မဏိပူရ်မှာ အဖမ်းခံထားရတဲ့ မြန်မာတွေ လွတ်မြောက်ဖို့ အကူအညီလိုနေ
2023.12.12

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ထဲက ၁၅၃ ဦးဟာ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ချိုးဖောက်တယ် ဆိုပြီး ပြည်နယ်အာဏာပိုင်တွေက ဖမ်းဆီးထားတာပါ။
ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ကလေးငယ် ၃၅ ဦး ပါဝင်ပြီး အကျဉ်းထောင်ထဲမှာပဲ မွေးဖွားတဲ့ ကလေးသုံးဦးလည်း ပါဝင်တယ်လို့ ကူညီပေး နေသူတွေက ပြောပါတယ်။
အဖမ်းခံရသူတွေဟာ အိန္ဒိယရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဒဏ်ငွေ ရူပီး တစ်ထောင်စီ နဲ့ ထောင်ဒဏ် ငါးလစီ ကျခံရမယ်လို့ မဏိပူရ်တရားရုံးက အမိန့်ချမှတ်ထားတာပါ။
"သူတို့ရဲ့ ပြစ်ဒဏ်ရက်တွေလည်း ကျော်နေပြီ။ လာထုတ်ပေးမယ့်သူမရှိလို့ သူတို့ မထွက်ရသေးတာ”
ဖမ်းဆီးခံရသူတွေဟာ အဲဒီထောင်ဒဏ်ကို ကျခံပြီးဖြစ်ပေမယ့် ငွေဒဏ်နဲ့ အာမခံ ထုတ်ပေးမယ့်သူမရှိတဲ့အတွက် အခက်အခဲ ဖြစ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်တဲ့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
“အဲဒီအားလုံး ၁၅၃ ဦးပေါ့လေ။ အဲဒီ ၁၅၃ ဦးက ထောင်ဒဏ် ငါးလနဲ့ အိန္ဒိယ ငွေတစ်ထောင်ပေါ့နော်။ သူတို့က ပြစ်ဒဏ်ကျခံထားရတာ။ သူတို့က မုံရွာဘက်က ပေါ့နော်၊ အများစုက။ ရက်ကန်းအလုပ်သမားအဖွဲ့တွေပေါ့။ သူတို့က ထောင်ဒဏ်ချခံ ထားရတာ ဆယ်လပြည့်တဲ့သူနဲ့၊ တစ်နှစ်ပြည့်တဲ့သူနဲ့တဲ့။ တကယ်လို့ ထောင်ဒဏ် ကျခံပြီးရင်တောင်မှ ဒီဘက်နိုင်ငံက လူတစ်ယောက်က အာမခံနဲ့မှ ထွက်ရတာ။ အဲလိုလူတွေက သူတို့ရဲ့ ပြစ်ဒဏ်ရက်တွေလည်း ကျော်နေပြီ။ လာထုတ်ပေးမယ့်သူ မရှိလို့ သူတို့ မထွက်ရသေးတာ”
ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်တပ်အာဏာ မသိမ်း ခင်ကတည်းက အိန္ဒိယနိုင်ငံ ဘက်ကို သွားရောက်ပြီး တစ်နိုင်တစ်ပိုင် ရက်ကန်း လုပ်ငန်းတွေဆီမှာ ဝင်ရောက် လုပ်ကိုင်နေခဲ့ကြတာလို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အကျဉ်းထောင်အတွင်းမှာ နေထိုင်စားသောက်ရေး ခက်ခဲနေပြီး သူတို့ ပြန်လွတ်မြောက်ဖို့ အတွက် မိသားစုဝင်တွေက အိန္ဒိယသံရုံးကို စာပို့ တောင်းဆိုထားပေမယ့် ပြန်လွှတ် မပေးသေးဘူးလို့ အဖမ်းခံထားရသူတစ်ဦးရဲ့ မိသားစုဝင်ဖြစ်တဲ့ ကိုအောင်ကျော်စိုးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ကတော့ သူတို့လွတ်ဖို့အတွက် အိန္ဒိယသံရုံးကို ဆက်သွယ်ပြီး အကူအညီတော့ တောင်းထား တယ်ဗျ။ ကျွန်တော်တို့ အကူအညီတောင်းထားတာတော့ ကြာပြီ၊ သူတို့ကတော့ လုပ်ပေးနေတယ်လို့ ပြောတာပဲ၊ အင်ဖာထောင်က အလုပ် မလုပ် တာလို့ ပြောတယ်ဗျ။ အလုပ်သမားအနေနဲ့ အဲဒီဘက်မှာ ကျွန်တော်တို့က လုပ်ရတာ။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ အဲဒီမှာ သွားလုပ်ရတာ။ အဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေရော၊ ကျောင်းနေရမယ့်အရွယ်တွေရော ရှိတယ်ဆိုတော့ အခု ဘာမှ လုပ်မရဘူးဖြစ်တာ။ အခက်အခဲကတော့ နေရထိုင်ရတာ ကျဉ်းကျပ်တာနဲ့ စားရ သောက်ရတာ အဆင်မပြေတာပေါ့။ အစားအသောက်ကကျတော့ သူတို့က ပဲဟင်းပဲ ကျွေးတယ်ဆိုတော့ သူတို့ကျွေးတဲ့အစားအသောက်နဲ့ ကျွန်တော်တို့ ဗမာတွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကလေးတွေရော ပါတယ်ဆိုတဲ့အခါကျတော့ အဆင် မပြေဘူးဖြစ်နေတာ”
ဖမ်းဆီးခံထားရသူတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် နှစ်စပိုင်းအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း ရက်ကန်း အလုပ်သမားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ကလေးမြို့နယ်က ခြောက်ဦး၊ တမူးမြို့နယ်က တစ်ဦး၊ ဒီပဲယင်းမြို့နယ်က တစ်ဦး၊ ကနီမြို့နယ်က တစ်ဦး၊ ရွှေဘိုမြို့နယ်က တစ်ဦး၊ ဘုတလင်မြို့နယ်က ၁၇ ဦး၊ မုံရွာမြို့နယ်က ၉၁ ဦး နဲ့ ကလေး ၃၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ နေထိုင်စားသောက်ရေး အဆင်မပြေတာအပြင် ရေမသန့်ရှင်းတာ စတဲ့ အခက်အခဲတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုအပ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တမူးမြို့နယ်က ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“ဒီအတိုင်းပဲ တချို့ကို ထောင်ထဲမှာထားတယ်။ တချို့ကို ထိန်းသိမ်းရေးစင်တာထဲမှာ ထားတယ်။ အဲဒီစင်တာကလည်း ထောင်ဝင်းထဲမှာပဲ ရှိတာပါ။ လမ်ကားက ရက်ကန်းအလုပ်သမားအဖွဲ့ပဲ။ သူတို့က မလွတ်ချင်လို့ မလွတ်တာပဲ။ ဗဟိုက တစ်မျိုး၊ ပြည်နယ်ကတစ်မျိုး ဖြစ်နေတာလေ။ အဲလိုဆိုတော့ ဗဟိုက လွှတ်ခိုင်းပေမယ့် ပြည်နယ်က မလွှတ်ဘဲ ထိန်းထားလို့ရတယ်။ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်ပေါ့လေ”
မဏိပူရ်ပြည်နယ်မှာ ကသည်းနဲ့ ကူကီးတွေအကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားနေပြီး မြန်မာနိုင်ငံက ထွက်ပြေး လာသူတွေကြောင့် ဒီပြဿနာပိုဆိုးလာတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက မကြာခဏ စွပ်စွဲလေ့ ရှိပါတယ်။
မဏိပူရ်ပြည်နယ်အတွင်းက လူမျိုးရေးပဋိပက္ခပြဿနာတွေကြောင့် မဏိပူရ်ရောက် မြန်မာနိုင်ငံသားတွေကို ပြည်နယ် အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာတွေ ပိုလုပ် လာတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံသားတွေ အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ငွေဒဏ်နဲ့ ထောင်ဒဏ်ချခံပြီးသား ဖမ်းဆီးခံ မြန်မာတွေကို အခုချိန်ထိ ပြန်မလွှတ်သေးဘဲ ဆက်လက်ထိန်းသိမ်း ထားတာ လက်မခံနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“ထောင်ဒဏ်ငါးလနဲ့ ငွေဒဏ်ချခံပြီးသား လူတွေဟာ အာမခံချက်မလိုဘဲနဲ့ လုံးဝ လွတ်ကိုလွတ်ရမယ့်လူတွေ ပါ။ မြန်မာပြည်ဘက်ပို့ရင် သူတို့အတွက် မလုံခြုံမှာ စိုးရိမ်တာတို့၊ မဏိပူရ်ပြည်နယ်အတွင်းမှာ ပြန်လွှတ်ရင် လက်ရှိ ဒါ မဏိပူရ်မှာရှိတဲ့ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီးတော့ သက်ရောက်မှုရှိမှာ စိုးရိမ်တာတို့ ဒါတွေကို အကြောင်းပြပြီး အခုချိန် မလွှတ်သေးဘဲနဲ့ ဆက်လက်ထိန်းသိမ်းထားတဲ့ အနေအထားပါ”
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကို RFA က အီးမေးလ်နဲ့ မေးမြန်းထားပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။
လက်ရှိ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ဝ ကျော်အပြင် မြန်မာနိုင်ငံ ကနေ နယ်စပ်ဖြတ်ကျော်ပြီး စစ်ဘေးတိမ်းရှောင်လာတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ခြောက်ဆယ်ကျော်လည်း ဖမ်းဆီးခံထားရပြီး လက်ရှိမှာ မြန်မာနိုင်ငံသား စုစုပေါင်း နှစ်ရာကျော် အကျဉ်းချခံထားရတယ်လို့ ကူညီပေး နေသူတွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ငါးထောင်ကျော် ခိုလှုံနေကြပြီး မီဇိုရမ်ပြည်နယ်မှာ ထွက်ပြေး ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းကျော် ရှိနေပြီလို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ၂၇ ရက်နေ့မှာလည်း မဏိပူရ် အင်ဖာအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့အဖမ်းခံရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်နှစ်ဦးကတော့ အာမခံနဲ့ပြန်လွတ်လာတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။