ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို သုတ်သင်ရှင်းလင်းမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြွေးကြော်

မြန်မာနိုင်ငံရဲ့ ပွင့်သစ်စဒီမိုကရေစီကို၊ အာဏာသိမ်းစစ်ကောင်စီက ငြှိမ်းသတ်ပစ်ခဲ့တာ၊ အခုဆိုရင် တစ်နှစ်ခွဲနီးပါး ရှိခဲ့ပါပြီ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ၊ နိုင်ငံ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ရာနဲ့ချီတဲ့ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ အခုထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေက အန္တရာယ်ကြီးသည်ထက် ကြီးမားလာနေကြောင်းလည်း ဝါရှင်တန်ပို့ သတင်းစာက သတိပေးပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို၊ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ PDF ခေါ် ပြည်သူ့ခုခံရေးအင်အားစု ၆ သောင်း ဝန်းကျင်နဲ့လည်း တိုက်ခိုက်နေရတာဖြစ်ပါတယ်။ လေ့လာသူတွေကတော့ အာဏာသိမ်းစစ်ကောင်စီဟာ အကျဉ်းအကျပ်ထဲမှာကျရောက်နေပြီး၊ လူအင်အားလည်း လျော့နည်းလာ၊ လက်နက်ကိုင်အဖွဲ့တွေကိုလည်း မဖြိုခွဲနိုင်ဘဲရှိနေကြောင်း ယုံကြည် နေကြတာပါ။
မြန်မာစစ်တပ်ဟာ လက်နက်ကိုင် ပုန်ကန်ထကြွမှုတွေကို၊ ဆယ်စုနှစ်တွေနဲ့ချီပြီး၊ တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံ ရှိပါတယ်။ ဒါပေမဲ့ ရွေ့လျားနေတဲ့ ရန်သူကို တိုက်ခိုက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး၊ နိုင်ငံ့တချို့နေရာဒေသတွေကို မထိန်းချုပ်နိုင်သေးပါဘူး။ တပ်ပြေး ပြဿနာနဲ့ တပ်သားသစ် စုဆောင်းရေး ပြဿနာတွေကလည်းရှိနေဆဲလို့ သတင်းမှာ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ အလွန်တရာ ခေတ်နောက်ကျတဲ့ လုပ်ရပ်တွေဖြစ်တဲ့၊ ကျေးရွာတွေကို ဗုံးကြဲတာ၊ အရပ်သားတွေကို သတ်ဖြတ်တာ၊ နိုင်ငံအနှံ့ မြို့တွေကို မီးရှို့တာတွေအပါအဝင်၊ အသားကျပြီး နည်းလမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်နေဆဲလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေကလည်း၊ စစ်တပ်ကို ထောက်ခံအားပေးတယ်လို့ ယုံကြည်ရသူ အရပ်သားတွေကို တိုက်ခိုက်ခဲ့ကြောင်း သတင်းမှာဖော်ပြပါတယ်။
အခုသီတင်းပတ်အတွင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ၊ထိုင်းနယ်စပ်အနီး၊ ကယားပြည်နယ်အတွင်းက၊ အနည်းဆုံး ကျေးရွာ ၂၀ ဝန်းကျင်မှာ စစ်တပ်က မြေမြှုပ်မိုင်းတွေ ချထားခဲ့ကြောင်း၊ ကရင်နီ တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ကြမ်းကြုတ်ရက်စက်တဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီထံ လက်နက် စီးဆင်းမှုတွေကို ဖြတ်တောက်ဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
ဒီအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို သုတ်သင်ရှင်းလင်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြွေးကြော်လိုက်ကြောင်းလည်း ဝါရှင်တန်ပို့ သတင်းစာက ဖော်ပြပါတယ်။ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှု အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ရာနဲ့ချီတဲ့ ရွေးကောက်ခံ နိုင်ငံရေးသမားတွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဆက်လက်အကျဉ်းချ ခံနေရဆဲဖြစ်ပြီး၊ ဒီမိုကရေစီရေး အကြမ်းမဖက်လှုပ်ရှားမှုတွေလည်း ဖြိုခွဲခံနေရဆဲဖြစ်ပြီး၊ အန္တရာယ်လည်း ပိုမိုကြီးမားလာနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာလည်း တိုက်ပွဲတွေ ကြားမှာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်ဆိုင်နေရသလို၊ ပြည်သူ့ကာကွယ်ရေး အင်အားစု PDF အင်အား ခြောက်သောင်းဝန်းကျင်ကလည်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်ထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေအတွင်း အထိအခိုက် အကျအဆုံး အခြေအနေ အတိအကျကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ ကုလသမဂ္ဂရဲ့ ပြီးခဲ့တဲ့လ ခန့်မှန်းချက်အရ၊ အရပ်သားပြည်သူ နှစ်ထောင်ကျော် သေဆုံးခဲ့ပြီး၊ တစ်သောင်းလေးထောင်ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး၊ ပြည်သူ ခုနစ်သိန်းကျော် နေရာပြောင်းရွှေ့ခဲ့ကြရပြီး၊ စစ်တပ် အာဏာမသိမ်းခင်က နေရာပြောင်းရွှေ့ခဲ့ကြရသူ ဒေသခံ သုံးသိန်းခွဲနီးပါးရှိမယ်လို့ ဖော်ပြ ထားပါတယ်။