အာဆီယံသဘောတူညီချက်ငါးရပ် တစ်နှစ်ပြည့်တဲ့အထိ စစ်ကောင်စီ မဖော်ဆောင်နိုင်

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေကိုဖြေရှင်းဖို့ အာဆီယံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် သဘောတူညီချက်ငါးရပ်ကို ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်နေ့က ချမှတ်ခဲ့တာ အခုဆိုရင်တစ်နှစ်ပြည့်ပါပြီ။ဒါပေမဲ့အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက၊ ရန်ကုန်မြို့က မွတ်စလင်ကုသိုလ်ဖြစ်ဆေးခန်းကို သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ ဇနီးတို့ကိုတွေ့ရစဉ်

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေကိုဖြေရှင်းဖို့ အာဆီယံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် သဘောတူညီချက်ငါးရပ်ကို ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်နေ့က ချမှတ်ခဲ့တာ အခုဆိုရင်တစ်နှစ်ပြည့်ပါပြီ။

ဒါပေမဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ဧပြီလ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြီး ပြောလိုက်ပါတယ်။

အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိုတောင် အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် အာဆီယံအနေနဲ့ ကိုယ်ချမှတ်ထားတဲ့မူဘောင်တွေအပေါ် ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာသံတမန် ဦးဘိုလှတင့်က ပြောပါတယ်။

“မှန်ပါတယ်။ ဒီအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ ဒီတစ်နှစ်အတွင်းမှာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အကြမ်းဖက်မှုရပ်တန့်ရေးကိုလည်း မဆောင်ရွက်နိုင်ဘူး။ ဒုတိယအဆင့်ဖြစ်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်းပဲ စနစ်တကျမဖြန့်ဖြူးနိုင်ဘူး။ သက်ဆိုင်ရာနိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရေးဆိုတဲ့ကိစ္စမှာလည်း တစ်စုံတစ်ရာ ထိရောက်တဲ့ဆောင်ရွက်ချက်မျိုး ဆောင်ရွက်နိုင်တာမရှိဘူးဆိုတဲ့အတွက် အာဆီယံခေါင်းဆောင်မှု အနေနဲ့ကတော့ ဒါကိုလေးလေးနက်နက် ပြန်မသုံးသပ်ဘူးဆိုရင် အာဆီယံခေါင်းဆောင်မှုကိုယ်တိုင်က ကိုယ်ချမှတ်ထားတဲ့ ပေါ်လစီလို့ပဲခေါ်ခေါ်၊ မူဘောင်တွေလို့ပဲဆိုဆို ဒါတွေကို အလေးအနက်မထားတဲ့ သဘောပဲဖြစ်မယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။”

(၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အာဆီယံအစည်းအဝေးကို သွားရောက်တက်ခဲ့တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ တွေ့ရစဉ်။/Photo-AFP)

စစ်ခေါင်းဆောင်ကိုယ်တိုင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လက်မှတ်ရေးထိုးပြီးနောက် ဒီတစ်နှစ်အတွင်းမှာပဲ စစ်ကောင်စီက တိုင်းရင်းသားဒေသတွေနဲ့ သူတို့ကို ခုခံတော်လှန်နေတဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ အားကောင်းရာဒေသတွေကို မြေပြင်တင်မက ဝေဟင်ကနေပါ ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲပဲလို့ ပြည်တွင်း၊ ပြည်ပလေ့လာသူတွေက ထောက်ပြပါတယ်။

ဒါ့အပြင် မြို့ပေါ်က အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်တွေကိုလည်း ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက်ဖြိုခွဲတာ၊ ဆန္ဒပြလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးတာ၊ ကျေးရွာတွေကို မီးရှို့တာတွေ ဆက်ရှိနေဆဲပါ။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR ရဲ့ ဥက္ကဋ္ဌ Charles Santiago က ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ ပေးထားတဲ့ ကတိကဝတ်တွေကို တစ်စုံတရာ လိုက်နာဖို့ ပျက်ကွက်တဲ့အပြင် တရားလက်လွတ်သတ်ဖြတ်တာ၊ စနစ်တကျညှဉ်းပန်းနှိပ်စက်တာ၊ အရပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ ရွာတွေကို ပြာကျတဲ့အထိ မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဝေဖန်ပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက် ချမှတ်ခဲ့တာ တစ်နှစ်ပြည့်ခါနီး နှစ်ရက်အလိုမှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကို ကိုယ်တိုင်တွေ့ဆုံမယ်လို့ ဧပြီ ၂၂ ရက်နေ့က ပြောလာပါတယ်။

“ဒီ၂ဝ၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်တွေကိုတွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်များအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်"

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရင်က အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကို ထောက်ခံအားပေးနေတဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့ မကြာခဏ ပြောလေ့ရှိပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ NUG၊ PDF တို့နဲ့တော့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။

စစ်ခေါင်းဆောင်က အခုချိန်မှာ ပြန်ပြောင်းပြောလာတာဟာ အာဆီယံအပါအဝင် ပြည်တွင်းလက်နက်ကိုင်တွေနဲ့ နိုင်ငံတကာက ဖိအားတွေကြောင့် ဟန်ပြသပ်သပ်ပြောဆိုတာလို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် ဟန်ပြသပ်သပ် လုပ်တာ ပိုဖြစ်နိုင်တယ်၊ တကယ်တမ်း သူ ငြိမ်းချမ်းရေးဖြစ်စေချင်တယ်၊ တိုင်းပြည်အတွင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောဆွေးနွေးတာ လုပ်မယ်ဆိုရင် ဒီအခြေအနေအထိ ရောက်စရာအကြောင်း မရှိဘူး၊ သူဆွေးနွေးဖို့သာ ပြောနေတာ တစ်ရက် တစ်ရက်ကတော့ တိုက်ပွဲတွေက ရပ်မှမရပ်တာ၊ အိမ်တွေ မီးရှို့တာ၊ ဗုံး ကြဲတာတွေက နေ့တိုင်းနီးပါး ဆက်လုပ်နေသေးတာဆိုတော့။ တကယ်တမ်း တွေ့ဆုံဆွေးနွေးဖို့ လိုလားတယ်ဆိုရင် အပစ်ခတ်ရပ်စဲရေးက ပထမဆုံး လုပ်ရမှာ၊ ပြီးရင် ရှိနေတဲ့ စစ်တပ်တွေနဲ့ တိုက်ခိုက်နေတာတွေ ရပ်ပစ်လိုက်ဖို့လိုတယ်၊ တကယ် တွေ့ဆုံဆွေးနွေးဖို့ စေတနာရှိတယ်ဆိုရင် ရှိနေတဲ့ အဖွဲ့အစည်းတွေ၊ အင်အားစုတွေအားလုံးကို အသိအမှတ်ပြုပြီး ဆွေးနွေးဖို့ လိုတယ်။ ဘယ်လောက်ပဲ ဆန့်ကျင်ဘက်ဖြစ်ဖြစ်၊ တကယ်တမ်း သူ့ရဲ့စေတနာမှန်ခဲ့တယ်ဆိုရင်ပေါ့။ အခုလောလောဆယ်တော့ သူ့ရဲ့စေတနာမှန်တယ်လို့ မတေ့ွဘူး။ ဒီတစ်နှစ်အတွင်းမှာ အာဆီယံရဲ့သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ သူ့အနေနဲ့ ဆန္ဒရှိတယ်လို့ကို ကျွန်တော် မထင်ဘူး”

အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ HRW နဲ့ ဗြိတိန်အခြေစိုက် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI တို့ကလည်း တစ်နှစ်ကြာပေမယ့် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ အောင်မြင်မှု မရှိကြောင်း၊ အာဆီယံအနေနဲ့ စစ်ကောင်စီကို အကြမ်းဖက်မှုတွေက ချက်ချင်းရပ်ဖို့ တောင်းဆိုရမှာဖြစ်သလို အချက် ၅ ချက်ကို အကောင်အထည် အမြန်ဖော်ဖို့ တောင်းဆိုရမယ်လို့ ဧပြီလ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြီး ပြောလိုက်ပါတယ်။ ဒီလိုဝေဖန်ထောက်ပြမှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ရာမှာ ဧပြီ ၂၈ ရက်နေ့က ဖုန်းလက်ခံဖြေဆိုရာမှာတော့ အာဆီယံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်နိုင်ဘူးဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေနဲ့ပတ်သက်လို့ ငြင်းဆိုပါတယ်။

“ဒါ သူတို့ဘက်က အမြင်ပါပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပြီးနောက်မှာ အာဆီယံအထူးကိုယ်စားလှယ်လာတယ်၊ အခုအာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ရုံးအကြီးအကဲဖြစ်တဲ့ ဒုတိယဝန်ကြီးအဆင့်ရှိတဲ့သူလာတယ်၊ မြန်မာနိုင်ငံမှာ အဓိကတော့ ဆွေးနွေးနိုင်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပဲ၊ သူတို့အနေနဲ့လည်း ယူဆတာက မြန်မာနိုင်ငံမှာ အခုလက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကမှတဆင့် သွားရမယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ဦးဆောင်မှုနဲ့ပဲ သွားမယ်၊ ဒါတွေကို ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးပဲ သဘောတူထားပြီးဖြစ်တယ်၊ ဒါတွေကို ဆောင်ရွက်လျက်ရှိတယ်။”

တပ်မတော်သားအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို တစ်နှစ်အတွင်း ဘယ်လောက်ထိ အကောင် အထည်ဖော်နိုင်သလဲဆိုတာ ပြောဖို့ခက်ပေမယ့် ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း တပ်ဘက်က သွားနေတယ်လို့ ပြောပါတယ်။

“ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်းသွားနေတယ်။ သို့သော်ဘယ်လောက်ရာခိုင်နှုန်း ပြီးသွားတယ်ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ငြိမ်းချမ်းရေးလို့ပြောတဲ့နေရာမှာ အစိုးရဘက်က ဘယ်လောက်ထိလျော့ပေးနိုင်မလဲ။ ဘာတွေလိုက်လျောမလဲ။ အထူးသဖြင့် ဒါလူ့အခွင့်အရေး၊ တိုင်းရင်းသားအရေး၊ ဘာညာခေါင်းစဉ်တွေ မျိုးစုံတပ်ကြတယ်။ ပြဿနာက တစ်ဖက်တည်းကို သွားကြည့်ပြီးတော့ တစ်ဖက်တည်းကိုပဲ လုပ်ခိုင်းလိုက်လို့ ငြိမ်းချမ်းရေးဆိုတဲ့ Process က ပြည့်စုံသွားတာမဟုတ်ဘူး။ အစိုးရဘက်ကကော၊ တပ်ဘက်ကကော တစ်ဖက်သတ်ရပ်စဲတာတွေ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဖိတ်ခေါ်တာတွေရှိတယ်။ EAOs တွေဘက်က တုံ့ပြန်မှု-အဲ့ဒါကတော့ ကျွန်တော်တို့အနေနဲ့အခုထက်ထိ လုံးဝအားရတဲ့အပိုင်းမှာ မရှိသေးဘူး။ အဲ့ဒီ EAOs တွေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဆင်ပြေပြေဖြစ်လာနိုင်အောင် ဘယ်သူတွေကကော တွန်းအားပေးလို့ ရသေးတာလဲ။ နိုင်ငံတကာကကော အဲ့ဒါနဲ့ပတ်သက်ပြီး ဘာပြောချင်လဲဆိုတာတော့ မေးခွန်းထပ်ပေါ်လာမှာပေါ့။”

စစ်ကောင်စီ ခန့်အပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က အာဆီယံဘုံသဘောတူညီချက် ၅ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ဆန္ဒရှိပြီး အာဆီယံရဲ့ ခိုင်မာတဲ့ ထောက်ခံမှုကို မျှော်လင့်ကြောင်း ဧပြီ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံခြားရေ ဒုတိယဝန်ကြီးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ရုံးအကြီးအကဲ Dr. Kung Phoak နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

Dr.Kung Phoak ကလည်း အာဆီယံဘုံသဘောတူညီချက် (၅)ချက်ကို မြန်မာနိုင်ငံက အကောင်အထည်ဖော်နိုင်အောင်ကမ္ဘောဒီးယားနိုင်ငံက ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကူညီနေတာကို ပြသလိုကြောင်း ပြောခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာအကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံအပါအဝင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝိုင်းဝန်းတိုက်တွန်းခဲ့ပါတယ်။

ဒီအချက်တွေကို အကောင်အထည်မဖော်နိုင်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက ထိခိုက်နစ်နာမှုတွေ အများဆုံးခံရမှာဖြစ်တယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက်အားဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အခြေအနေပြောင်းလဲဖို့ အဖြေက ရချင်မှရလိမ့်မယ်။ ဒါပေမဲ့ ဒီဘုံသဘောတူညီချက်တွေကို implement မလုပ်နိုင်တာက မြန်မာနိုင်ငံအခြေအနေကို ပိုဆိုးသွားစေတယ်။ ဆိုလိုချင်တာက လက်ရှိအခြေအနေဆိုရင် အခုတစ်နှစ်ကြာခဲ့ပြီ နောက်တစ်နှစ်ခွဲဖြစ်တော့မယ် ဒီကာလ ကြာလာတာနဲ့အမျှ ဥပမာကြည့်မယ်ဆိုရင် ကျောင်းမတက်ရတဲ့ ကလေးတွေများလာမယ်။”

လက်နက်ကိုင်ပဋိပက္ခအသွင်ကနေ တခြားနိုင်ငံရေးပဋိပက္ခသဘောတရား ဒါမှမဟုတ် ငြင်းခုန်ဆွေးနွေးတဲ့သဘောတရားပုံစံမျိုး မပြောင်းနိုင်ဘူးဆိုရင် တခြားထိခိုက်နစ်နာမယ့်အခြေအနေက အရမ်းများလွန်းတယ်။

“သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အမျိုးသမီးတွေ၊ မွေးကင်းစကလေးတွေ၊ ကလေးသူငယ်တွေ ဒါတွေက လူမှုကာကွယ်စောင့်ရှောက်မှု မရကြတာ ကြာပြီ။ မွေးကင်းစကလေးတွေ ကာကွယ်ဆေး မရတဲ့အစီအစဉ်တွေ ရပ်သွားတာရှိတယ်။ ဒါတွေက ပြည်သူလူထုတွေ ထိမှာ၊ ပြီးတော့ ဒီပဋိပက္ခတွေမှာ မပါဝင်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးထိကြမှာပေါ့။ အကြမ်းဖက်မှုတွေ မရပ်နိုင်ဘူး၊ လက်နက်ကိုင်ပဋိပက္ခအသွင်ကနေ တခြားနိုင်ငံရေးပဋိပက္ခသဘောတရား ဒါမှမဟုတ် ငြင်းခုန်ဆွေးနွေးတဲ့သဘောတရားပုံစံမျိုး မပြောင်းနိုင်ဘူးဆိုရင် တခြားထိခိုက်နစ်နာမယ့်အခြေအနေက အရမ်းများလွန်းတယ်။ အာဆီယံရဲ့ အဓိက ငါးချက်ကို implement မလုပ်နိုင်တာက လူထုအပေါ်မှာ ထိခိုက်နစ်နာမှု အရမ်းများနိုင်တယ်၊ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ implement လုပ်နိုင်ရင်တောင် နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအားလုံး လက်ခံနိုင်တဲ့ အဖြေကိုတော့ ဒီငါးချက်က ရှာတွေ့နိုင်ဦးမှာ မဟုတ်ဘူး၊ တခြားနည်းလမ်းတစ်ခုခုတော့ ထပ်လိုဦးမယ်။”

ဒီသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူတွေအားလုံး ဆွေးနွေးကြဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့၊ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့မြန်မာပြည်ကို စေလွှတ်ဖို့နဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့ ဆိုတဲ့အချက်တွေပါဝင်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။/photo-Myanmar Military

ဒီအချက်အတိုင်း ၂ဝ၂၂ ခုနှစ်၊ မတ်လအတွင်း အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ပထမဆုံးအကြိမ် ၃ရက်ကြာ မြန်မာပြည် မြန်မာခရီးစဉ်လာရောက်ခဲ့ပေမယ့် NUG၊ NUCC စတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခွင့်မရသလို ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့လည်း တွေ့ခွင့်မရဘဲ စစ်တပ်နဲ့တစ်ဖက်သတ် တွေ့ဆုံမှုတွေသာရှိခဲ့တာကြောင့် ထိရောက်တဲ့ ရလဒ်မရှိခဲ့ဘူးလို့ ပြည်တွင်း၊ ပြည်ပနိုင်ငံရေးလေ့လာသူတွေက ဝေဖန်ခဲ့ကြပါတယ်။

အာဆီယံအနေနဲ့ ချမှတ်ထားတဲ့ အချက်တွေကိုမလိုက်နာရင် အဖွဲ့ဝင်နိုင်ငံတွေအပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်တာတွေ မလုပ်နိုင်တဲ့အတွက် မြန်မာ့အရေးအတွက် အာဆီယံတစ်ခုတည်းကို အားကိုးလို့မရဘဲ နိုင်ငံတကာအနေနဲ့ပိုပြီးထိရောက်တဲ့ နည်းနာတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ နိုင်ငံရေးလေ့လာသူတွေက တိုက်တွန်းကြကြောင်း တင်ပြလိုက်ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org