မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်တွေ လက်နက်ချမှုများလာ

တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2023.11.01
မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်တွေ လက်နက်ချမှုများလာ ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၃ဝ ရက်နေ့က လက်နက်ချလာသည့် စစ်ကောင်စီတပ် ခလရ-၁၄၃ တပ်ရင်းမှ လက်နက်များ သိမ်းဆည်းရရှိကြောင်း ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည့် ပုံ။
The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၁၄၃ တပ်ရင်းတစ်ခုလုံး မြောက်ပိုင်းညီနောင်သုံးဖွဲ့ထံကို အောက်တိုဘာ ၃၀ရက်နေ့က လက်နက်ချ ပူးပေါင်းခဲ့ပါတယ်။

လက်နက်ချတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၄၃ ဟာ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး နှစ်ဦး အပါအ၀င် စစ်သည်အင်အား ၄၁ ဦး ဖြစ်ပါတယ်။ သူတို့ဟာ လက်နက်ချမယ့်အကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို အောက်တိုဘာ ၂၈ ရက်နေ့ ကတည်းက အကြောင်းကြားလာပြီး ၃၀ ရက်နေ့မှာ လက်နက်ချတာဖြစ်တယ်လို့ ကိုးကန့်တပ်မတော် (MMDAA) ပြန်ကြားရေးတာ၀န်ခံ လီကျာ၀င်း (ခေါ်) ကိုရန်နိုင်က ပြောပါတယ်။

“ဟုတ်ကဲ့ပါ မနေ့က ၄၁ ယောက် လက်နက်ချ အညံ့ခံအလင်း၀င်လာတာတော့ ဟုတ်ပါတယ်ဗျ။ အမှန်ပါ ၃၀ ရက်နေ့က အဖြစ်အပျက်ပါ”

မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်တွေ လက်နက်ချတာတွေ ပိုပြီး များလာနေပါတယ်။ အောက်တိုဘာလ ၃၁ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်တွေနဲ့ အတူ အလင်း၀င်ခဲ့ပါတယ်။

လက်နက်ချလာတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၃ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအတွက် တစ်ဦးကို မြန်မာကျပ်ငွေ ၁၅သိန်းစီ ပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်လိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။

အလားတူ မြောက်ပိုင်းညီနောင်သုံးဖွဲ့က စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချအလင်း၀င်ဖို့ အောက်တိုဘာ ၃၁ရက်နေ့ထုတ် သတိပေးစာမှာ အသက်အန္တရာယ်ကို အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချလာတာ ပိုပြီးများလာတာ သိသာထင်ရှားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောပါတယ်။

“အခုစတင်နေတဲ့ အော်ပရေးရှင်း ၁၀၂၇ နဲ့ တစ်ပြိုင်တည်းမှာပဲ တစ်နိုင်ငံလုံးမှာ ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာ ရှိတယ်။ အဲ့ဒီမှာလည်း လက်နက်နဲ့ကို အလင်း၀င်လာတာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတာ အများကြီး ရှိနေပါတယ်။ အလယ်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း အကုန်လုံးမှာ ဝင်ရောက်လာနေပါတယ်။ ဒီထက်ပိုပြီး ၀င်လာဖို့လဲ ဆက်သွယ်နေတာတွေလည်း ရှိပါတယ်။ ပြောချင်တာက ဟန်ချက်ညီစစ်ဆင်ရေးတွေကို ပိုပြီးခပ်စိပ်စိပ် လုပ်လာခဲ့မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ပိုပြီး ပြိုကွဲသွားဖို့ ရှိပါတယ်”

လက်နက်ချလာသည့် ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှ ကိုးပြည်သူ့စစ်အဖွဲ့ဝင်များ၏ပုံအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့စဉ်။ (Photo: The Kokang)
လက်နက်ချလာသည့် ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှ ကိုးပြည်သူ့စစ်အဖွဲ့ဝင်များ၏ပုံအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့စဉ်။ (Photo: The Kokang)

အခုလို တပ်ရင်းတစ်ခုလုံး လက်နက်ချတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အလားတူဖြစ်ရပ်မျိုး ၁၉၈ဝ ခုနှစ်က ဗကပနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတစ်ခုဖြစ်တဲ့ မော်ဖမှာ ဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအချိန်က ဗကပဘက်က လက်နက်အင်အား၊ လူအင်အားအသာနဲ့ တိုက်ခိုက်ခဲ့လို့ အားမတန်လို့ မာန်လျှော့ပြီး ခလရ ၃၃ က တပ်ခွဲလေးခွဲအနက် သုံးခွဲက စစ်သည် ၁၁၁ ဦး လက်နက်ချတာ ဖြစ်တယ်လို့ စစ်ရေး-နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အဲ့ဒီလိုအဖြစ်အပျက်မျိုးတော့ ရှိခဲ့ပါတယ် အဲ့ဒီအချိန်က ခလရ ၃၃ ဟာ စိတ်ဓာတ်ကျပြီး လက်နက်ချတာမဟုတ်ပါဘူး။ လက်နက်ချဖို့အတွက် စိတ်ဓာတ်ရေးရာ ပြိုကွဲပျက်စီးနေတဲ့ အခြေအနေဟာ ဒီနေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခေတ်မှာပဲ ကြုံဖူးနေတာဖြစ်ပါတယ်။ အခုဟာ ကွမ်းလုံမှာရှိတဲ့ တပ်ရင်းတင် လက်နက်ချတာ မဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာလည်း KIA နဲ့ AA နဲ့ ပူးပေါင်းပြီး တိုက်ပွဲဆင်တာမှာလည်း အဲ့ဒီမှာတော့ လက်နက်ချတာမဟုတ်ဘူး တပ်ရင်းတစ်ရင်းလုံး ထွက်ပြေးသွားတာ။ အခုအချိန်ဟာ စစ်ကောင်စီ တပ်အနေနဲ့ စိတ်ဓာတ်အကြီးအကျယ် ပျက်ယွင်းပြီးတော့ တိုက်ချင် ခိုက်ချင်စိတ်မရှိတော့ဘူးဆိုတာ မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံထားပြီးသားဖြစ်ပါတယ်။”

အခုလို ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံး လက်နက်ချတဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။