ဖားကန့်မှာ လူ ၂၀၀ ခန့် တစ်ပြိုင်တည်းအဖမ်းခံထားရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။ (Citizen Journalist)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဒဲန်ယန် (မှော်ဘုံရွာ) ကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဒေသခံ နှစ်ရာဝန်းကျင် လောက်ဟာ ဒီနေ့အချိန်အထိ မလွတ်မြောက်လာသေးဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဧပြီလ ၂၁ ရက် မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင် လောက်နဲ့ မဒဲန်ယန် (မှောပုံရွာ) က လမ်းသွယ် (၁၀) မှာ ရှိတဲ့ KPDF ထောက်ပို့ရုံးကို ဝင်စီးရင်းနဲ့ ရွာမှာရှိနေတဲ့ ဒေသခံ နှစ်ရာဝန်းကျင်လောက်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့ ဒေသခံအတွက် ရွာမှာကျန်နေခဲ့သူတွေကနေ ထမင်းထုပ်လာပို့ပေးဖို့နဲ့ သုံးရက်နေရင် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဘက် အကြောင်းကြားလာပေမယ့် ဒီနေ့အချိန်အထိ မလွတ်မြောက်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ ကာကွယ်ရေးတပ် PDF ကို ထောက်ခံသူတွေဆိုပြီး စွပ်စွဲခေါ်ဆောင်သွားတာဖြစ်ပေမယ့် ဖမ်းဆီးခံထားရတဲ့ ဒေသခံအတော်တော်များများဟာ ရေမဆေးကျောက် ရှာဖွေလုပ်ကိုင် ကြတဲ့သူတွေသာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်တပ်ဘက်က ထင်တာက မှော်ဘုံ၊ ဆန်ခါမှာ PDF ထောက်ခံတဲ့သူတွေလို့ သူတို့ကထင်တာ။ အမှန်တကယ်တော့ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် ရေမဆေး ရှာစားနေတဲ့သူတွေပါ။ သူတို့ကတော့ KIA နဲ့ PDF ထောက်ခံတဲ့သူတွေဆိုပြီး ရမ်းသမ်း စွပ်စွဲပြိး ဖမ်းသွားကြတာ။ သူတို့ ထမင်းတောင်မကျွေးဘူး။ မင်းတို့လူတွေ သေမှာ ကြောက်ရင် ထမင်းလာကျွေးဆိုတဲ့ပုံစံမျိုးနဲ့လုပ်တာ။ သူတို့ ကျွေးမွေးပြုစုတာ ဘာမှမရှိဘူးဗျာ၊ သူတို့လုံခြုံရေးအတွက် သူတို့ခေါ်သွားတာ သူတို့တာဝန်ယူပေးရမယ် ကျနော့်အမြင်ဆိုရင်"

ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေကို စစ်ကောင်စီက ကံစီးရွာဂိတ်စခန်း၊ ဆန်ခါရွာနဲ့ မဇွပ်ယန်ရွာဘက်ကို စစ်ကြောင်း သုံးကြောင်းခွဲပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မဒဲန်ယန် (မှော်ဘုံရွာ)ကို ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ထောက်ပို့ရုံးနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကိုလည်း ရိုက်ချိုးဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။

ပိတ်ထားတဲ့ အိမ်တံခါးတွေကို ရိုက်ဖွင့်ပြီး ဖမ်းဆီးသွားတာကြောင့် အသက် ၁၆ နှစ် အရွယ်နဲ့ လူငယ်အရွယ် တူဖြစ်သူ နှစ်ဦး ဖမ်းဆီးခံရတဲ့အထဲပါသွားတယ်လို့ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"သူတို့ဝင်တယ်ဆိုတော့ ကျွန်တော်အပါအဝင်ပေါ့၊ ကြောက်လို့ တံခါးတွေပိတ်တာပေါ့။ အရင်လည်း အဲလို ဖြစ်တယ်ဆို သေနတ်သံကြားရင် တံခါးပိတ်တာ တစ်ရွာလုံးပါပဲ။ မပိတ်ဘူးဆိုတဲ့အိမ်က ရှားပါတယ်။ ပိတ်တဲ့အခါကျတော့ လူမရှိဘူးလား ဘာညာဆိုပြီး အသံလည်း မပေးရဲဘူးလေ။ သူတို့က ဆောင့်ကန်ဖွင့် အဲလိုလုပ်တာပေါ့။ ဆောင့်ကန် ဖွင့်တော့ အိမ်တံခါးက ပွင့်သွားတာပေါ့။ အဲဒီမှာ ခေါ်တာပေါ့။ ကျွန်တော်လည်း အပါအဝင်ပေါ့။ ကျွန်တော်တို့ အသက်ကြီးတဲ့သူတွေကိုကျ ပြန်လွှတ်လိုက်တယ်"

ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ ၁၀ ကျော်သက်အရွယ်နဲ့ လူငယ်၊ လူလတ်ပိုင်း အမျိုးသမီးတချို့ ပါဝင်ကာ အများဆုံးက အမျိုးသားတွေဖြစ်တယ်လို့ ပြောပါတယ်။

မဒဲန်ယန် (မှော်ဘုံရွာ) မှာ အိမ်ထောင်စု ၂၀၀ ကျော်နဲ့ လူဦးရေ ၇၀၀ ကျော်နေထိုင်ပြီး ဒေသခံအများစုဟာ ရေမဆေးကျောက်ရှာဖွေပြီး လုပ်ကိုင်ကြတဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။ (Photo: Citizen Journalist)

KIA၊ PDF ကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားတာ စစ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

"ပြည်သူလူထုကို အခုလိုမျိုး လူသားဒိုင်းပုံစံနဲ့ ခေါ်ပြီးမှ စစ်မြေပြင်ကိုခေါ်သွားတာက စစ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့တော့ ကိုက်ညီမှုတော့ မရှိဘူး‌ပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအတွက်လည်း လုံခြုံမှုမရှိတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း ပြည်သူလူထုကို အခုလိုမျိုး ဖမ်းဆီးပြီးမှ ရှေ့တန်း ထွက်တာမျိုးတွေကတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်ပြောလိုတယ်။ တကယ့် ရန်သူ အချင်းချင်း ဘယ်လောက်ပဲတိုက်တိုက် ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ပြည်သူလူထု ကို အခုလိုမျိုးလုပ်တာကတော့ ပြည်သူတွေအတွက် လုံခြုံမှုမရှိဘူး မလုပ်သင့်တဲ့အရာ ဖြစ်ပါတယ်"

မဒဲယန် (မှော်ဘုံရွာ) မှာ အရင်ကလည်း KIA၊ PDF ကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေကို ဝင်ရောက်ဖမ်းဆီးတာ၊ အိမ်မီးရှို့ဖျက်ဆီးတာတွေရှိပြီး အခုတစ်ခေါက်က အဆိုးဆုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ကချင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ သူ့အနေနဲ့ စစ်ရေးနဲ့ ပတ်သက်ပြီး ဖြေကြားလို့မရဘူးလို့ RFA ကို ပြောပါတယ်။

"ကျွန်တော်က လူမှုရေးအပိုင်းဆိုတော့လေ၊ အဲလိုကိစ္စတွေက ကျွန်တော်ဘက်က သိဖို့ သိပ်မလွယ်ဘူး။ နောက် သိလည်း အတည်မပြုပေးနိုင်ဘူးပေါ့နော်။ ကျွန်တော်တစ်ခါ ပြောထားသလိုပေါ့၊ တကယ်သာ ပြည်သူတွေဘက်က နစ်နာတယ်ဘာညာမှန်တယ်၊ ကျွန်တော်တို့ အစိုးရဆီကို (သတင်း)တက်လာရင် တောက်လျှောက်ကူညီတယ်။ ဆယ်ဇင်းတို့ ဘာတို့ကို ကြည့်လေ၊ ကျွန်တော်တို့ တောက်လျှောက်လုပ်ပေးနေတာပဲ။ IDP ပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အကုန်လုံးပါပဲ။ စစ်ရေးစစ်ရာရဲ့ သဘောက သူ့အထဲမှာ ရှိလိမ့်မှာပေါ့၊ အထဲက အခြေအနေအမှန်ကို ကျွန်တော်တို့ ဘယ်လို သွားသိနိုင်မလဲ"

"ပြည်သူတွေကို ဓားစာခံ လုပ်တယ်ဆိုတာက ရာဇဝတ်မှု ဗြောင် ကျူးလွန်တာပဲ"

စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုကို စနစ်တကျ ပိုပြီးကျူးလွန်လာတယ်လို့ မြန်မာနိုင်ငံ လူအခွင့်အရေးကွန်ရက်က ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကိုပြောပါတယ်။

"စစ်ရာဇဝတ်မှုဖြစ်သလို လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုလည်း ဖြစ်တယ်။ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တဲ့နေရာမှာ နှစ်မျိုး အထောက်အထားကို ကျွန်တော်တို့ကြည့်ရတယ်။ တစ်ခုက ဘာလဲဆိုတော့ စနစ်တကျ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ကြည့်ရတယ်။ ဒါ စနစ်တကျ ပုံမှန်မျိုး သူတို့လုပ်လာတယ်။ နောက်တစ်ခုက တစ်နေရာထဲမှာ ဖြစ်တာမဟုတ်ဘူး၊ နေရာအနှံ့မှာ ဖြစ်လာတယ်။ အဲနှစ်ခုလုံး ကြည့်ခြင်းအားဖြင့် စစ်တပ်က လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်ကျူးလွန်နေတာလည်း သေချာသွားပြီ။ ပြည်သူတွေကို ဓားစာခံ လုပ်တယ်ဆိုတာက ရာဇဝတ်မှု ဗြောင် ကျူးလွန်တာပဲ"

ဂျနီဗာ ကွန်ဗင်းရှင်းအရ အရပ်သားတွေရှိနေတဲ့နေရာကို စစ်ရေးအရ တိုက်ခိုက်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာ မပြုလုပ်ဖို့ အတိအလင်း ပြဋ္ဌာန်း ထားပါတယ်။

မှော်ဘုံရွာသားတွေကို စစ်ကောင်စီက ဖမ်းဆီးထားချိန်မှာပဲ ဧပြီလ ၂၅ ရက်နေ့၊ မှော်ဘုံရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့မှာ စစ်ကောင်စီက ဒေသခံတွေကို KIA၊ PDF ကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာများလာပြီး ဧပြီလ ၁၈ ရက်နေ့ကလည်း ကာမိုင်း-ဖားကန့် လမ်းပေါ်မှာရှိတဲ့ ဆိုင်းဖရာရွာက ဒေသခံ ၅၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဒဲန်ယန် (မှော်ဘုံရွာ) ကနေ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေရဲ့ မိသားစုဝင်တွေကတော့ သူတို့ မိသားစုဝင်တွေ ပြန်လွတ်မလာဘဲ သတ်ဖြတ်ခံရမှာကို စိုးရိမ်နေကြပါတယ်။

ဖားကန့်မြို့ကို စစ်ကောင်စီက ဒီနှစ် နှစ်ဆန်းပိုင်းလောက်ကစလို့ ဖြတ်လေးဖြတ် စစ်ဆင်ရေးပုံစံနဲ့ ဆန်၊ ဆီ ရိက္ခာတွေ သယ်ယူတာတွေကို ကန့်သတ်မှုတွေရှိသလို ဒေသခံတွေကို သံသယနဲ့ မကြာခဏ ဖမ်းဆီးတာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။