မလေးရှားမှာ တစ်ပတ်အတွင်း မြန်မာတစ်ရာကျော် အကျဉ်းကျ
2018.11.19
မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ တရားမဝင် မြန်မာအလုပ်သမားတစ်ရာကျော်ကို မလေးရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ မလေးရှားအစိုးရရဲ့ တရားမဝင်အလုပ်သမား နှိမ်နင်းမှုစီမံချက်အတွင်း ဒီလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အခု ထောင်ချခံရတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေကတော့ Selangor ပြည်နယ် Shah Alam မြို့က Panasonic TV စက်ရုံက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က အဲဒီစက်ရုံကို အာဏာပိုင်တွေ ရှောင်တခင် ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ မြန်မာအလုပ်သမားတွေ အပါအဝင် နိုင်ငံခြားသား တရားမဝင်အလုပ်သမားတွေ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတာလို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။
“ညဘက်ကို သူတို့ အဖမ်းခံရတယ်ပေါ့။ သူတို့ စက်ရုံထဲကို ဝင်ဖမ်းတာ မဟုတ်ဘူး။ လူနေအဆောင်ထဲကို ဝင်ဖမ်းတာ။ အဲဒီမှာ အားလုံးပေါင်း ၁၅၆ ယောက်ပေါ့ မြန်မာနိုင်ငံသား။ အဲ့မှာ သူတို့ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အခါမှာတော့ မလေးရှား အက် ဥပဒေအရ တရားမဝင် အလုပ်သမားဆိုရင် အနည်းဆုံး ထောင်ဒဏ် ၁ လကနေ ၆ လအထိ ဒါမှမဟုတ် ကြိမ်ဒဏ် ၃ ချက် ကျခံရ မယ်ဆိုရင် သူတို့ရဲ့ နဂို အက်ဥပဒေရှိတယ်။ ဒီဥပဒေအရ ပြစ်ဒဏ်ချပါပြီ။ ပြစ်ဒဏ်က တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။ တချို့က ရှေ့နေ ငှားနိုင်တယ်။ တချို့က မငှားနိုင်ဘူး။ တချို့က ငွေ ၃ဝဝဝ ထောင်ကို ဒဏ်ကြေးအနေနဲ့ ပေးသွင်းနိုင်တယ်။ အဲ့လို ပေးသွင်းနိုင်ရင်တော့ သူက မြန်မြန် ပြန်ရတယ်ပေါ့လေ။ အဲဒါမျိုးတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြစ်ဒဏ်ချတာခြင်းတွေက မတူကြဘူးဖြစ်တာပေါ့။ အားလုံးကတော့ ၃ လကျော် ၄ လ ပတ်ဝန်းကျင်လောက် ကျသွားတယ်ပေါ့”
ဒဏ်ကြေးငွေ မြန်မာကျပ်တစ်သန်းကျော်နဲ့ ညီမျှတဲ့ မလေးရှားရင်းဂစ် ၃ဝဝဝ ပေးဆောင်နိုင်တဲ့သူက အနည်းစုပဲရှိပြီး အများစုကတော့ ထောင်ဒဏ်ချမှတ်ခံရပါတယ်။ အခု ထောင်ဒဏ်ချခံခဲ့ရတဲ့ မြန်မာအလုပ်သမားတွေဟာ တရားမဝင် လာရောက် လုပ်ကိုင်နေသူတွေ ဖြစ်တဲ့အတွက် ကွာလာလမ်ပူ မြန်မာသံရုံးက ကူညီပေးနိုင်တာ မရှိဘူးလို့လည်း ဦးဆန်းဝင်းက ပြောပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်အသီးသီး ကျခံပြီးရင်တော့ မြန်မာနိုင်ငံ ပြန်ပို့ရေးကိစ္စမှာ သံရုံးက ကူညီမယ်လို့ ဆိုပါတယ်။
"သူတို့အနေအထားက မလေးရှားကို ဝင်လာကတည်းက တရားဝင် ဝင်လာတာမဟုတ်ဘူး။ သူတို့အေဂျင်စီတွေ ကလည်း မမှန်ကန်တဲ့အခါကျတော့ ဒါတွေ လိုက်လုပ်ဖို့ဆိုတာ မလွယ်ဘူးလေ။ လိုက်လုပ်ရင် လိုက်လုပ်တဲ့ သူတွေက အဖမ်းခံရမယ်။ အဲဒါကြောင့် ကြောက်ပြီး ဘယ်သူမှ လိုက်မလုပ်ပေးကြဘူး။ မလေးရှားအစိုးရက နဂိုကတည်းက သတ်မှတ်ထားတဲ့ ဥပဒေအရ ဖမ်းမှာပဲ။ ဖမ်းပြီးလို့ရှိရင် ထောင်ပြစ်ဒဏ်ပြီးသွားတာနဲ့ camp ဆိုတဲ့ ထိန်းသိမ်းရေးစခန်းတွေရှိတယ်။ အဲဒီ camp တွေကို ပို့တာနဲ့ လဝကတွေကနေ မြန်မာသံရုံးကို အကြောင်းကြားမယ်။ မြန်မာသံရုံးကနေ camp ထဲကို သွားပြီး မြန်မာနိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးမယ်။ သူတို့မိသားစုတွေနဲ့ ဆက်သွယ်မယ်။ လုပ်ပြီးတာနဲ့ အမြန်ဆုံး သံရုံးက ပြန်ပို့ပါတယ်"
ဖမ်းဆီးခံရသူတွေထဲမှာ အများစုက အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ဦးဆန်းဝင်းက ပြောပါတယ်။ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅ သိန်းဝန်းကျင်ရှိပြီး၊ ၂ သိန်းလောက်ကသာ တရားဝင် အလုပ်လုပ်နေသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။