မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ကို ထိန်းချုပ်ဖို့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ အပြင်းအထန်ကြိုးပမ်းနေပြီး မြို့အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို လူနှစ်သောင်းခန့်ဟာလည်း မြို့ထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
မောင်တောမြို့ရဲ့ အရှေ့ဘက် နှစ်မိုင်ခွဲခန့်အကွာ မောင်တော - ဘူးသီးတောင် ကားလမ်းပေါ်က လေးမိုင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၂) နယ်ခြား စောင့်တပ်ကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
"နခခ - ၅ ကတော့ မနေ့ကလည်း ဇက်နဲ့ အင်အားထပ်တိုးတယ်"
မောင်တောမြို့တွင်းထဲမှာတော့ ဒေသခံတွေ အပြင်ထွက်လို့မရတော့ဘဲ ပိတ်မိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ထဲကတော့ ထွက်လို့မရတော့ဘူး။ ထွက်လို့မရဆိုတာက ပိတ်ထားလို့လေ။ ဟိုကပိတ် ဒီကပိတ်။ ဖမ်းတာလည်းရှိတယ်။ ဘယ်သူက အဖမ်းခံချင်မလဲ။ ဖမ်းရင်သူတို့စစ်ကောင်စီတပ်က ငွေညှစ်တာကိုး။ ဆိုတော့ မရှောင်ကြတော့ဘူး။ ညဆိုရင် တစ်ရက်တလေ ကင်းလှည့်တယ်။ နခခ - ၅ ကတော့ မနေ့ကလည်း ဇက်နဲ့ အင်အားထပ်တိုးတယ်။ ဇက်နှစ်စီးနဲ့ လာတယ်။ ကား ခြောက်စီး၊ ခုနစ်စီးလောက်ပါတယ်။ ပြီးတော့ ရိက္ခာတွေလည်းပါတယ်”
မောင်တောမြို့ပေါ်မှာ ရခိုင်၊ ရိုဟင်ဂျာနဲ့ ဟိန္ဒူဘာသာဝင် လူပေါင်း နှစ်သောင်းခြောက်ထောင်ကျော် နေထိုင်ကြတာပါ။ အဲဒီအထဲက ရခိုင်တိုင်းရင်းသားအများစုဟာ ပြီးခဲ့တဲ့ ဧပြီလကစလို့ တစ်စတစ်စ မြို့ကို စွန့်ခွာထွက်ပြေးသွားတာကြောင့် အခုတော့ ရခိုင်တိုင်းရင်းသား အနည်းစုသာကျန်ရှိတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ လက်ရှိကျန်ရှိနေတဲ့ လူနှစ်သောင်းနီးပါးလောက်ကတော့ မြို့တွင်းထဲမှာ ပိတ်မိနေကြတာလို့ ဆိုပါတယ်။
လမ်းကြောင်းရရင် မြို့ကိုစွန့်ခွာထွက်ပြေးဖို့ အဆင်သင့်ပြင်ထားတယ်လို့ မောင်တောမြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။
“အခုလက်ရှိ ကျွန်တော်တို့ မြို့ပေါ်မှာလေ။ ဂျက်လေယာဥ်နဲ့ လက်နက်ကြီး ပစ်ခတ်သံကိုပဲ ကြားနေရတာပါ။ ကျွန်တော်တို့ကိုယ်တိုင် ကျောပိုးအိတ်နဲ့ အင်္ကျီတစ်ထည်၊ နှစ်ထည်ထည့်ပြီးတော့ အားလုံးပြင်ဆင်ထားပါတယ်”
မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အကြောက်တရားနဲ့ နေထိုင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောမြို့ခံ နောက်ထပ်ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
“အကြောက်တရားနဲ့ နေကြတာအားလုံး။ ရခိုင်သားတွေကို တစ်နေရာကနေ တစ်နေရာကိုပြောင်းရင် ရခိုင်သားတွေကို ဖမ်းပစ်လိုက်မယ်။ မွတ်စလင်တွေကို တစ်ခါတည်း သေနတ်နဲ့ ပစ်သတ်ပစ်မယ်ပြောတယ်။ စစ်ကောင်စီနဲ့ စစ်ကောင်စီမှာဝင်တဲ့ မွတ်စလင်တွေက”
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်က စစ်ကောင်စီတပ်ရဲ့ စခန်းအများအပြားကို ရက္ခိုင့်တပ်တော် (AA) က တိုက်သိမ်းပိုက်ထားပြီး လက်ရှိမှာ မောင်တောမြို့အနီးနဲ့ မောင်တောမြို့တောင်ပိုင်းမှာရှိတဲ့ တပ်စခန်းအချို့သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မောင်တောမြို့အဝင် တံတားတွေအားလုံး ချိုးဖျက်ခံထားရသလို စစ်ကောင်စီက မြို့ကိုပိတ်ဆို့ပြီး အင်အားဖြည့်ထားတယ်လို့ မောင်တောမြို့ခံတွေက ပြောပါတယ်။
မောင်တောမြို့ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ကတော့ ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားကြဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း တိုက်ပွဲတွေကြားထဲ ပိတ်မိမသွားရအောင် စစ်ပွဲဇုန်အတွင်းကနေ ဘေးလွတ်ရာကို အမြန်ဆုံး ရှောင်ရှားကြဖို့ မေလ ၂၀ ရက်နေ့က ထုတ်ပြန်တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တကျော့ပြန်တိုက်ပွဲတွေ စတင်လာပြီးနောက် ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝ အပါအဝင်ဆိုရင် ၁၀ မြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။