လိပ်ကျွန်းအမှု အထူးစုံစမ်းရေးကော်မတီ သတင်းစာရှင်းလင်းပွဲ

ထိုင်းနိုင်ငံတောင်းပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်ဆိုပြီး အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးအမှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ အထူးစုံစမ်းရေးကော်မတီက ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်းပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်ဆိုပြီး အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးအမှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ အထူးစုံစမ်းရေးကော်မတီက ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်တာများတဲ့ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသူနဲ့ နိုင်ငံသားစုံတွဲကို သတ်တာဟာ မြန်မာ နိုင်ငံကနေ အဲ့ဒီကျွန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်း နဲ့ကိုဇော်လင်းတို့ ဆိုပြီးထိုင်းရဲတပ်ဖွဲ့က အာမခံမပေးဘဲ ဖမ်းဆီးထား တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က မြန်မာလူငယ် ၂ ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုးမှု၊ လုယက်မှု၊ သတင်းထိန်ချန်မှု၊ ထိုင်းနိုင်ငံကို တရားမဝင်လာရောက်မှုနဲ့ တရား မဝင်နေထိုင်မှု စတဲ့ စွဲချက် ၇ ခု နဲ့ တရားစွဲဆိုထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီအမှုအတွက် အထူးစုံစမ်းရေး ကော်မတီကို ဖွဲ့စည်းပေးထားပါတယ်။ ဒီနေ့ သတင်းစာရှင်းပွဲမှာ အဲ့ဒီအဖွဲ့ထဲက ရှေ့နေ ဦးအောင်မျိုးသန့်က စွပ်စွဲခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးမကျူးလွန်ဘူးဆိုတာကို တွေ့ရှိရကြောင်း ၊ သူတို့ လွတ်မြောက်အောင် ပြည်တွင်းပြည်ပ သက်သေတွေ လာရောက်ပူးပေါင်းဖို့လိုအပ်တယ်လို့ အထူးစုံစမ်းရေး  ကော်မတီကရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"အန်ကယ်တို့ စွပ်စွဲခံကလေးတွေက အပြစ်ကင်းစင်တယ်လို့ တောက်လျှောက်စစ်ဆေးတဲ့ အထဲမှာသိထားတယ်၊ ဒါကြောင့်မို့လို့ အန်ကယ်တို့ အပြစ် ကင်းစင်တဲ့အတိုင်းလွတ်အောင် ကြိုးစားချင်တယ်၊ အန်ကယ်တို့နဲ့ ပြည်တွင်းပြည်ပရောက်သက်သေတွေက လာပူးပေါင်းပြီးတော့ ဒီအမှုနဲ့ ပတ်သက်လို့ ပါဝင်စေချင်တယ်၊ ဒါမှသာလျှင် အန်ကယ်တို့အမှု၊ ရည်ရွယ်ချက်တွေအောင်မြင်မယ်ထင်ပါတယ်"

မြန်မာနိုင်ငံသား ၂ ဦးဖက်က သက်သေအဖြစ် ထွက်ဆိုပေးနိုင်သူတွေ ရှိနေပေမယ့် သူတို့လုံခြုံရေးအရ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရကို မယုံကြည်တာကြောင့် သက်သေမလိုက်ရဲဘူးဖြစ်နေကြတယ်လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ အထူးစုံစမ်းရေး  ကော်မတီက တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။

" သူတို့စွဲထားတဲ့ အမှုတွေကလဲ အန်ကယ်တို့အနေနဲ့ ဖြေလျော့နိုင်တဲ့အမှုတွေဖြစ်တယ်၊ သို့သော် အန်ကယ်တို့ဖက်က သက်သေလိုအပ်သေးတယ်၊ ဒါပေမယ့် ဘယ်သူဘယ်လောက်သိထားတယ်၊ ဘယ်သူဘာမြင်သွားတယ်ဆိုတာ အန်ကယ်တို့သိသွားပြီ၊ ဆိုတော့ ဘယ်သူဘယ်နေရာက ပြောဖို့ ဆိုတာ အန်ကယ်တို့လုံခြုံရေးအရပြောလို့မကောင်းဘူး၊ သူတို့တွေရဲ့ကြောက်ရွံ့မှု၊ စိုးရိမ်မှုကို အန်ကယ်တို့ကနိုင်ငံနဲ့ချီပြီးလုပ်နေရတာဖြစ်တဲ့အတွက် အစိုးရဖက်ကဘာလုပ်ပေးနိုင်မလဲ၊ သူများတိုင်းပြည်ရှေ့မှာဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ကြိုးစားပြီးတော့ အန်ကယ်တို့ စကားပြော ဖို့လာတယ်"

အမှုအတွက် သက်သေအဖြစ်လိုက်ပါဆောင်ရွက်ပေးမယ့်သူတွေရဲ့လုံခြုံရေးကို မြန်မာအစိုးရ အနေနဲ့ ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

အမှုကို အထောက်အကူပြုနိုင်အောင် ထွက်ဆိုပေးနိုင်မယ့် သက်သေတွေကို လုံခြုံရေး စားဝတ်နေရေး တွေကို ပံပိုးကူညီပေးမယ်လို့ ကမ်းလှမ်းထားကြောင်း အထူးစုံစမ်းရေး  ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က ပြောပါတယ်။

"အခုလောလောဆယ်တော့ ကျနော်တို့အနေနဲ့ ရထားတဲ့ သက်သေတွေကို ကျနော်တို့ သံရုံး ထဲမှာပဲထားပြီးတော့ ကျနော်တို့ကာကွယ်ပေးထား တာရှိသလို၊ တချို့ကျတော့ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်မရှိတဲ့ သက်သေတွေလဲ ကျနော်တို့တွေ့ထားတာရှိတယ်၊ သူတို့လဲ သူတို့နည်းသူတို့ဟန်နဲ့ သူတို့ဘာသာလုံခြုံတဲ့နည်းနဲ့ နေသူရှိသလို၊ တချို့ကျတော့လဲ မြန်မာပြည်ကလာပြီးတော့ သက်သေခံရမယ့်သူတွေရှိပါတယ်၊ ဒါကြောင့်မို့လို့ ကျနော် တို့ ပြောနိုင်တာကတော့ ကျနော်တို့အထူးစုံစမ်းရေးကော်မတီနဲ့ အဓိကနိုင်ငံတော်အစိုးရအနေနဲ့က အဲ့အမှုမှာ အမှုသက်သေရဲ့တန်ဖိုးပေါ့၊ အမှုကို အထောက်အကူပြုနိုင်တဲ့ပေါ်မှာ မူတည်ပြီးတော့ လုံခြုံရေးအရရော၊ သူတို့ရဲ့နေထိုင်စားဝတ်နေရေးအရရော ပံ့ပိုးကူညီမှု ကျနော်တို့ ကမ်းလှမ်း ထား ပါတယ် "

အမှုနဲ့ပတ်သက်တဲ့ လိုအပ်တဲ့သက်သေတွေကို ထပ်မံရှာဖွေဖို့အတွက် အထူးစုံစမ်းရေး ကော်မတီ အနေနဲ့ တနသာၤရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ခိုတောင်ကျွန်းက တရားရုံးမှာ နှစ်ဖက်သက်သေတွေကို စစ်ဆေးတော့မှာလို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးဖို့အတွက် အစိုးရနဲ့ အထူးစုံစမ်းရေးကော်မရှင်တို့ ညှိနှိုင်းဆွေးနွေးဖို့ရှိနေပြီး မနက်ဖြန်မှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံ သွားဖို့ရှိတယ်လို့သိရပါတယ်ရှင်။

 

 

 

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org