မြေစီမံခန့်ခွဲမှုဥပဒေသစ်အရ လျှောက်ထားခွင့်နောက်ဆုံးနေ့


2019.03.11
land-622.jpg သိမ်းဆည်းထားတဲ့ လယ်မြေအချို့ကို တွေ့ရစဉ်
Photo: RFA

မြေလွတ်မြေလပ်မြေရိုင်းတွေကို ၆ လအတွင်း လုပ်ပိုင်ခွင့်တွေ ပြန်လည်လျှောက်ထားရမယ်ဆိုတဲ့ မြေစီမံခန့်ခွဲမှု ဥပဒေသစ်အရ မတ်လ ၁၁ ရက် ဒီနေ့ဟာ လျှောက်ထားခွင့်ပြုတဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။

ဒီဥပဒေသစ်ကို ပြည်ပအဖွဲ့အစည်းတချို့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေက ကန့်ကွက်နေတဲ့အကြောင်း RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။

■ HRW လူ့အခွင့်အရေးအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မြေယာအရေး၊ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဒီမြေစီမံခန့်ခွဲမှုဥပဒေသစ်ကို ကန့်ကွက်ကြပြီး အသစ် ပြန်လည်ရေးဆွဲဖို့ တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြုလိုက်တဲ့ ဥပဒေသစ် ကို အမြန်ဆုံး ဆိုင်းငံ့ထားသင့်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ ချင်းတိုင်းရင်းသားဒေသတွေနဲ့ လုံးဝကိုက်ညီမှုမရှိဘူးလို့ ချင်းမြေယာဆိုင်ရာကွန်ယက် က ဦးမာန်တပ် က ပြောပါတယ်။

"ဒီအစိုးရကနေ မြေယာပိုင်ဆိုင်မှုကို ဥပဒေဆွဲပြီးတော့ ကျနော်တို့ကို အတင်းအဲထဲကို သွတ်သွင်းတယ်လို့ပဲ ယူဆတယ်၊ ကျနော်တို့ ဘိုးဘွားပိုင်မြေတွေ၊ မြေလွတ် မြေလတ် မြေရိုင်းလည်း မဟုတ်ဘူးလေ၊ ဒီဥပဒေ ကကို ကျနော်တို့နဲ့ အကုန်လုံးမကိုက်တာ၊ ကျနော်တို့တော့ အသစ်ကိုရေးဆွဲမယ်"

ချင်းပြည်နယ် ဓလေ့ထုံးစံအရ ဘိုးဘွားတွေကနေ အဆင့်ဆင့် အမွေပေးခဲ့ကြတာဖြစ်ပြီး ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာတဲ့ ဘိုးဘွားပိုင်မြေတွေသာရှိကြောင်းလည်း ပြောပါတယ်။

၂၀၁၈ စက်တင်ဘာ ၁၁ ရက်နေ့က ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေသစ်မှာ မြေယာတွေကို သတ်မှတ်ရက်အတွင်း မလျှောက်ဘဲ အသုံးပြုရင် ထောင်ဒဏ် ၂ နှစ်အထိ ဒါမှမဟုတ် ဒဏ်ငွေ ၅ သိန်းကျခံမှာဖြစ်ပြီး မြေလည်းသိမ်းယူခံရမယ်ဆိုတဲ့ ပြစ်ဒဏ်ကိုလည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

အဲဒီဥပဒေဟာ တိုင်းရင်းသားအများစုရဲ့ သဘောထားရယူမှုမရှိသလို ဆွေးနွေးမှုလည်းမရှိ၊ ပွင့်လင်းမြင်သာမှု လည်းမရှိဘဲ တစ်ဖက်သတ်ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေကြောင်း ရှမ်းပြည်နယ် က ဒေသခံအရပ်ဖက်အဖွဲ့တွေက သဘောထားထုတ်ပြန်ထားပါတယ်။

အဲဒီဥပဒေပါအချက်တစ်ချို့ဟာ တိုင်းရင်းသားပြည်သူတွေရဲ့ မိရိုးဖလာမြေယာပိုင်ဆိုင်မှုတွေကို အတင်း အဓ္ဓမဝင်ရောက် ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တာကြောင့် အစိုးရရဲ့ အဲဒီဥပဒေကို မကြောက်ကြဖို့နဲ့ မလိုက်နာကြဖို့ တအာင်းပြည်နယ်တွင်းက ပြည်သူတွေကို ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

နမ့်ဆန်မြို့နယ် တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဘသောင်း က အခုလိုပြောပါတယ်။

"မြေလွတ်မြေရိုင်းဆိုတာလည်း မရှိပါဘူး၊ အကုန်လုံးသူ့အပိုင်နဲ့သူပဲလေ၊ အဲလိုမရှိတဲ့အတွက်ကြောင့်လည်း ဒီဥပဒေဟာ နမ့်ဆန်မြို့နယ်နဲ့ မသက်ဆိုင်ကြောင်းလည်း စာထုတ်ပြန်ထားပါတယ်"

တိုင်းရင်းသားတွေအတွက် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ မြေယာလုပ်ပိုင်ခွင့်ဟာ ဥပဒေမှာ ပေးထားပြီးသားဖြစ်ကြောင်း အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးစိုးဝင်း က အခုလို ပြောပါတယ်။

"မြေလွတ်မြေလပ်မြေရိုင်းများဆိုတဲ့အဓိပ္ပာယ်မှာ ဒီတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ မြေတွေမပါဘူး၊ ဥပဒေအရဆိုရင် တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာမြေတွေ ဘယ်မြို့နယ်၊ ဘယ်နေရာမှာ ဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျဖော်ထုတ်ဖို့ လုပ်ငန်းစဉ်တွေလည်း လိုတယ်၊ အဲဒါမှ လည်း သူတို့က စိတ်ချလက်ချဖြစ်မယ်၊ သူတို့ဘက်ကပြောတာမှန်တယ်၊ ခုကအဲလိုတိတိကျကျဖော် ထုတ်နိုင်တဲ့အဆင့် မရောက်သေးဘူး၊ ဌာနကလုပ်ရမယ့်လုပ်ငန်းစဉ်တွေ နည်းနည်းနှေးကွေးနေတယ်လို့ ပြောရမှာပေါ့"

ပေးထားတဲ့အချိန် ၆ လအတွင်း မလျှောက်ထားဖြစ်ခဲ့ဘဲ မြေယာတွေကို အသုံးပြုနေခဲ့ရင်တောင် သိတဲ့ အချိန်မှာ ပြန်လည်လျှောက်ထားလို့ရတဲ့ အခွင့်အရေးလည်း ဥပဒေမှာ ပေးထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်း က RFA ကို ပြောပါတယ်။

" ၆ လကတော့ ဥပဒေအရပေါ့နော်၊ ဒါပေမဲ့ မြေလွတ်မြေရိုင်းကို ရယူထားသူက ဒီ ၆ လအတွင်း မလျှောက်ဖြစ် ရင်တောင်မှ တကယ်လို့များ ကွင်းဆင်းတွေ့ရှိတဲ့အခါမှာဖြစ်ဖြစ်၊ တစ်ခြားတစ်ယောက်က သူ့မြေကိုလျှောက်ထား တဲ့နေရာမှဖြစ်ဖြစ်၊ အဲချိန်ကျမှ သူကမြေလွတ်မြေရိုင်းမှန်းသိပြီးတော့ အဲကျမှလျှောက်မယ်ဆိုရင်လည်း ဥပဒေအရ ရသေးတယ်"

ဒါ့အပြင် ဒေသအခြေအနေနဲ့ အသိနောက်ကျလို့ သတ်မှတ်ချိန်ကျော်ပြီးမှ လာရောက်လျှောက်ထားမယ် ဆိုရင်လည်း လက်ခံသွားမှာဖြစ်တယ်လို့ ဦးမျိုးတင့်ထွန်း က ပြောပါတယ်။

ဒါပေမဲ့ သတ်မှတ်ရက်အတွင်း မလျှောက်ထားဘဲ မြေယာကို အသုံးပြုနေခဲ့ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ အရေးယူမယ့်အကြောင်းလည်း ဥပဒေမှာပါရှိနေပါတယ်။

ဥပဒေမှာ အားနည်းချက်တွေ အများကြီးရှိတဲ့အတွက် အသစ်ပြန်လည်ရေးဆွဲဖို့သာ ဆန္ဒရှိကြောင်း တောင်သူ လယ်သမား အရေးကူညီဆောင်ရွက်ပေးနေသူ ဦးဇော်ရမ်း က ပြောပါတယ်။

"ဥပဒေက အားနည်းချက်တွေ အများကြီးရှိတယ်ဗျ၊ လက်ရှိအတိုင်းဆက်သွားမယ်ဆိုရင်တော့ ပြဿနာပေါင်းစုံ ဆက်တက်နေမှာပဲ၊ အသစ်ကို အစ အဆုံး ပြန်ဆွဲမှရမှာ"

ဒါ့အပြင် ဒီဥပဒေအရဆိုရင် နယ်မြေမတည်ငြိမ်တဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ရသူတွေဟာ သူတို့ရဲ့ မြေယာတွေကို အလိုအလျောက်ဆုံးရှုံးရမယ့် အခြေအနေဖြစ်နေကြောင်း ထောက်ပြ ဝေဖန်နေသူတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။