ကျောက်ဖြူမှာ စာမေးပွဲဖြေပြီးပြန်လာသူ ရှစ်ဦးအပါအဝင် ၁၁ ဦး အဖမ်းခံရ

မတ်လ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စာစစ်ဌာနအသီးသီးကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မယ့် ကျောင်းသူ၊ ကျောင်းသား ရှစ်ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးကို စက်လှေဆိပ် မရောက်ခင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ အသက် ၂၀ အရွယ် ကျောင်းသူ ငါးဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး စုစုပေါင်း အမျိုးသမီး ခုနစ်ဦး ပါဝင်ပါတယ်။

"ဝင်ကတည်းက သူတို့ခွင့်ပြုချက်နဲ့ ဝင်ရတဲ့ကိစ္စလေ၊ ပညာရေးဌာနတွေရဲ့ စာရင်းဇယားတွေလည်း ရှိတယ်။ ပြန်ထွက်တဲ့အခါလည်း လွတ်လွတ်လပ်လပ် ဖြစ်သင့်တယ်"

အဖမ်းခံရသူတွေကတော့ အသက် ၂၀ အရွယ် ကညင်တောကျေးရွာက ကိုမင်းထက်နိုင်၊ မနှင်းအိနွယ်နဲ့ မယုဝါလှိုင်၊ ရွှေညိုမရွာက ကိုမျိုးမြင့်ဆွေ၊ ကိုဇော်မျိုးနိုင်နဲ့ မမိုးသက်နွယ်၊ ချောင်းကြီးဖျားရွာက မသူဇာရည်နဲ့ မခင်စုလှိုင်တို့ ဖြစ်ပါတယ်။

နောက်ထပ်အဖမ်းခံရသူ အရပ်သား သုံးဦးကတော့ ရွှေညိုမကျေးရွာကပဲ အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ဒေါ်သန်းမေ၊ ဒေါ်မရွှေဝါနဲ့ ဦးခင်ကျော်သန်း တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့အားလုံး နေရပ်ပြန်ဖို့ ကျောက်ဖြူမြို့က ဂျပန်မဆိပ်ကမ်းကိုအသွား ဆားပြင်ရပ်ကွက်အနီးက မီးလောင်ကွင်းလို့ခေါ်တဲ့ နေရာအရောက်မှာ စစ်ကောင်စီတပ်သား သုံးဆယ်ကျော် ရုတ်တရက်ရောက်လာပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စာမေးပွဲဖြေဖို့လာချိန်မှာ ကျောက်ဖြူမြို့ထဲ ဝင်ခွင့်ရပြီး ရွာတွေကိုပြန်ချိန်ကျမှ စက်လှေဆိပ်စောင့် စစ်သားတွေရဲ့ ဖမ်းဆီးခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စာမေးပွဲ လာဖြေတယ်။ ဝင်တဲ့အခါ ဝင်လို့ရတယ်။ ထွက်တဲ့အခါကျတော့ တရားဝင် သွားခွင့်မရဘူးလို့ ကြားတယ်။ အဲဒါကို သူတို့က သွားခွင့်မရတဲ့အခါ ညပိုင်းကို ခိုးပြီးထွက်ဖို့ လုပ်တယ်။ လုပ်တဲ့အခါ အဖမ်းခံရတယ်လို့ ကြားတယ်"

အခုနောက်ပိုင်းမှာ ကျောက်ဖြူမြို့နယ်ကနေ မြို့နယ်ပြင်ပကို ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေရဲ့ ခွင့်ပြုချက်ထောက်ခံစာပါမှသာ သွားလာခွင့်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အခုအဖမ်းခံရသူတွေဟာ မြို့နယ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ပါရှိပေမယ့် စက်လှေဆိပ်မှာ မြို့အဝင်၊ အထွက်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ စစ်သားတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာလို့ နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"သူတို့ ထောက်ခံစာပေးတယ်။ ထောက်ခံစာပေးပြီးတော့ အဲဒီထောက်စာနဲ့သွားတဲ့အချိန်မှာ အထက်က ဘယ်လိုပြောမလဲ မယကရုံးက ပေးတာပေါ့။ ထွေအုပ်တွေဘာတွေက ပေးတယ်။ ဒါပေမဲ့ ဒီမှာက ကမ်းနားမှာ စောင့်နေတဲ့ စစ်သားအဖွဲ့တွေက မသွားရဘူး (ဆိုပြီး) သူတို့က ပိတ်ထားတယ်လေ။ ဆိုတော့ မသွားရဆိုပြီး ပြန်လွှတ်လိုက်တယ်။ ညခိုးပြီးသွားကြတယ်။ အဲဒါတွေကို ဖမ်းတယ်"

သူတို့အားလုံးကို ကျောက်ဖြူမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့် မပေးဘူးလို့လည်း အဲဒီအမျိုးသမီးက ပြောပါတယ်။

အခု အဖမ်းခံထားရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အရပ်သားသုံးဦး ဆွေမျိုးတော်စပ်မှု ရှိ၊ မရှိ ဆိုတာ အတိအကျ မသိရသေးပါဘူး။ အဖမ်းခံရသူတွေရဲ့ အသေးစိတ်အခြေအနေ သိရဖို့ မိသားစုဝင်တွေကို RFA က ကြိုးစား ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ ဂျပန်မဆိပ်ကမ်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
ကျောက်ဖြူမြို့နယ်ရှိ ဂျပန်မဆိပ်ကမ်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

တိုင်းပြည်အနေအထားကြောင့် ဘယ်လောက်ပဲ သွားလာခွင့်တင်းကျပ်ပါစေ စာမေးပွဲလာဖြေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုတော့ မဖမ်းဆီးသင့်ဘူးလို့လည်း နောက်ထပ် ကျောက်ဖြူမြို့ ဒေသခံတစ်ဦးက ပြောပါ တယ်။

"ဒီဟာလည်းပဲ ဝင်ကတည်းက သူတို့ခွင့်ပြုချက်နဲ့ ဝင်ရတဲ့ကိစ္စလေ၊ ပညာရေးဌာနတွေရဲ့ စာရင်းဇယားတွေလည်း ရှိတယ်။ ပြန်ထွက်တဲ့အခါလည်း လွတ်လွတ်လပ်လပ် ဖြစ်သင့်တယ်။ သို့သော်လည်းပဲ ဒီမြို့ကို စောင့်နေတဲ့ စစ်တပ်တွေ၊ ရဲတွေက ဘယ်လိုသံသယကြောင့် ဘယ်လိုအထောက်အထားတွေကြောင့် အဲဒီလို လုပ်ရတာလဲဆိုတာကို ကျွန်တော်လည်း မပြောနိုင်ပေမယ့် ဒီဟာက လုံးဝကို မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်"

ကျောက်ဖြူမြို့ပေါ်ကို စာမေးပွဲလာဖြေတဲ့ ကျေးရွာအသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေဟာ မြို့ပေါ်မှာ နေထိုင်စားသောက်စားရိတ် ကြီးတာကြောင့် စာမေးပွဲပြီးတာနဲ့ ချက်ချင်း နေရပ်ပြန်လေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

စာမေးပွဲဖြေပြီး နေရပ်ပြန်မယ့် ကျောင်းသူ၊ ကျောင်းသားတွေ အဖမ်းခံထားရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ် အိုးတင်ဆိပ်ကမ်းနဲ့ ငလပွိဆိပ်ကမ်းတွေကနေ နေရပ်ပြန်ကြတဲ့ ဒေသခံ ဆယ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ထောင်ခြောက်လစီ ချမှတ်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့တွေကို စတင်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်လာပြီး သုံးလအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်၊ မြို့ခုနစ်မြို့ကို သိမ်းယူထားကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း ရမ်းဗြဲ၊ ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင် မြို့တွေကို သိမ်းနိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီဘက်ကလည်း ရခိုင်ပြည်နယ် နေရာအနှံ့မှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။