မြဝတီက အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းယူ

RFA Burmese
2023.07.22
မြဝတီက အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းယူ လက်ခတ်တောင် တာဝါတိုင်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကတွေ့ရစဉ်။
Cobra Column

ကရင်ပြည်နယ် မြဝတီမြို့နဲ့ မိုင် လေးဆယ်အကွာ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်ရဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကို ကော်ဘရာစစ်ကြောင်းအပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းဆီးခဲ့ပါတယ်။

KNLA တပ်မဟာ(၆)၊ ကော်ဘရာစစ်ကြောင်း (၁)၊ Federal Wings နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကျားသစ်နက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပူးပေါင်းတပ်တွေဟာ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဇူလိုင်လ ၂၀ ရက် မနက် ၆ နာရီကနေ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၁ ရက် မနက် ၅ နာရီမှာ တောင်ကြောတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့တာလို့ ကော်ဘရာစစ်ကြောင်းက ဇူလိုင် ၂၁ ရက် ညပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။

လက်ခတ်တောင် တာဝါတိုင်စခန်းဟာ စစ်ရေးမဟာဗျူဟာအရ နယ်စပ်တစ်ခုလုံးရဲ့ အသက်သွေးကြောဖြစ်တယ်လို့ NUG ‌ေတာင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားက ပြောပါတယ်။

"သိမ်းဆည်းရမိတဲ့ လက်နက်အနေအထား၊ သိမ်းဆည်းရမိတဲ့ ပစ္စည်းအနေအထား အပေါ်မှာကြည့်ပြီးတော့ ဒီစခန်းကုန်းဟာ မဟာဗျူဟာအရ ဘယ်လောက်အထိ အရေးပါသလဲဆိုတာ ပြောလို့ရတယ်။ အရေးကြီးတဲ့ စခန်းဖြစ်တယ်ဆိုတာ အတိအကျ ပြောလို့ရတယ်။ ဒါက နယ်စပ်တစ်ခုလုံးရဲ့ အသက်သွေးကြောလည်း ဟုတ်တယ်။ နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ မဟာဗျူဟာကျတဲ့ စခန်းဖြစ်တယ်။ ဒီနေရာက နယ်စပ်အတွက် အရေးပါတဲ့ စခန်းပဲလားဆိုတော့ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးအတွက် အရေးပါတဲ့ စခန်းလို့လည်း ပြောလို့ရတယ်။ တစ်အချက်က မြဝတီမြို့ နယ်စပ် တစ်ကြောလုံးကို ထိန်းချုပ်ထားတဲ့ စခန်းလည်း ဟုတ်တယ်။ နောက်တစ်ခုက မြဝတီမြို့ တစ်ခုလုံးကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ စခန်းလည်း ဟုတ်တယ်"

တိုက်ပွဲအတွင်း ပူးပေါင်းတပ်တွေဘက်က ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ဆိုပေမယ့် အတိအကျ ထုတ်မပြောပါဘူး။

အဲဒီစခန်းမှာ စစ်ကောင်စီတပ် ခမရ (၁၁၈) က အင်အား လေးဆယ်ကျော်နဲ့ အထိုင်ချ တပ်စွဲထားတာလို့ ပူးပေါင်းတပ်တွေက ပြောပါတယ်။

"မြဝတီမြို့မရဲစခန်း ရှေ့က ဘန်ကာတွေဆိုရင် ပုံမှန်ထက် လုံခြုံရေး ပိုယူထားတာ တွေ့ရတယ်။"

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် နာရီပေါင်း ၂၃ နာရီလောက် ခက်ခက်ခဲခဲတိုက်ခဲ့ရပြီး လက်နက်တချို့သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းခံရပြီးနောက် မြဝတီမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က ပုံမှန်မဟုတ်ဘဲ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

"ပုံမှန်ဆိုရင်တော့ မြဝတီမြို့က လုံခြုံရေး တင်းကျပ်တာမှန်ပေမယ့် ဒီနေ့လောက်တော့ မတင်းကျပ်ပါဘူး။ အခုက ရှောင်တခင် စစ်တာမျိုးတွေ ရှိတယ်။ ပြီးတော့ ကားတွေနဲ့ ဈေးရှေ့မှာ ရပ်ပြီး မသင်္ကာတဲ့လူငယ်တွေကို ခေါ်ပြီး စစ်ဆေးမေးမြန်းတယ်။ ဖုန်းတွေစစ်တယ်။ ပြီးတော့ မြဝတီမြို့မရဲစခန်း ရှေ့က ဘန်ကာတွေဆိုရင် ပုံမှန်ထက် လုံခြုံရေး ပိုယူထားတာ တွေ့ရတယ်။ ဒီအခြေအနေက လက်ခတ်တောင် တိုက်ပွဲကြောင့် အခုလို ဖြစ်တယ်လို့ ပြောလို့ရပါတယ်"

ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောကလယ်စေးကတော့ ဒီတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဘက်က ထူးခြားတဲ့ စစ်ရေးလှုပ်ရှားမှုတွေ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

"ကိုယ့်ဘက်လူတွေရဲ့ ပြောပြချက်အရတော့ ဒါကအထွေအထူးကြီးတော့ စစ်ကောင်စီဘက်က လှုပ်ရှားလာတာမျိုး မရှိသေးဘူး။ အဲဒီလိုအခြေအနေတော့ သိရပါတယ်။ တစ်ခုရှိတာက သူက အဲဒီလိုစခန်းတွေ တက်သိမ်းတာတို့ ဘာတို့ဖြစ်သွားတယ်ဆိုရင် သူက လက်နက်ကြီးနဲ့ ပစ်ခတ်တာတို့ ဘာတို့တော့ ရှိနေတယ်။ အဲဒီလိုအခြေအနေမျိုးတော့ ရှိပါတယ်"

စစ်ကောင်စီတပ်က KNU ထိန်းချုပ်နယ်မြေတွေအတွင်း နေ့တိုင်းနီးပါး ကုန်းကြောင်းကနေ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့လည်း ပဒိုစောကလယ်စေးက ပြောပါတယ်။

လက်ခတ်တောင် တာဝါတိုင်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကတွေ့ရစဉ်။ (Photo: Cobra Column)
လက်ခတ်တောင် တာဝါတိုင်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကတွေ့ရစဉ်။ (Photo: Cobra Column)

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက KNU ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ရာနီးပါးဖြန့်ခွဲပြီး အင်အား တစ်သောင်းကျော်နဲ့ ထိုးစစ်ဆင်လှုပ်ရှားနေတယ်လို့ သူက ပြောပါတယ်။

KNU ဗဟိုရဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း တစ်သောင်းကျော်ဖြစ်ပွားခဲ့ပါတယ်။

ဒီစစ်ရေးပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေထဲမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ခြောက်သိန်းနီးပါး (၅၉၉,၄၀၀ ဦး) ရှိနေပြီး အဲဒီထဲက နှစ်သိန်း ခြောက်သောင်းကျော် (၂၆၉,၆၃၃ ဦး) ကို ကူညီထောက်ပံ့ပေးထားတယ်လို့ KNU က ဇူလိုင်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။