအသေးစိတ်ကိုတော့ လုံခြုံရေးအရ လျှို့ဝှက်ထားရမှာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“CDM လုပ်လာမယ့် စစ်သားရှိတဲ့ တပ်ရင်းဌာနချုပ်အောက်မှာရှိတဲ့ လှုပ်ရှားနေတဲ့ ကျနော်တို့ စစ်ကြောင်းကို ကျနော်ဆက်သွယ်တယ်ပေါ့။ ကျနော့်ဆက်သွယ်ချက်ကို မဆိုင်းမတွပဲ သူတို့ လက်ခံတယ်။သူတို့ခေါ်လာပေးပါမယ်ပေါ့။ အဲ့အချိန်မှာ CDM လုပ်လာတဲ့ စစ်သားဟာ တပ်ပြင်လည်း မထွက်ရဲဘူး။ ချိန်းဆိုတဲ့ နေရာကိုလည်း မလာရဲတဲ့ အခါကျတော့ ကျနော်တို့မှာ သူ့ကိုကယ်ထုတ်ဖို့ အတွက်က ပုံစံတစ်ခုအနေနဲ့ စဉ်းစားရပြီပေါ့။ သူ့ကိုခေါ်ထုတ်ဖို့ အတွက် ကျနော်တို့ လုံးပန်းကြိုးစားနေရပြီးတော့ ည ၁၁ နာရီခွဲလောက်မှာ သူရှိတဲ့ နေရာအထိ အနီးဆုံးထွက်ပြီး စိစစ်တယ်။ သူပြောတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီ မညီ၊ လက်နက်တွေ ပါမပါ ကျည်ဆန်တွေပါမပါ စိစစ်ပြီးတဲ့နောက်မှာတော့ သူမှန်းအတည်ပြုပြီးတဲ့ အခါမှာတော့ လမ်းကြောင်းအဆင့်ဆင့် နည်းလမ်း အဆင့်ဆင့်နဲ့ လုံခြုံစွာနဲ့ သူ့ကိုကယ်ထုတ်လာခဲ့ပါတယ်။ KNLA ရဲ့ ပူးပေါင်းအကူအညီရယ် ဒီPDF စစ်ကြောင်းနဲ့ လူအင်အားအနည်းဆုံး ၃ဝ နဲ့ ၄ဝ ကြားမှာ အသုံးပြုပြီးတော့ အဲ့ဒီ CDM လုပ်မယ့် စစ်သားကို ကယ်ထုတ်လာခဲ့တယ်။ သူ့ဆီကနေ MA 1 တစ်လက်ရယ်၊ ပြီးတော့ ကျည် ၁ဝ၃ တောင့်နဲ့ ကျည်ဘောက်၅ ခု သူနဲ့ အတူပါလာပါတယ်။”

တပ်သားရာဇာမြင့်နိုင်အနေနဲ့ ဘာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာလဲ။

“သူတို့စိတ်ဓာတ်တွေကလည်း တကယ်ကို အောက်တန်းကျပါတယ်။ ရှေ့တန်းသွားရင်ထောတယ်ပေါ့။ အိမ်တွေ ဘာတွေ ဝင်စီးရင် ပိုက်ဆံရတယ်ပေါ့။ ပြီးတော့ ဖုန်းတွေ ရတယ်။ အဲ့လိုတွေ ပြောသံကြားတယ်။ ဒါမျိုးတွေ ကျနော်သဘောမကျဘူး။ နောက်ပြီးတော့ အီကွေမန့်တွေ ဘာတွေဆိုလည်း ရဲဘော်တွေ ပြန်ဝယ်ရတယ်။အမှန်တကယ်ဆို နိုင်ငံတော်က ချပေးတယ်လို့ ကျနော်ထင်တယ်။ အဲ့တာကို တပ်ထောက်ဗိုလ်ကြီးက ပြန်ရောင်းစားတဲ့ သဘောပေါ့။ တပ်မတော်ထဲမှာဆိုလည်း ကြီးနိုင်ငယ်ညှဉ်း စီနီယာ ဂျူနီယာ ခွဲခြားပြီး အုပ်ချုပ်တာတွေလည်း ရှိတယ်။ တပ်မတော်ဆိုတာကလည်း အာဏာကို အရပ်သားအစိုးရလက်ထဲကနေ လက်နက်နဲ့ မတရားသိမ်းပိုက်ထားတာ။ ကျနော်တို့ ရှေ့တန်းသွားရမယ်ဆိုရင်လည်း PDF တွေနဲ့ တိုက်ရမှာလေ။ အဲ့တော့ PDF ဆိုတာကလည်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေပဲ။ သူတို့ မခံနိုင်လို့ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ရတာ ပြည်သူကို ပြန်တိုက်ရင်ဆိုတာက သိပ်သဘာဝမကျဘူး။ သဘောမကျဘူး။ အဲ့အချက်တွေကြောင့် ကျနော် ဒီCDM လုပ်ခဲ့တာပါ။”

ကိုပိုင်ရဲသူက ကျန်ရှိတပ်မတော်သားတွေအနေနဲ့ ပြည်သူနဲ့ အချိန်မီပူးပေါင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“စစ်အာဏာရှင်ကို ဒီမြေပေါ်ကနေ အပြီးတိုင်ပျောက်ပျက်အောင် ကျနော်တို့က တိုက်ခိုက်ချေမှုန်းမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ ပူးတွဲပါနေတဲ့ စစ်ကောင်စီ ဘက်တော်သားအကုန်လုံး ဒေါက်တိုင်တွေ အကုန်လုံး ကျနော်တို့က ရိုက်ချိုးပစ်မှာပါ။ အဲ့ကျမှ ဘဝတွေ အသက်တွေ မဆုံးရှုံးချင်ဘူးဆိုရင် စစ်အာဏာရှင်လက်အောက်က ရုန်းထွက်ကြပါ။ ဘေးမသီရန်မခပဲ ကူညီပြီးတော့ ကျနော်တို့ ကယ်ထုတ်လာမှာပါ။”

အခုလို ခလရ ၂၈၄ က တပ်သား ရာဇာမြင့်နိုင် ပြည်သူ့ဘက်ကူးပြောင်းခိုလှုံခဲ့မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မရရှိနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

နတ္ကေလး
2022-07-29 13:27

CDM ဝင်ချင်တယ်ဆိုပြီး PDF တွေကို ထောင်ချောက်ဆင် ဖမ်းဆီးနိုင်တဲ့ အန်ဒရယ်ကို မမေ့ပါနဲ့