မလေးရှားရောက် မြန်မာ ၂ဝဝ နီးပါး ဖမ်းဆီးခံထားရ

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023.10.07
မလေးရှားရောက် မြန်မာ ၂ဝဝ နီးပါး ဖမ်းဆီးခံထားရ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များကို တွေ့ရစဉ်။
Malaysia Immigration News Facebook

မလေးရှားမှာ စက်တင်ဘာလကစပြီး မလေးရှားအာဏာပိုင်တွေက နိုင်ငံခြားသားတွေနေထိုင်တဲ့နေရာတွေနဲ့ လုပ်ငန်းခွင်တွေကို အဓိကထားပြီး အော်ပရာစီလို့ခေါ်တဲ့ ရှောင်တစ်ခင် ဝင်ရောက် ဖမ်းဆီးစစ်ဆေးတာတွေ များနေပါတယ်။

အဲဒီလို ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအများစု အဖမ်းခံနေရတာပါ။

စက်တင်ဘာလကုန်လောက်စပြီး တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရသူ မြန်မာဦးရေ ၂၀၀ နီးပါးရှိတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီသူတွေက ခန့်မှန်းပါတယ်။

မလေးရှားနိုင်ငံရေးအပြောင်းအလဲနဲ့အတူ စီးပွားရေးကျဆင်းနေတာကြောင့် မလေးရှားပြည်သူတွေက နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးဖို့ တွန်းအားပေးနေတာကြောင့်လည်း အခုလို အာဏာပိုင်တွေက စစ်ဆေးဖမ်းဆီးနေတာလို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဇင်က ပြောပါတယ်။

“အဓိကကတော့ သူတို့တိုင်ကြားခံရတဲ့နေရာမှန်သမျှကို Immigration က ပျောက်ကြားဝင်နေတာပေါ့။ နှစ်ကုန်ခါနီးပြီဆိုတော့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားလာပြီပေါ့နော်။ ပုံမှန်ပါပဲ။ နှစ်တိုင်းလိုလိုပေါ့။ ဒီနှစ်ကတော့ ပိုဆိုးမယ့်အနေအထားမှာရှိတယ်။ မလေးရှားမှာ အိုဗာစတေးအများဆုံးဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ မလေးရှားအေးဂျင့်တွေက မြန်မာပြည်ကို တရားဝင် Calling Visa မပေးချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ကို Calling ပေးရင် သူတို့ရမယ့် ကော်မရှင်က အရမ်းနည်းတယ်။ အဲဒီလို Calling Visa မရတဲ့အတွက် မြန်မာပြည်ကနေ ကျွန်တော်တို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ နိုင်ငံခြားထွက်ကြတယ်။ ဥပမာ အောက်လမ်းက လာတာရှိတယ်။ အလည်နဲ့ဝင်လာပြီး အလုပ်လုပ်ကြတာရှိတယ်။ သူတို့လူမျိုးတွေက နိုင်ငံခြားသားတွေကို ကြည့်မရတော့လို့ ပေါက်ကွဲလာတာ ဖြစ်နိုင်တယ်။ အမျိုးမျိုးပေါ့နော်။ အဓိကကတော့ ကျွန်တော်ပြောချင်တာတော့ ဖြစ်နိုင်ရင် မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ Low Profile နေကြပါ”

အောက်တိုဘာ ၅ ရက်နေ့က ဂျိုဟိုးဘာရူးမြို့မှာရှိတဲ့ အနှိပ်ခန်းလုပ်ငန်းတွေကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှားရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် လူ ၃ဝ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း မလေးရှား မလက်ကာပြည်နယ် (Melaka Negeri) မလက်ကာစင်တာမှာ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီထဲမှာ မပပရဲ့ ခင်ပွန်းက ပွဲစားရဲ့အလိမ်ခံရပြီး အလုပ်အကိုင်မရဘဲ ဒုက္ခသည်ရောက်နေစဉ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ ခင်ပွန်းနဲ့ အဆက်အသွယ်မရသေးဘူးလို့ မပပက ပြောပါတယ်။

“အစ်မအမျိုးသားက ဟိုရောက်တော့ အလုပ်ကတစ်ခုမှ မလုပ်ရသေးဘူး။ တစ်ခုမှမလုပ်ရသေးတော့ သူ‌ဌေးလည်းမရှိဘူး။ အေးဂျင့်လည်းမရှိဘူး။ သုံးလအတွင်းမှာ အလိမ်ပဲခံခဲ့ရတာ။ အလုပ်မရဘဲနဲ့။ သူဌေးမရှိတော့ လိုက်ထုတ်ပေးမယ့်သူလည်း မရှိဘူး။ ရှင်းပေးမယ့်သူ မရှိဘူး။ မြန်မာပွဲစားတွေက လိမ်ပြီးစားဖို့ပဲ သိတာ။ အဲ့လိုဆိုတော့ အဆက်အသွယ်တော့မရသေးဘူး။ တစ်ချို့သူတွေပြောတာတော့ တစ်လကျော် နှစ်လကြာရင် ပြန်ထွက်လာမယ်လို့ ပြောတာပေါ့နော်။ မလေးရှားသံရုံးက မလေးငွေ ကိုးရာသွင်းရင် ပြန်လွှတ်တယ် လေယာဥ်နဲ့။ အခုထိတော့ အဆက်အသွယ်မရသေးဘူး”

ဖမ်းဆီးခံရတဲ့ မြန်မာတွေကို အထောက်အထားရှိရင် ပြန်လွှတ်ပေးပေမယ့် စာရွက်စာတမ်း အထောက်အထားမရှိသူတွေကတော့ မလေးရှားလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ် တစ်လကနေ ခြောက်လအထိ ကျခံရဖို့ ရှိတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး မလေးရှားမှာရှိတဲ့ မြန်မာသံရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မလေးရှားအစိုးရဟာ မလေးရှားရောက် နိုင်ငံခြားသားတွေကို နေ့စဉ်ဖမ်းဆီးစစ်ဆေးနေပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေတင်မကဘဲ လိုင်စင်မရှိဘဲ ယာဉ်စည်းကမ်းချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကိုပါ ဖမ်းဆီးနေတယ်လို့ မလေးရှားသတင်းဌာနတွေက သတင်းထုတ်ပြန်နေပါတယ်။

မြန်မာပြည်နိုင်ငံရေးအခြေအနေကြောင့် ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ မလေးရှားကို ထွက်လာကြသူတွေထဲမှာ အလုပ်မရဘဲနဲ့ ပွဲစားအဆင့်ဆင့်နဲ့ လိမ်လည်ခံရပြီး ဒုက္ခရောက်နေတဲ့ မြန်မာတွေအများအပြားရှိနေတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့မြင်ရသည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ မြင်ကွင်း။ (Photo: AFP)
၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့မြင်ရသည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ မြင်ကွင်း။ (Photo: AFP)

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ နိုင်ငံရေးမငြိမ်သက်မှုနဲ့အတူ အလုပ်အကိုင်ရှားပါးလာတာကြောင့် ပြည်ပကို ရတဲ့နည်းနဲ့ထွက်ခွာလာကြရာမှာ မလေးရှားမှာ တရားမဝင်နေထိုင်သူ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

တရားဝင်လမ်းကြောင်းနဲ့မဟုတ်ဘဲ နယ်စပ်တွေကနေ ပွဲစားအဆင့်ဆင့်နဲ့ လာရောက်ရာကနေ ဖမ်းဆီးခံနေရတာလို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ ကိုစည်သူသန်းလှိုင်က ပြောပါတယ်။

“လူတွေက ဒီထိုင်းကတစ်ဆင့် အောက်လမ်းကနေပဲတစ်ဆင့် ခိုးပြီးလာကြတဲ့သူများတော့ ဒီမှာ အဲဒီလိုလူက နေရာတိုင်းမှာလိုလိုရှိနေတော့ အဖမ်းအဆီးအရမ်းများတဲ့အချိန်မှာတော့ သူတို့တွေက အထောက်အထားမဲ့ နေထိုင်သူတွေအဖြစ် အဲလိုအဖမ်းခံနေရတာပေါ့။ ဝင်ဖမ်းမယ်ဆိုရင် သူတို့က အထောက်အထားရှိရှိမရှိရှိ သူတို့က ဝင်ဖမ်းလိုက်တာပဲ။ ဖမ်းပြီးရင် သူတို့က ပြန်စီစစ်ပြီးတော့ အထောက်အထားရှိတဲ့သူဆို ပြန်လွှတ်တယ်။ အထောက်အထား မရှိတဲ့သူဆိုရင် သူတို့က Immigration က ခေါ်သွားမယ်။ တရားရုံးမှာ အထောက်အထားမရှိတဲ့သူဆိုရင် တရားမဝင်နေထိုင်မှုနဲ့ တရားစွဲမယ်။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပေါ့”

အခုလို မြန်မာနိုင်ငံသားအများစု ဖမ်းခံနေရပေမယ့် နေ့စဉ်လိုလို မလေးရှားကိုသွားဖို့ ကြိုးပမ်းနေသူတွေရှိနေတဲ့အတွက် မှန်ကန်တဲ့သတင်းအချက်အလက်တွေနဲ့ အေးဂျင့်တွေနဲ့သာ လာရောက်ကြဖို့ မလေးရှားရောက် မြန်မာတွေက တိုက်တွန်းကြပါတယ်။ 

၂ဝ၂၃ ဩဂုတ်လကုန်အထိ UNHCR စာရင်းအရ မလေးရှားနိုင်ငံအတွင်း UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူ ၁၈၃,ဝဝဝ နီးပါးရှိပြီး၊ အဲဒီအထဲက တစ်သိန်းခွဲလောက်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။