မန္တလေးမှာ ကျူးကျော်အိမ်တွေ အင်အားသုံးဖြိုဖျက်ခံရ


2019.07.12
farmers-622.jpg မန္တလေး၊ ချမ်းမြသာစည် မြို့သစ် ၁ ရပ်ကွက် စည်ပင်သာယာပိုင်မြေပေါ်က ကျူးကျော်အိမ်တွေကို ဇူလိုင်လ ၁၁ ရက်နေ့က မဖြိုဖျက်ခင် စည်ပင်၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ အချေအတင်ပြောဆိုနေစဉ်။
Screen capture/ KOLinHtin Soe/FB Video

မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းအရှေ့ဘက်က ကျူးကျော်နေအိမ်တွေကို ဇူလိုင် ၁၁ ရက်နေ့က စည်ပင်နဲ့ရဲတပ်ဖွဲ့က အင်အားသုံးရှင်းလင်းခဲ့ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့သလို ဒေသခံ ၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်း မြို့သစ် (၁) ရပ်ကွက်၊ ၇၃ လမ်းနဲ့ ရေနီမြောင်း ၁ လမ်းကြားက စည်ပင်သာယာပိုင်မြေပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတဲ့အိမ် ၂၅ဝ ကျော်ကို စည်ပင်နဲ့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့က အင်အားသုံးဖြိုဖျက်ရာက ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ( ၅ ) ဦး နဲ့ ဒေသခံတချို့ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံ ငါးဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ကိုဇော်နုရဲ့ ဇနီးဖြစ်သူ မဖြိုးဖြိုးက အခင်းဖြစ်ပွားစဉ်က အခြေအနေတွေကို ခုလိုပြောပြပါတယ်။

“သူတို့က ပထမဆုံး ဇွတ်တွေလုပ်တာ။ ၁၅ မိနစ်အချိန်ပေးမယ်တဲ့။ ပစ္စည်းတွေသိမ်းတဲ့။ အဲဒီအချိန်မှာ တောင်သူတွေက ဒါတောင်သူပိုင်မြေလို့ ပြောတော့ သူတို့က ခဏငြိမ်နေသေးတယ်။ နောက်ပိုင်း ၁၅ မိနစ်အချိန်ပေးမယ်ပြောပြီး ဇွတ်ဝင်လုပ်တာ စည်ပင်က ခြံစည်းရိုးတွေဖျက်တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တာက သူတို့က လူစုခွဲပြီးတော့ အိမ်တအိမ်ကို ဖျက်တဲ့အချိန်မှာ နောက်က လူထုက လေးခွနဲ့ပစ် ခဲတွေနဲ့ပစ်တော့ ရဲတွေကို မှန်သွားတယ်ပြောတယ်။ အဲဒီကစဖြစ်တာ- သေနတ် ၂ ချက်လောက် ဖောက်တယ်။ ဝရုန်းသုန်းကားဖြစ်ပြီး အဖမ်းခံရတာအကုန်လုံး ။ ကျနော့်အမျိုးသား နဲ့ ဝိုင်းဆွဲသူတွေရယ်ပေါ့ ငါးယောက်အဖမ်းခံရတယ်။ သူကမပစ်ဘူး မပစ်ပေမယ့် သူ့ကိုဦးတည်ပြီး အဓိက ဆွဲခေါ်သွားတာ ”

သူတို့တွေကို တာဝန်ဝတ္တရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မ သုံးခုနဲ့ ဖမ်းဆီးထားကြောင်းနဲ့  မနေ့က ရုံးထုတ်ခဲ့ကြောင်း ဒါပေမယ့် မိသားစုတွေနဲ့ တွေ့ခွင့်မရခဲ့ကြောင်း မဖြိုးဖြိုးက ပြောပါတယ်။

“ ရဲစခန်းက ရဲမေကို အသိတယောက်က လှမ်းမေးတာ အစိုးရဝန်ထမ်းကို နာကျင်စေမှု၊ ဝတ္တရားနှောင့်ယှက်မှု ဆဲဆိုမှု ပုဒ်မ သုံးခုနဲ့တဲ့။ မနေ့က ရုံးထုတ်တယ် ပြောတယ်။ အကိုကြီးသွားတွေ့တော့ မတွေ့ခဲ့ရဘူးပြောတယ်။ ကျမရဲစခန်းကို လိုက်သွားတော့ လူတွေ့လို့မရသေးဘူး ။ ထမင်းတွေဘာတွေပေးခဲ့မယ်ဆိုတော့ ရဲကိုပဲ ပေးခဲ့တဲ့”

ဇူလိုင် ၁၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ဒေသခံတွေကို ဖမ်းဆီးထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ်  အမှတ် ၁ဝ မြို့မရဲစခန်းနဲ့ အမှတ် ၁၁ နယ်မြေရဲစခန်းကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရဲနဲ့စည်ပင်က အင်အားသုံးဖြိုဖျက်မှုကြောင့် အဲဒီနေ့က အိမ်အလုံး ၅ဝ ကျော်လောက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ် အိမ်ဖျက်ဆီးခံလိုက်ရတဲ့သူတွေဟာ နေစရာမရှိဖြစ်နေတယ်လို့လဲ ဆိုပါတယ်။  ဒီကျူးကျော်နေအိမ်တွေကို အင်အားသုံးဖြိုဖျက်ခဲ့တာနဲ့ပတ်သက်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဦးရဲမြတ်သူကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ ဒါတွေက ကျနော်တို့က အစိုးရအဆင့်နဲ့ပဲ လုပ်လို့ရတာ စည်ပင်က လုပ်လို့ရတာက လမ်းဘေးက တွန်းလှည်းတွေဘာတွေပဲ ဖယ်လို့ရတာ။ မြေနေရာကို ကျနော်တို့ဖယ်ခွင့်မရှိဘူး ။ ရှိရှိသမျှမြေတွေကို သိမ်းရင်လည်း အပေါ်ကနေပြီး သိမ်းပါဆိုရင် စည်ပင်အတွင်းရေးမှူးက ပယ်ဖျက်လိုက်ပါပြီလို့ ဒီလိုပဲပြောရတာ။ စာတွေအားလုံးက စည်ပင်ကစာနဲ့ပဲ ထုတ်တာ”

ဒီကျူးကျော်နေအိမ်အတွက် အစားထိုးမြေနေရာပြန်ပေးဖို့ အစီအစဉ်ရှိပါသလားလို့ဆိုတော့  ဦးရဲမြတ်သူက ခုလိုပြောပါတယ်။

“မရှိပါဘူး။ ကျနော်တို့မှာ ပေးစရာမြေလည်း မရှိပါဘူး။ တိုက်ခန်းလည်း မရှိဘူး။ ဘာမှမရှိပါဘူး။ ဘယ်သူမှ ဘယ်တုန်းကမှလည်း မပေးခဲ့ဘူး။ ရှေ့မှာဖျက်တာတွေလည်း မပေးခဲ့ဘူး”

အခုလို ကျူးကျော်အိမ်တွေကို အင်အားသုံးဖြိုဖျက်ခဲ့တဲ့အပေါ် တိုင်းလွှတ်တော်အမတ် ဦးမြင့်အောင်မိုးကို ဆက်သွယ်မေးမြန်းတော့ မအားသေးလို့ မဖြေကြားနိုင်သေးကြောင်း ပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အဲဒီနေရာက ကျူးကျော်အိမ်တွေကို ဖယ်ရှားပေးဖို့အတွက် သတိပေးစာ နှစ်ကြိမ်ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို သတိပေးစာတွေ ပေးပို့ခဲ့ပေမယ့် ကျူးကျော်တွေက ဖယ်ရှားဖို့ငြင်းဆန်နေခဲ့တဲ့နောက် အခုလို စည်ပင်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး လာရောက်ဖြိုဖျက်ခဲ့တာလို့လည်း သိရပါတယ်။

( RFA ဝိုင်းတော်သူ မနန္ဒာချမ်းရဲ့သတင်းကို RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။