NUG နဲ့ ထိတွေ့ဆက်ဆံဖို့ တခြားအာဆီယံခေါင်းဆောင်တွေကို မလေးရှား တိုက်တွန်း

မေလ ၁၂ ရက်နေ့ စတင်ကျင်းပမယ့် အမေရိကန်-အာဆီယံ အထူးထိပ်သီးညီလာခံ မတိုင်ခင်မှာ အာဆီယံနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ ဆက်ဆံရေးကိစ္စအပါအဝင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေရဲ့ သဘောထားနဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေအကြောင်း စေ့စပ်ညှိနှိုင်းဖို့အတွက် မေလ ၁၁ ရက်နေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံး ညီလာခံပြင်ပမှာ အလွတ်သဘော အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးအပြီးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကို Benar News က သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးမှာ ပြောဆိုဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ကျေနပ်မှုရှိသလားဆိုတာကို အခုလို ပြောကြားခဲ့ပါတယ်။
"ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံအားလုံးက နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ အဓိကအကြောင်းအရာက မြန်မာနိုင်ငံအရေးဖြစ်ပြီး၊ ဝန်ကြီးအချို့ကလည်း ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အဓိက အကြောင်းအရာ သုံးခုဆွေးနွေးခဲ့ပါတယ်။
ပထမက အာဆီယံဥက္ကဌရဲ့ အထူးသံနဲ့ ကုလအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာတို့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးအနေနဲ့ ဒီ အထူးသံ နှစ်ဦးရဲ့ အခန်းကဏ္ဍတွေကို ဖြည့်ဆည်းနိုင်ဖို့ ဝိုင်းဝန်းကူညီလို့ရမယ့် နည်းလမ်းတွေကို စဉ်းစားကြဖို့ ပြောခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်တွေ ဘာပြောပြော၊ ကုလအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို သူနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးအားလုံးကို တက်ရောက်ဖို့ ဖိတ်ကြားဖို့လိုတဲ့အကြောင်း ပြောခဲ့ပါတယ်။
ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံဖို့ပါ။
အာဆီယံဥက္ကဌရဲ့ အထူးသံအနေနဲ့ NUG နဲ့ NUCC တို့နဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်သင့်တယ်လို့ ကျွန်တော် ထပ်ပြောခဲ့ပါတယ်။ အခြားနှစ်နိုင်ငံက ဝန်ကြီးတွေ ကလည်း NUG ကို နာမည် တပ်မပြောပေမယ့်၊ အလားတူပဲ အာဆီယံ အထူးသံအနေနဲ့ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနေ့ မနက်ကပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကျွန်တော့်ကို ကြေညာချက်တစ်စောင် ပေးပို့ခဲ့ပါတယ်။ ဒီကြေညာချက်ကို ကျွန်တော်နော် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ထပ်ဆင့်ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။
တတိယ အချက်ကတော့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ကိစ္စပါ။ အာဆီယံ အထူးသံအနေနဲ့ စစ်ခေါင်းဆောင်တွေကနေ လူသားချင်းစာနာမှု အကူအညီတွေကို သူတို့ ဘာသာပေးအပ်တာကို ခွင့်မပြုဖို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ UNOCHA လို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပါဝင်ခွင့်ပြုဖို့နဲ့ အာဆီယံနိုင်ငံတွေကလည်း အကူအညီတွေ ပါဝင်ပေးအပ်ကြဖို့ အကြံပြု ပြောကြားခဲ့ပါတယ်။"
စစ်ကောင်စီဟာ ဖမ်းဆီးထိန်းသိမ်းထားသူတွေ မပါဘဲ၊ အခြားတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေလို သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံခွင့်မပေးတဲ့အခြေအနေမှာ အာဆီယံအထူးသံရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ဆိုတာ လက်တွေ့ကျပါ့မလားဆိုတာနဲ့ ပတ်သက်ပြီး သူက ခုလို ပြောသွားပါတယ်။
"လူကိုယ်တိုင် တွေ့ဆုံခွင့်မရရင် ဗွီဒီယိုကွန်ဖရင့်လို အခြားနည်းလမ်းတွေနဲ့ တွေ့ဆုံလို့ရပါတယ်။ အရေးကြီးတာက ထိတွေ့ဆက်ဆံမှုတွေ လုပ်ကြဖို့ပါ။ အာဆီယံအထူးသံက ပြောခဲ့တဲ့အထဲမှာ NUG၊ NUCC နဲ့ အခြားသက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံတာကို ကြိုဆိုပါတယ်" လို့ ပြောသွားပါတယ်။
အခုအချိန်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလက စစ်ကောင်စီခေါင်းဆောင်နဲ့ ရထားတဲ့ သဘာတူညီချက် ငါးချက်ကို လက်ခံထားဆဲပဲလားဆိုတာနဲ့ ပတ်သက်ပြီး
"ကျွန်တော်တို့ အားလုံး သဘောတူညီချက် ငါးချက်ကို လက်ခံထားဆဲ ဖြစ်ပါတယ်။ တော်တော်များများကတော့ စိတ်ပျက်နေကြပါတယ်။ အခုဆိုရင် မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာ တစ်နှစ်ကျော် ကြာလာပါပြီ။ အခုအထိတော့ ဘာမှတိုးတက်မှု မရှိပါဘူး။ သဘောတူညီချက် ငါးချက်အရဆိုရင် သက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံဖို့လို့ ခြုံငုံပြီးပြောဆိုထားပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်သူတွေထဲက ဘယ်သူဘယ်ဝါနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတာကို ရွေးချယ်ဖို့ လိုလာပါတယ်။ ဖွဲ့စည်းပုံအရဆိုရင် NUCC က NUG ထက်ပိုပြီး အားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့တွေ အားလုံးအပြင် NUG ကိုယ်တိုင်လည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။"
NUG နဲ့ ဘာကြောင့် ထိတွေ့ဆက်ဆံမှုလိုသလဲ ဆိုတာနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်က
"ပထမဆုံးအနေနဲ့ ကျွန်တော်တို့ စစ်ကောင်စီကို အသိအမှတ်မပြုတာကြောင့်ပါ။ နောက်တစ်ချက်က NUG က မြန်မာပြည်သူတွေ နောက်ဆုံးရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့်ပါ။ ဒါ့အပြင် မြန်မာပြည်သူတွေကိုလည်း စိတ်ဓာတ်ရေးရာအရ အားပေးသင့်တယ်လို့လည်း ထင်ပါတယ်။"
"NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကျွန်တော့်ကို ကြေညာချက်တစ်စောင် ပေးပို့ခဲ့ပါတယ်။ ဒီကြေညာချက်ကို ကျွန်တော် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ထပ်ဆင့်ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်"
ဒီမှာကော NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံပြီးပြီလားလို့ မေးတဲ့အခါမှာတော့
"NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ အခုအစည်းအဝေး မတိုင်ခင်မှာဘဲ တွေ့ပြီးပါပြီ။ ဗွီဒီယိုကွန်ဖရင့်ကနေ တွေ့ဆုံခဲ့တာပါ။ လာမယ့် ၁၄ရက်နေ့မှာတော့ လူကိုယ်တိုင် တွေ့ဆုံဖို့ ရှိပါတယ်။"
အခု ထိပ်သီးညီလာခံမှာရော NUG က ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရမှာလား။
"ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ခုမနက်က အစည်းအဝေးမှာ ကျွန်တော် အဆိုပြုခဲ့တာကတော့ တရားမဝင် ထိတွေ့ဆက်ဆံဖို့ပါ။ ကျွန်တော်တို့ ဝန်ကြီးအများစုကလည်း ဒီမိုကရေစီကို ထောက်ခံသူတွေပါ။ အာဆီယံနိုင်ငံအများစုက ဒီမိုကရေစီနိုင်ငံတွေပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ မနိုင်ဝန်ထမ်းမိတဲ့ လုပ်ရပ်မျိုးကိုလည်း မလုပ်ချင်ပါဘူး။ ဒါကြောင့် လောလောဆယ်မှာ အကောင်းဆုံး ကတော့ NUG နဲ့ ထိတွေ့ဆက်ဆံဖို့ပါ။"