မန္တလေးနဲ့ ကွာလာလမ်ပူ ယဉ်ကျေးမှု ကွာခြားနေပြီလား
မြန်မာနိုင်ငံ တရားရုံးက နယ်သာလန်နိုင်ငံသား တစ်ဦးကို ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ပိတ်မှု နဲ့ ထောင် ၃ လချမှတ်တဲ့နေ့မှာပဲ မလေးရှား တရားရုံးကတော့ သူတို့နိုင်ငံအလံပုံပါတဲ့ ရေ ကူးဘောင်းဘီတိုတွေနဲ့ လူမြင်ကွင်းမှာ အရက်သောက်ခဲ့ကြတဲ့ သြစတြေးလျ နိုင်ငံသား ၉ ဦးကို ၄ ရက်ကြာ ဖမ်းဆီးပြီးနောက် တရားသေ လွှတ်ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက် ၂ ခုကို နိုင်ငံတကာယဉ်ကျေးမှု ရှုထောင့်ကနေ ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
-
2016-10-07 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံ တရားရုံးက နယ်သာလန်နိုင်ငံသားတစ်ဦးကို ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ပိတ်မှုနဲ့ ထောင် ၃ လချမှတ်တဲ့နေ့မှာပဲ မလေးရှား တရားရုံးကတော့ သူတို့နိုင်ငံအလံပုံပါတဲ့ ရေကူးဘောင်းဘီတိုတွေနဲ့ လူမြင်ကွင်းမှာ အရက်သောက်ခဲ့ကြတဲ့ သြစတြေးလျ နိုင်ငံသား ၉ ဦးကို ၄ ရက်ကြာ ဖမ်းဆီးပြီးနောက် တရားသေလွှတ်ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက် ၂ ခုကို နိုင်ငံတကာယဉ်ကျေးမှု ရှုထောင့်ကနေ ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ဓမ္မာရုံတစ်ခုမှာ စက်တင်ဘာ ၂၃ ရက်နေ့ ည ၁ဝ နာရီကျော်အချိန်က လူငယ်တွေ ဓမ္မစကြာရွတ်ဆိုနေစဉ် အသံချဲ့စက်ကို ဝင်ရောက်ပိတ်ပြစ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသား Klass ဆိုသူကို တရားရုံးက ဘာသာသာသနာ နှောက်ယှက်မှု ပုဒ်မ ၂၉၆ နဲ့ ထောင် ၃ လ၊ လူဝင်မှုကြီးကြပ်ရေး ပုဒ်မ ၁၃ (၁) အရ ဒဏ်ငွေ ၁ သိန်း မနေ့က ချမှတ်လိုက်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နိုင်ငံခြားသားတွေ အနေနဲ့ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို လေးစား လိုက်နာမှု မရှိရင်အရေးယူနိုင်ပါတယ်။ ဒီအမှုမှာ ဒဏ်ငွေ ၁ သိန်း မပေးနိုင်ရင် နောက်ထပ် ထောင်ဒဏ် ၃ လ ထပ်မံကျခံရမယ်လို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဓမ္မာရုံအနီးက ဟိုတယ်မှာ တည်းခိုခဲ့တဲ့ အဲဒီ နယ်သာ လန်နိုင်ငံသားက ဆူညံမှုကို သူနားမခံမရပ်နိုင်အောင်ဖြစ်ခဲ့ကြောင်းနဲ့ ဘာသာရေး အဆောက်အဦး တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း သူမသိခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုရင်း တောင်းပန်စကား ပြောခဲ့ပါတယ်။
မဟာအောင်မြေမြို့နယ် တရားရုံးက အခုလို နိုင်ငံခြားသားတစ်ဦးကို အမိန့်ချလိုက်တာဟာ မန္ထလေးမြို့ရဲ့ ဂုဏ်ကိုသာမက ဗုဒ္ဒဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုပါထိခိုက်စေတယ်လို့ မန္တလေးမြို့က ကွယ်လွန်သူ လူထုဦးလှနဲ့ ဒေါ်အမာတို့ရဲ့သား စာရေးဆရာ ညီပုလေး က ပြောပါတယ်။
“အချိန်က ည ၁ဝ နာရီကျော် ၁၁ နာရီမတ်တင်းရောက်နေပြီဗျ။ ဒါ အများပြည်သူအိပ်တဲ့ အချိန်ရောက်နေပြီ။ ကလေးတွေက ဝတ်ရွတ်စဉ်တွေဆက်ပြီး ရွတ်နေတာကို နယ်သာလန်နိုင်ငံသားက သီချင်းဆက်ဆိုနေတယ် ပဲ ထင်တယ်။ သူက သိကို မသိတာဗျ။ ကျနော်တော့ အပြစ်ရှိတယ်လို့ကို မထင်ဘူး။ နောက် ဖိနပ်မစီးရ လို့ ရေးထားတာလည်း မဟုတ်ဘူးဗျ။ သူ - ဖိနပ်မစီးရလို့ ရေးထားတဲ့နေရာတွေမှာ ဖိနပ်ချွတ်ခဲ့သူဗျ၊ တကယ်တော့ ချုပ်ရက်လောက်နဲ့ ပြတ်ရမယ့် အမှု။ အခုပြစ်ဒဏ်က များတယ်လို့ထင်တယ်။ ကျနော်တို့ မန္တလေး ဆိုတာကဗျာ။ ယဉ်ကျေးပါတယ်၊ သိမ်မွေ့ပါတဲ့ဆိုတဲ့မြို့ဗျ။ ထိုးမုန့်တို့ လမုန့်တို့ အမြည်းကျွေးတဲ့ မြို့ဗျ။ နိုင်ငံခြားသားတွေ ဝင်ထွက်နေတဲ့မြို့ပါ။ ဒါပေမယ့် ဒီလိုမြို့မှာ နိုင်ငံခြားသားတစ်ယောက်ကို ဒီလိုတရားစီရင်လိမ့်မယ်လို့ ကျနော်ဖြင့် ထင်တောင် မထင်ဘူး။ အံ့သြတယ်၊ ဒီလိုသတင်းမျိုးကြားရတာ။ အဲဒါ မန္တလေးရဲ့ ပြယုဂ်ကို Image ကို ထိခိုက်ပါတယ်ဗျာ။ တော်တော် ဝမ်းနည်းစရာကောင်းပါတယ်။ ဟိုလူလည်း တော်တော်ခံစားရမှာပဲ။ နောက် ကျနော်တို့ မြန်မာပြည်မှာ ပုဂံငလျင်လှုပ်တာကြောင့် နိုင် ငံခြားသားတွေ စိတ်ဝင်စားမှု နည်းနည်း လျှော့တယ်ဗျ။ နောက်တစ်ခါ နေဝင်ချိန်ကြည့်ဖို့ နေရာမရှိ တာလည်းပါတယ်။ ဒီလိုအချိန်မှာ ဧည့်သည်တစ်ယောက်ကို ဒီလို တရားစီရင်လိုက်တာဟာ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကို ထိခိုက်လိမ့်မယ်ဗျ။”
မနေ့က တစ်နေ့တည်းမှာပဲ မလေးရှားနိုင်ငံမှာလည်း နိုင်ငံခြားသားတွေရဲ့ ပြုမူပုံနဲ့ ပတ်သက်ပြီး စီရင်ချက် တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖေါ်မြူလာ ဝမ်း Formula One ကားပြိုင်ပွဲမှာ သြစတြေးလျ နိုင်ငံသား ၉ ဦးက သူတို့နိုင်ငံသားအနိုင်ရတာကို ဝမ်းသာတဲ့အထိမ်းအမှတ် အနေနဲ့ မလေးရှားနိုင်ငံအလံပုံပါတဲ့ ရေကူးဘောင်းဘီတိုတွေကို ဝတ်ဆင်ရင်း ဘီယာတွေသောက်ခဲ့ကြလို့ ဖမ်းဆီးခံခဲ့ရတဲ့အမှုပါ။ သူတို့ကို လူမြင်ကွင်းမှာ မဖွယ်မရာပြုမှု၊ နိုင်ငံတော်အလံကို မလေးမစားပြုမှုတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ထောင်ဒဏ် ၂ နှစ်ထိချမှတ်ခံရနိုင်တဲ့ ပုဒ်မတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ သြစတေးလျားနိုင်ငံသားတွေရဲ့ ရှေ့နေက သူ့ အမှုသည်တွေဟာ မလေးရှားရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မသိခဲ့ကြသလို နောင်တတွေလည်း ရနေကြပါပြီလို့ လျှောက်ထားခဲ့ပါတယ်။ တရားသူကြီး မိုဟာမက် ရာစင် က အခုလို တခြားနိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုကို နားမလည်ဘူးဆိုတာကိုတော့ လက်မခံနိုင်ကြောင်း၊ ဒါပေမယ့် တရားခံတွေဟာ သင်္ခန်းစာ အလုံအလောက် ရခဲ့ကြပြီလို့ ယူဆကြောင်း ပြောဆိုသတိပေးပြီး အပြစ်ကနေ တရားသေ လွှတ်လိုက်ပါတယ်။
မလေးရှားတရားရုံးရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ သူတို့နိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေး ပါးနပ်ကျွမ်းကျင်မှုနဲ့ ခေတ် မှီမှုကိုပြသလိုက်တာ ဖြစ်တယ်လို့ စာရေးဆရာ ညီပုလေးက ဝေဖန်ပါတယ်။
“မလေးရှားမှာဖြစ်တဲ့ ကိစ္စကျတော့ သူတို့က လူရည်လည်တယ်ပေါ့ဗျာ။ အတိုချုပ်ပြောရရင်တော့၊ ကမ္ဘာပေါ်မှာ ဘယ်လိုနေထိုင်ပြုမူသွားရမယ်ဆိုတာ။ နိုင်ငံတော်အလံကို ရေကူးဘောင်းဘီ ချုပ်ဝတ်ပြီးတော့ လူမြင်ကွင်းမှာနေတယ်ဆိုတာဟာ ချဲ့ချင်ရင် ချဲ့ချင်သလောက်ရတာပဲ။”
အခု အဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး စာရေးဆရာမ နုနုရည် (အင်းဝ) ကို ကျနော်ဆက်သွယ်ကာ ဆရာမရဲ့ နိုင်ငံတကာ ယဉ်ကျေးမှုဆိုင်ရာ သဘောထားကို မေးမြန်းခဲ့ပါတယ်။
“၂ဝဝဝ ပြည့်နှစ်တုန်းက Iowa အိုင်အိုဝါမှာ ကျမ International Writing Program (နိုင်ငံတကာ ရေးသား မှု အစီအစဉ်) တက်တုန်းကပေါ့။ အဲဒီတုန်းက ကျမတို့ IWP မှာ ညွန်ကြားရေးမှူးဆိုပါတော့။ Christopher Merrill ဆိုတာ။ သူက ကျမတို့ကို တစ်ယောက်စီမေးတယ်။ မင်းတို့ Culture ယဉ်ကျေးမှုက ဘာတုန်းပေါ့နော် ။ မြန်မာပေါ့၊ ဗီယက်နမ်ပေါ့၊ နောက် ကိုရီးယားပေါ့နော်။ ထားပါတော့။ ကျမကလည်း မြန်မာ့ယဉ်ကျေးမှု ဆိုတာ ဘာပေါ့နော်။ အာလုံးပြောပြီးတော့ သူ့ကို ကျမမေးတယ်။ မင်းတို့ အမေရိကန်ရဲ့ culture ယဉ်ကျေးမှုကကော ဘာလဲလို့။ ခရစ်က ကျမကို ချက်ခြင်းပြန်ဖြေတာ။ ဒို့ အမေရိကန်ရဲ့ ယဉ်ကျေးမှုက Multi Culture ယဉ်ကျေးမှုပေါင်းစုံကို လက်ခံတဲ့ယဉ်ကျေးမှုကွ တဲ့။ ပြီးတော့သူကဆက်ပြီးပြောတယ်။ Multi Culture ဆိုတာနားလည်မှာပါတဲ့။ ငါတို့ကတဲ့။ ဒို့နိုင်ငံမှာ လာပြီးနေထိုင်ကြတာ လူမျိုးတွေအများကြီး ရှိတယ်။ ဒီလူမျိုးတွေ အများကြီးရဲ့ယဉ်ကျေးမှုဟာ ငါတို့ယဉ်ကျေးမှုပဲတဲ့။ ကျမ တော်တော်သဘောကျ သွားတယ်။ အခုတဲ့ ငါတို့ ပေါင်မုန့်တင်မကဘူး၊ ဆန်လည်းကြိုက်တတ်သွားပြီတဲ့။ နိုင်ငံတကာကနေ တို့တိုင်းပြည်မှာ လာပြီးနေတဲ့သူတွေရဲ့ ယဉ်ကျေးမှုအကုန်လုံးကိုလည်း ဒို့ ယဉ်ကျေးမှုလို့ပဲ သဘောထား တယ်တဲ့။”
မဟာအောင်မြေမြို့နယ် တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ အကြီးအကျယ်ပေါ်ထွက်နေချိန်မှာ စာရေးဆရာ ညီပုလေးကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက အရပ်သားအစိုးရဆိုပေမယ့် ပီပီပြင်ပြင် မဖြစ်သေးကြောင်း ထင်ရှားနေတယ်လို့ ပြောပါတယ်။
“ဒီ နယ်သာလန်ကလူ ကိစ္စနဲ့ပတ်သက်လို့ ကျနော့်ကိုမိတ်ဆွေတစ်ယောက်က မေးတယ်။ ၈ ရက်ထဲနဲ့ လွှတ်ပြစ်လိုက်တဲ့ အမှုလောက်ကြီးဦးမှာလားဗျတဲ့။ ကျနော့်ကိုယ် ဘာဖြေရမှန်းတောင် မသိဘူး။ ဂွကိုကျလို့။ တရားစီရင်ရေးတို့ ပြည်ထဲရေးတို့ ဘာတို့က မရပ်သား သေးတာခက်နေတယ်။ အဲ ပြည်ထဲရေးအောက်မှာ ရှိနေတဲ့ တရားစီရင်ရေးဟာ အရပ်သားအစိုးရ မဟုတ်သေးဘူးလို ဖြစ်နေတယ်။ ကျနော်တို့က ဖားတပိုင်း ငါးတပိုင်း၊ ငါးကသေးပြီး ဖားကကြီးနေတဲ့ အစိုးရဖြစ်နေတယ်။”
ဆရာမ နုနုရည် (အင်းဝ) ကတော့ သူတွေ့ကြုံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးရဲ့ နိုင်ငံတကာယဉ်ကျေးမှု ဆိုင်ရာ သဘောထားတွေကို လူသားအားလုံး အလေးအနက်ထားကြမယ်ဆိုရင် လောကကြီးဟာ ဒီထက်ပိုပြီး သာယာလာမှာပါပဲလို့ ပြောပါတယ်။
“ကျမ သဘောပေါက်တာက သူတို့ဟာ နိုင်ငံကြီးသားပီသစွာ သဘောထားကြီးခြင်းကို ဖေါ်ပြတယ်လို့ ကျမ အဲဒီတုန်းက စိတ်ထဲမှာ သဘောပေါက်လိုက်တာပေါ့နော်၊ အဲ သူ (Chris) ဆက်ပြောသေးတယ်။ ဒို့တိုင်းပြည် မှာတဲ့ မြေတွေလည်း အများကြီး၊ နိုင်ငံကြီးလည်း အကျယ်ကြီးပေါ့၊ အဲဒီအချိန်မှာ ဘယ်သူပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ဒို့ တိုင်းပြည်မှာလာပြီးနေချင်လို့ရှိရင် ငါတို့ကတော့ လက်ခံမှာပဲ၊ သူတို့တတွေနဲ့ ပါလာတဲ့ ယဉ်ကျေးမှုတွေကိုလည်း ငါတို့ကလက်ခံရမှာပဲလို့ သူပြောသေးတယ်။ ကျမ အဲဒါလေး ကို တော်တော် သဘောကျတယ်လေ။ အဲဒါဟာ နိုင်ငံကြီးသားပီသပြီးတော့ သဘောထားကြီးခြင်းကို ပြသ တယ်လု့ိထင်တယ်။ ကျမတို့ နိုင်ငံက အဲဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်၊ သဘောထားကြီးခြင်းနဲ့ ပတ်သက်ပြီးတော့ ဟို အလှမ်းဝေးကောင်း ဝေးနေမယ်ဖြစ်ပေမယ့် အဲသလောက် သဘောထားကြီးနိုင် ရင်တော့ ကောင်းမှာပဲလို့ ကျမ ဆန္ဒဖြစ်မိတယ်။”
မြန်မာပြည်က ဓမ္မာရုံတစ်ခုမှာ ည ၁ဝ နာရီကျော် ဓမ္မစကြာရွတ်ဖတ်နေတာကို နားမခံသာလို့ အသံချဲ့စက် ဝင်ပြီးပိတ်မိတဲ့ နယ်သာလန်နိုင်ငံသားတစ်ဦးကို မဟာအောင်မြေတရားသူကြီးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ချိန်မှာ မလေးရှား နိုင်ငံတော်အလံကို ဘောင်းဘီချုပ်ပြီး လူမြင်ကွင်းမှာဝတ်မိတဲ့ သြစတြေးလျနိုင်ငံသား ၉ ဦးကတော့ လေးရက်ကြာအချုပ်ခံရအပြီးမှာ မလေးရှားနိုင်ငံကို ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောဆိုကာ တရားရုံးကနေ ပျော်ရွင်စွာ ထွက်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။