KNU နယ်မြေနှစ်ခု စစ်ကောင်စီ တစ်လအတွင်း အကြိမ် ၆၀ ခန့် လေကြောင်းတိုက်ခိုက်

RFA Burmese
2023.02.15
KNU နယ်မြေနှစ်ခု စစ်ကောင်စီ တစ်လအတွင်း အကြိမ် ၆၀ ခန့် လေကြောင်းတိုက်ခိုက် KNU ထိန်းချုပ်နယ်မြေ လေးဝါးကျေးရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် အဆောက်အအုံများကို တွေ့ရစဉ်။
KNU Mutraw News

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး၊ နှစ်ခြင်း ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး၊ ကက်သလစ်ခရစ်ယာန် ဓမ္မဆရာတစ်ဦးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရတယ်လို့ KNU က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေသုံးပြီး KNU တပ်မဟာ (၅) ကရင်ပြည်နယ် ဖာပွန်ခရိုင်နဲ့ တပ်မဟာ (၆) ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီခရိုင်တွေမှာ ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ် ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"စားစရာ လိုအပ်ချက်တွေ၊ ဆေးဝါးတွေ၊ အဓိကကတော့ စားနပ်ရိက္ခာတော့ လိုအပ်တယ်”

အဲဒီတိုက်ခိုက်မှုတွေကြောင့် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ ပြည်သူပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းတစ်ခုစီနဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း သုံးကျောင်း ပျက်စီးခဲ့ရသလို နေအိမ် ၅၇ လုံးဝန်းကျင်လည်း ဗုံးထိမှန် ပျက်စီးခဲ့ရတယ်လို့ ပါရှိပါတယ်။

ဒီနယ်မြေတွေဟာ စစ်ကောင်စီအတွက် အရေးပါတာကြောင့် စစ်ရေးလှုပ်ရှားမှုအများဆုံး လုပ်နေတာလို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

“တပ်မဟာ (၅) နယ်မြေက ဘာကြောင့် တိုက်ပွဲအများဆုံး ဖြစ်တာလဲဆိုတော့ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုက သူတို့ကိုယ်တိုင် စစ်ရေးလှုပ်ရှားမှု အများကြီးလုပ်တဲ့ နေရာတိုင်းမှာ ဒါကတိုက်ပွဲ အများဆုံး ဖြစ်မှာပါ။ ဒါက ထုံးစံလို ဖြစ်နေပြီ။ နောက်တစ်ချက်က ဘာကြောင့် စစ်ရေးလှုပ်ရှားမှု အများဆုံး လုပ်နေရတယ်ဆိုတဲ့ မေးခွန်းပေါ်လာတဲ့အခါမှာ သူတို့အတွက် အရေးကြီးတယ်ထင်လို့ သူတို့ လှုပ်ရှားတာပဲ”

စစ်ကောင်စီမြေပြင်တပ်တွေရဲ့ တိုက်ခိုက်မှုတွေ မထိရောက်တာကြောင့် အခုလို အခြားစစ်ရေးလှုပ်ရှားမှုတွေနဲ့ ပုံဖော်လာတာလို့ ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗုံးအလုံးရေ ၂၀၈ လုံး၊ လေယာဉ်ပစ်သေနတ်နဲ့ ပစ်ခတ်မှု အချက် သုံးသောင်း ဝန်းကျင်အထိရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ တပ်မဟာ (၅) နယ်မြေနဲ့ တပ်မဟာ (၆) နယ်မြေတွေအတွင်းမှာ ရွာ ၁၀ ရွာလောက်က ဒေသခံ ၁၅၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေါကလူ ကွန်ရက်ရဲ့ အထွေထွေ အတွင်းရေးမှူး ယအဲ့နက ပြောပါတယ်။

“လက်ရှိအရေးပေါ် စစ်ဘေးရှောင်တွေကျတော့ ဘယ်လောက်လဲဆိုတော့ ၁၀၀၀ ဝန်းကျင်လောက်ရှိမယ်။ တပ်မဟာ ၅ ဘက်မှာဆိုလည်း ၅၀၀၊ ၆၀၀ လောက် အဲဒီဝန်းကျင်လောက်ရှိတယ်။ ရွာနဲ့ ခန့်မှန်းခြေဆိုရင် တပ်မဟာ ၅ ဘက်မှာဆို သုံးလေးရွာလောက်ပေါ့နော်။ နောက်ပြီး ဒီ တပ်မဟာ ၆ ထဲမှာဆိုလည်း လေး၊ ငါး၊ ခြောက်ရွာလောက် ရှိမှာပေါ့။ အခုကတော့ စားစရာ လိုအပ်ချက်တွေ၊ ဆေးဝါး တွေ၊ အဓိကကတော့ စားနပ်ရိက္ခာတော့ လိုအပ်တယ်”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း KNU တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် မိချောင်းအိုင်ရွာထဲကို လက်နက်ကြီးကျရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

324572409_1241452323390328_8983472067516391609_n.jpg
KNU တပ်မဟာ (၅) နယ်မြေ ဆာလောပူကျေးရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေသည့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းအား တွေ့ရစဉ်။ (Photo: KNU Mutraw News)

“ခမရ ၉ ကနေပြီး လှမ်းပစ်တာပေါ့။ ငါးလုံးပစ်တာ သုံးလုံးက ရွာထဲကို ကျတာပေါ့။ ရွာထဲကိုကျပြီးတော့ ဘုန်းကြီးကျောင်းသိမ်ပျက်သွားတယ်။ ရဟန်းသုံးပါး ထိခိုက်ဒဏ်ရာရသွားတယ်။ လူပုဂ္ဂိုလ်က တော့ ထိခိုက် မှုမရှိဘူးပေါ့နော်။ တပ်မဟာ ၁ မှာ နေရာတိုင်းကို လိုက်ပစ်နေတယ် သူတို့တွေက။ အဓိကကတော့ ကျေးရွာထဲ ကိုပဲ ပစ်ထည့်တာပဲ သူတို့တွေက နောက်ဆုံးတော့။ ခဏခဏကို ပစ်နေတာ လေ တပ်မဟာ ၁ မှာ။ လက်နက်ကြီးတွေစုပြီးတော့ကို ရွာတွေထဲကို လိုက်ပစ်နေတာ”

ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက်တာကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါး အပါအဝင် သံဃာသုံးပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဇန်နဝါရီလဆန်းက ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကော်သူးလေတပ်မတော် (KTLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလကုန်မှာလည်း ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ တစ်လအတွင်းမှာ KNU နယ်မြေတွေမှာ တိုက်ပွဲ ၄၃၆ ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဘက်က ၄၆၉ ဦး သေဆုံးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။

အာဏာသိမ်း နှစ်နှစ်အတွင်း KNU နဲ့ ပူးပေါင်းအဖွဲ့တွေဘက်က ၂၄ ဦးသေဆုံးပြီး ၇၆ ဦးထိခိုက်ဒဏ်ရရတယ်လို့ KNU က ပြောပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

324240905_881593602993245_5866176714726620190_n.jpg
KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဒေဘိုးနိုဒေသ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေသည့် ကားတစ်စီးကို တွေ့ရစဉ်။ (Photo: KNU Mutraw News)

KNU ဘက်က ထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့် ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ပြည်သူတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

"ပြည်သူတွေကိုတော့ လုံးဝ ပစ်မှတ်မထားပါဘူး။ အဓိကကတော့ PDF ပေါ့။ အကြမ်းဖက်အဖွဲ့အစည်းတွေကိုပဲ အဓိကထားပြီး တိုက်ခိုက်တာပါ။ အကယ်၍များ ခုနက အုတ်ရောရော၊ ကျောက်ရောရော မသိလိုက်လို့ အဲဒီပြည်သူတွေကြားမှာ ရောနှောပြီးရှိနေရင်တော့လည်း မလွှဲသာ မရှောင်သာ ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ပြောရရင် လေယာဉ်မှာလည်း ကောင်းကောင်းမြင်ရတဲ့ Night Vision တို့ ဘာတို့ကအစ ရှိတယ်ဆိုတော့ အရပ်သား၊ စစ်သား၊ PDF တို့ဘာညာ ဆိုတာက ကောင်းကောင်းခွဲခြားလို့ ရပါတယ်"

ကရင်ပြည်နယ်ထဲက ဖာပွန်မြို့နယ်နဲ့ မြိုင်ကြီးငူဒေသတွေမှာ စစ်ဘေးဒုက္ခသည် လေးထောင် ဝန်းကျင် ရှိနေပြီး ကြာအင်းဆိပ်ကြီးမြို့နယ်က ကရင်ကျောင်းသားစင်တာမှာ ကျောင်းသား နှစ်ရာခန့် လာရောက်ခိုလှုံနေတာ ရှိတယ်လို့ ဦးစောခင်မောင်မြင့်က ပြောပါတယ်။

ကရင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲဖြစ်တာ၊ လေယာဉ်လာတဲ့ အခြေအနေမျိုးတွေမှာ စစ်ဘေးရှောင်နေရတာဖြစ်ပြီး နေရပ်ပြန်လိုက်၊ စစ်ဘေးတိမ်းရှောင်လိုက် အနေအထား ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီက KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့အကြောင်းကြားထားပါတယ်။

လက်ရှိမှာတော့ KNU တပ်မဟာ (၆) နယ်မြေ ဝေါလေ-ထီးပလယ် ကားလမ်းမကြီးကို ဖေဖော်ဝါရီလ ၈ ရက် နေ့ကစလို့ တိုက်ပွဲပြီးချိန်အထိ မသွားလာကြဖို့ KNDO အမှတ် (၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေထဲမှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲကြောင့် တိမ်းရှောင်ရသူ လေးသိန်းနီးပါးရှိနေပြီလို့လည်း KNU ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။