ကိုရီးယားထွက်ပြီး အလုပ်လုပ်မယ့်သူတွေထဲ အမျိုးသမီးငယ်တွေ ပိုများလာ
ကိုရီးယားထွက်ပြီး အလုပ်လုပ်ဖို့ တန်းစီတိုးနေသူတွေထဲမှာ အမျိုးသမီးတွေ ပိုများလာတာပါ။ ၂၀၂၄ ခုနှစ်ကျမှ မြန်မာအမျိုးသမီးတွေရရှိတဲ့ ပထမဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။
-
RFA Burmese
2024-04-01 -
-
-
Updated 7:45 PM April 1, 2024
ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီရုံးရှေ့မှာ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲဖြေဖို့အတွက် မှတ်ပုံတင်ကြေးသွင်းနိုင်ရေး လူငယ်တွေ အလုအယက် တန်းစီ တိုးနေကြပါတယ်။
မတ်လ ၁၉ ရက်ကနေ ဧပြီလ ၅ ရက်နေ့အတွင်း မှတ်ပုံတင်ကြေးသွင်းရမယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီက ကြေညာထားတာပါ။
ဒါကြောင့် တချို့က ရန်ကုန်၊ တချို့က နယ်ကနေ တကူးတကလာပြီး ကိုယ့်အလှည့်ရောက်ဖို့ ညအိပ် စောင့်ကြရပါတယ်။
"ငွေပေါလို့ သွားတာတော့ မဟုတ်ဘူး။ ရှိတဲ့ပစ္စည်းရောင်းချ၊ မလောက်ရင် အတိုးနဲ့ချေးပေါ့၊ အဲလိုနည်းနဲ့ သွားရမှာ"
ဒီနှစ်ထူးခြားတာကတော့ ကိုရီးယားထွက်ပြီး အလုပ်လုပ်ဖို့ တန်းစီတိုးနေသူတွေထဲမှာ အမျိုးသမီးတွေ ပိုများလာတာပါ။ ဒါဟာ ၂၀၂၄ ခုနှစ်ကျမှ မြန်မာအမျိုးသမီးတွေရရှိတဲ့ ပထမဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။
အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ မရူပါကတော့ ကိုရီးယားမှာ အလုပ်လုပ်နိုင်ဖို့ ရတဲ့နည်းနဲ့ ကြိုးစားမယ်လို့ ဆိုပါတယ်။
"အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်ရှင်အများစုက အလုပ်သမားတွေကို ဖိအားပေးခိုင်းစေနေတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတာကို သတင်းဌာနတွေက ဖော်ထုတ်ပြီးရေးသားနေပေမယ့် စစ်ကောင်စီက မသိချင်ယောင်ဆောင်နေတာ အားလုံးအမြင်ပဲလေ။ အဲဒါကြောင့် ကိုရီးယား က ဒီနှစ်မှာ အမျိုးသမီးတွေကို ပထမဆုံး စခေါ်တာမို့ သွားမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ငွေပေါလို့ သွားတာတော့ မဟုတ်ဘူး။ ရှိတဲ့ပစ္စည်းရောင်းချ၊ မလောက်ရင် အတိုးနဲ့ချေးပေါ့၊ အဲလိုနည်းနဲ့ သွားရမှာ"
ထိုင်းနဲ့ မလေးရှားကို မရွေးဘဲ ကိုရီးယားကို ရွေးလိုက်တာက လစာနဲ့ အလုပ်သမားအခွင့်ရေး ပိုကောင်းတာကြောင့်လို့ သူက ဆိုပါတယ်။
စစ်မှုထမ်းဥပဒေက အမျိုးသမီးငယ်တွေပါမကျန် ပြည်ပကို အလုအယက်ထွက်ဖို့ တွန်းပို့သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (NLF Myanmar) ရဲ့ တွဲဘက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေ က ပြောပါတယ်။
"စစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားတွေက စားဝတ်နေရေးကိုတောင် အဓိက မထားကြတော့ဘဲနဲ့ မိမိတို့ရဲ့ လုံခြုံရေးအတွက် နေရပ်တွေကိုပြန်ကြသလို၊ နေရပ်တွေမှာ လုံခြုံမှုမရှိတဲ့ အလုပ်သမားတွေ ကလည်း ပြည်တွင်းကနေ ထွက်ခွာပြီး ပြည်ပကို နည်းမျိုးစုံနဲ့ ထွက်သွားနေကြရပါတယ်"
ကိုရီးယားနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အလုပ်သမား ၁၉ ဦးကို စတင်ခေါ်ယူခဲ့ပြီး နှစ်အလိုက် အလုပ်သမားဦးရေ တိုးခေါ်နေပါတယ်။
အခု ၂၀၂၄ ခုနှစ်မှာတော့ အလုပ်လုပ်ခွင့်ပါမစ်စနစ် (The Employment Permit System –EPS ) နဲ့ မြန်မာ အမျိုးသမီးတွေ အပါအဝင် အလုပ်သမား တစ်သောင်း တစ်ထောင်လောက် စေလွှတ်ဖို့ စီစဉ်ထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုရီးယားနဲ့ စစ်ကောင်စီအကြား နားလည်မှုစာချွန်လွှာအရ အလုပ်လုပ်ခွင့်အတွက် အသက် ၁၈ နှစ် ကနေ ၃၉ နှစ်အတွင်း လူငယ်၊ လူလတ် ဖြစ်ရမယ်လို့ ကန့်သတ်ထားပါတယ်။
ဒါ့အပြင် ထောင်မကျဖူးတဲ့သူ၊ ပြည်ပထွက်ခွါဖို့ တားမြစ်မခံထားရသူ၊ ဒီကာလအတွင်း နိုင်ငံရေးပုဒ်မ အထုတ်ခံထားရသူမျိုး မဟုတ်မှ သွားခွင့်ရမယ်လို့ ဆိုပါတယ်။
ကိုရီးယားကိုလာမယ်ဆိုရင် ဘာသာစကားသင်ခဲ့ဖို့ မမေ့ပါနဲ့လို့ လက်ရှိ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
"ကိုရီးယားကိုလာတဲ့အခါ ပြင်ဆင်လာစေချင်တာကတော့ ဘာသာစကားပေါ့။ ဘာသာစကားကို အနည်းငယ် တတ်ထားလို့ရှိရင် လုပ်ငန်းခွင်မှာ အဆင်ပြေမယ်။ ကိုယ်အလုပ်လုပ်ရမယ့် နေရာမှာ မြန်မာလူခံမရှိတဲ့ စက်ရုံမျိုးတွေကလည်း ကိုရီးယားမှာ အများစုရှိကြတယ်။ အဲဒီစက်ရုံတွေမှာ ကျတဲ့အခါ ကိုယ်က ဘာသာစကား တတ်ထားရင် ကိုယ့်အတွက် အလုပ်လုပ်ရတဲ့အခါ ပိုအဆင်ပြေတာပေါ့ဗျာ"
မြန်မာပြည်ထက် အလုပ်သမားအခွင့်အရေးနဲ့ လစာ ပိုရတာမှန်ပေမယ့် ကိုရီးယားဟာ စက်မှုနိုင်ငံဖြစ်တာကြောင့် လုပ်ငန်းခွင်မှာ အလုပ်ကြိုးစားဖို့၊ ကိုယ်လက်အင်္ဂါထိခိုက်ပြီး အလုပ်ပျက်တာမျိုး မဖြစ်အောင် လုပ်ကိုင်ဖို့ အထူးလိုအပ်တယ်လို့လည်း ကိုဇော်ထက်က ကြိုတင်သတိပေးထားပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်အကိုင် အေဂျင်စီတွေကတစ်ဆင့် တရားဝင်သွားရောက်လုပ်ကိုင်တဲ့ အလုပ်သမားဦးရေဟာ ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း တစ်သိန်းခုနစ်သောင်းနီးပါး (၁၆၇,၉၂၆) ရှိတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၁၉၉၀ ပြည့်နှစ်ကနေ ၂၀၂၄ ခုနှစ်အထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း ပြည်ပ ၉၇ နိုင်ငံကို တရားဝင်လုပ်သားအနေနဲ့ စေလွှတ်ထားတာကတော့ အလုပ်သမားစုစုပေါင်း တစ်သန်းခုနစ်သိန်းကျော်ရှိတယ်လို့ မတ်လ ၂၆ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ ထိုင်းနိုင်ငံကို တစ်သန်းကျော်၊ မလေးရှားကို လေးသိန်းနီးပါး၊ ဂျပန်ကို ခုနစ်သောင်းနီးပါး၊ စင်ကာပူကို ခြောက်သောင်းနီးပါးနဲ့ ကိုရီးယားကို ခြောက်သောင်းကိုးထောင်ကျော် စေလွှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
(မှတ်ချက်။ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)