တိုက်ပွဲအပြီး ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် မောင်တောဒေသခံတွေ အခက်အခဲဖြစ်နေ

2022.07.28
တိုက်ပွဲအပြီး ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် မောင်တောဒေသခံတွေ အခက်အခဲဖြစ်နေ မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာနှင့် တရိန်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင် လာကြသူများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က ကားလမ်းတွေကို ပိတ်ထားပြီး စစ်ဆေးဖမ်းဆီးမှုတွေ လုပ်လာတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ အစားအသောက် သယ်ယူရေးကအစ အခက်အခဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

ကျီးကန်းပြင် စစ်ဆေးရေးဂိတ်၊ ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တို့တွေကို စစ်ကောင်စီ တပ်က အဓိက ပိတ်ပင်ထားတာပါ။

ဒါကြောင့် ဒေသခံတွေကို လစဉ်ထောက်ပံ့ပေးနေတဲ့ NGO၊ INGO ကားတွေလည်း ဝင်လို့ မရသလို တခြား ရိက္ခာတင်ကားတွေလည်း သွားလာလို့မရတာကြောင့် စားသောက်ရေး အခက်အခဲ ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြဝတီကျေးရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်တုန်းကဆိုလို့ရှိရင်တော့ WFP က တစ်လကို နှစ်ကြိမ် ရိက္ခာတွေလာပေးတယ်။ အခုဆိုရင် ကယ်ဆယ်ရေး လာမပေးတာ နှစ်လ၊ သုံးလလောက်ရှိနေပြီ။ အခု WFP ကလည်း လမ်းတွေ ပိတ်ထားတော့ ကားနဲ့ ရိက္ခာပေးဖို့ လာလို့မရဘူးလေ။ တောတောင် တွေမှာ မျှစ်တွေခူးတယ်၊ ဟင်းသီးဟင်းရွက်တွေ ရှာစားတဲ့သူတွေလည်း ရှိတယ်။ အခု တောထဲလည်း သွားလို့မရဘူး။ အခက်အခဲတွေကတော့ အများကြီးပါပဲ”

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း၊ မင်းကြီး၊ တရိန်း၊ ရန်အောင်ပြင်၊ မြဝတီ၊ ခုန်တိုင်၊ ရေနောက်ငါးသား၊ တမန်းသားစတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၇ ရွာက ဒေသခံတွေ အခက်အခဲဖြစ်နေကြတာပါ။

အဲဒီဒေသခံတွေဟာ WFP ကထောက်ပံ့တဲ့ တစ်ယောက် တစ်နေ့ ငွေကျပ်ငါးရာနဲ့အတူ တောတောင်၊ လယ်ယာတွေကို အဓိက မှီခိုအသက်မွေးရတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောမြို့နယ် တမန်းသားကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုထွက်ပြေးနေရတာက သူတို့လာဖမ်းမလားဆိုပြီး စိုးရိမ်လို့ပေါ့ဗျာ။ အေအေနဲ့ တိုက်ပွဲ ဖြစ်နေကြတယ်ဆိုတော့လေ။ ကိုယ့်ကိုများ လာဖမ်းမလားဆိုပြီး စိုးရိမ်လို့ ထွက်ပြေးနေတာပါဗျ။ တစ်ခုခုဆိုရင် ဟိုမှာဖမ်းခံရလိုက်၊ ဒီအဖမ်းခံလိုက်ဆိုတော့ ကြောက်တာပေါ့။ အဲဒါနဲ့ ကျနော်တို့လည်း ရှောင်နေရတာပေါ့။ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲ ဖြစ်ဖြစ် အကုန်လုံးရှောင်နေကြရတာပါပဲ”

ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့က ကြိမ်ချောင်း ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် အပါအဝင် သုံးဦးနဲ့ သာယာကုန်းကျေးရွာ တာဝန်ခံ ဦးဘသိန်းတို့ကို စစ်ကောင်စီက ဖမ်းသွား ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သူတို့ကို အခုအချိန်ထိ အဆက်အသွယ်မရသေးသလို နောက်ထပ်ဖမ်းဆီးမှုတွေရှိလာမှာကို ဒေသခံတွေ စိုးရိမ်နေတာပါ။

"လမ်းတွေ ပိတ်ထားတော့ ကားနဲ့ ရိက္ခာပေးဖို့ လာလို့မရဘူးလေ။ အခက်အခဲတွေကတော့ အများကြီးပါပဲ"

တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်မှာ ရသေ့တောင်မြို့ပေါ်နဲ့ မြို့အနီးက ကျေးရွာတချို့ ကိုလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် မြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ပြားချောင်းကြီး၊ ထွန်းရေ၀ စတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင် လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပါတယ်။

ဒီကနေ့အထိ ရသေ့တောင်မြို့ပေါ်မှာ စစ်သားတွေ နေရာယူထားဆဲဖြစ်သလို ကုန်းလမ်းကို ပိတ်ထားပြီး ရေလမ်းမှာလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ ရသေ့တောင်မြို့ ဒေသခံ ကိုကျော်မင်းခိုင်က RFA ကိုပြောပါတယ်။

“ရသေ့တောင် ပုဏ္ဏားကျွန်းကို အဓိကဆက်သွယ်ထားတဲ့ ကုန်းလမ်းကို ပိတ်ထား တယ်လေ။ ပြီးတော့ စစ်တွေ၊ ဘူးသီးတောင် ဆက်သွယ်ထားတဲ့ ရသေ့တောင် မြို့အဝင်မှာ စစ်သင်္ဘော နှစ်စင်းနဲ့ တင်းတင်းကျပ်ကျပ် လုံခြုံရေး ယူထားတယ်။ စစ်ဆေးရေးတွေ တော်တော် တင်းတင်းကျပ်ကျပ်ဖြစ်သွားတော့ ရသေ့တောင်မြို့ကို အသွား အလာ ခက်ခဲသွားတာပေါ့။ စစ်တွေကို သွားမယ်ဆိုလို့ရှိရင် တော်တော်လေး အခက်အခဲရှိတယ်။ ရေလမ်းတစ်ခုကိုပဲ အားကိုးရတာပေါ့”

ဒေသခံတွေ အခက်အခဲဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

နှစ်ဖက်အခြေအနေတင်းမာနေပြီး တိုက်ပွဲဖြစ်၊ မဖြစ်ကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရေး လှုပ်ရှားမှုအပေါ်မှာ မူတည်တယ်လို့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဦးခိုင်သုခက RFA ကို ပြောခဲ့ဖူးပါတယ်။

“လက်ရှိအနေအထားကတော့ တင်းမာမှုတွေက ဆက်ပြီးတော့ရှိနေတယ်ဗျ။ တိုက်ပွဲက ဆက်ပြီးတော့ ဖြစ်လာ မလား၊ မဖြစ်လာဘူးလားဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ်မှာ အများကြီး မူတည်တယ်။ မြန်စစ်တပ်ဘက်က ဆက်ပြီးတော့ ထိုးစစ်ဆင်လာမယ်၊ တိုက်ပွဲတွေဆက်ပြီးတော့ လုပ်လာမယ် ဆိုလို့ရှိ ရင်တော့ ကျနော်တို့ကလည်း အလားတူ တုံ့ပြန်သွားမှာဖြစ်တယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ အေအေအဖွဲ့ရဲ့ ရန်စမှုဖြစ်တယ်လို့ မနေ့က စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲသွားပါတယ်။

“တပ်မတော်အနေနဲ့ ဒေသခံ ရခိုင်ပြည်သူလူထုရဲ့အကျိုးကို ရှေ့ထားပြီး စိတ်ရှည် သည်းခံခဲ့ပါတယ်။ ဒါပေမဲ့ အေအေအဖွဲ့က မလုပ်သင့်မလုပ်ထိုက်တဲ့ ရန်စမှုကို ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်အတွင်း နေရာနှစ်ခုမှာ လုပ်ဆောင်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးပြီး တချို့ဖမ်းဆီးခံခဲ့ရပါတယ်”

maungdaw refugees
မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရွာများမှ ထွက်ပြေးတိမ်းရှောင် လာကြသူများကို ၂၀၂၂ ခုနှစ် ဇူလိုင်လက တွေ့ရစဉ် (Photo: CJ)

ရက္ခိုင့်တပ်တော် (AA) က ပြောသလို ဇူလိုင်လ ၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် KNLA တပ်မဟာ(၅) ထဲက အေအေ စခန်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း၊ ကရင်ပြည်နယ်မှာ အေအေ စခန်းရှိတယ်လို့ ပြောထားတာ မရှိကြောင်းနဲ့ အဲဒီဗုံးကြဲတိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေကို စစ်ဆင်ရေးလုပ်ခဲ့တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်ပြောသွားပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်ကျော်ဇံကတော့ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို အခက်အခဲဖြစ်အောင် ပစ်မှတ်ထား လုပ်ဆောင်တာ မျိုးဟာ မဖြစ်သင့်ဘူးလို့ ထောက်ပြပါတယ်။

“တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ အဓိကတော့ မောင်တောမြောက်ပိုင်းက ဒေသခံတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတယ်။ သူတို့ ဒီလိုလုပ်ထားလေလေ ဒေသခံတွေ ကျပ်တည်းလာလေလေ သူတို့ အုပ်ချုပ်မှုအာဏာ လျော့ဆင်းလာလေလေပဲ၊ ပြည်သူကို ပစ်မှတ်ထားပြီး လုပ်နေတဲ့သဘောဖြစ်နေတယ်။ ပြည်သူမှာ ပြည်သူ သီးသန့်နေရမယ်။ အခုက အဲဒီလိုမဟုတ်ဘူး။ တိုက်ပွဲတစ်ခုခုဖြစ်တာနဲ့ ပြည်သူကို ဒုက္ခပေးမယ်၊ ပြည်သူကို ဖမ်းဆီးမယ်၊ အမှုဖွင့်မယ် အဲဒီလိုလုပ်နေတော့ ဘယ်ကောင်းမလဲ။ အဲဒါ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ရဲ့ လုပ်ရပ် မဟုတ်ဘူး”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နယ်ခြားစောင့် တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သလို ရဲမှူးတစ်ဦးအပါ အဝင် ၁၄ ဦး ဖမ်းမိတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ နှစ်နှစ်ကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲထားပေမယ့် စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော် အကြာ အခုနှစ် မေလကစလို့ စစ်ရေးတင်းမာလာတာပါ။

ဇွန်အတွင်းမှာတော့ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီဘက်ကတော့ အေအေနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိတဲ့ အရပ်သား ၄၀ ကျော်ကို ဖမ်းထားတယ်လို့ AA က ထုတ်ပြန်ပါတယ်။

အဲဒီနောက် မောင်တောမြို့နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်ပြီး စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်း သွားလာမှုတွေကို တင်းကျပ်ကန့်သတ် လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။