ရေစကြိုမှာ ခုနစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ်ရှစ်ဆယ်ခန့် မီးရှို့ခံရ

RFA Burmese
2024.05.22
ရေစကြိုမှာ ခုနစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ်ရှစ်ဆယ်ခန့် မီးရှို့ခံရ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာအား စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့က မီးရှို့ခဲ့စဉ်။
Facebook/ Yesagyo Township Info Committee

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်ထပ်၊ ဇီးတောနဲ့ သဲတောကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက မေလ ၁၇ ရက်နေ့ မနက် ၅ နာရီခန့်မှာ စီးနင်းဝင်ရောက်ခဲ့ပြီးနောက် ဒေသခံ ခုနစ်ဦး သတ်ဖြတ်ခံလိုက်ရသလို နေအိမ် ရှစ်ဆယ်ခန့် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၂၁ နှစ်ဝန်းကျင်အရွယ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာမတစ်ဦး အပါအဝင် အသက် ၄၀ အရွယ် နှစ်ဦး၊ အသက် ၂၅ နှစ်အရွယ် တစ်ဦး၊ အသက် ၃၃ နှစ်ဝန်းကျင် နှစ်ဦး ပါဝင်ပါတယ်။ သေဆုံးသူတွေဟာ ကျောက်ထပ်ရွာသားတွေဖြစ်ပြီး နာမည်နဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မိသားစု လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ကျောက်ထပ်ရွာမှာ အိမ်ခြေ ၃၇ လုံးနဲ့ ဇီးတောရွာမှာတော့ အိမ်ခြေ လေးဆယ်ခန့် မီးထဲပါသွားပါတယ်။ အဲဒီရွာတွေ အနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့ Southern YSO PDF အဖွဲ့က စခန်းတစ်ခုလည်း စီးနင်းခံလိုက်ရပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရွာကို ဝိုင်းပြီး ဝင်ရောက်လာချိန် ဒေသခံတွေအတွက် ပြေးပေါက်က တစ်ခုပဲရှိတယ်လို့ ပြောပါတယ်။

အဲဒီပြေးတဲ့နေရာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဒေသခံ ငါးဆယ်ခန့်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီထဲက အမျိုးသားခြောက်ဦးကို ပြည်သူ့ကာကွယ်ရေးစခန်းနေရာကို ပြခိုင်းပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ယောက်ျားသားတွေကိုတော့ PDF စခန်းဘယ်မှာရှိတာလဲဆိုပြီး လိုက်ပြခိုင်းတယ်။ လိုက်ပြတဲ့အချိန်မှာ ယောက်ျားသားတွေပဲ ခေါ်ထုတ်ပြီးတော့ ပထမတစ်ခေါက်က လေးယောက်ထုတ်တယ်။ ဒုတိယတခေါက်က နှစ်ယောက်ထုတ်တယ်။ ထုတ်ပြီးတဲ့အချိန်မှာ PDF စခန်းက ဒါပဲလို့ ပြပြီးတဲ့အချိန်မှာ ယောက်ျားသား ခြောက်ယောက်ကို သတ်သွားတယ်ဗျ။ အကုန်လုံးကို မီးရှို့ပြီး သတ်သွားတယ်"

အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။

အဲဒီနေ့က အဆက်မပြတ်ပစ်ခတ်နေတဲ့ ကျည်ဆန်ကြားထဲကနေ အသက်လုထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေနတ်ကျည်ဆန်ကြားထဲ ထွက်ပြေးရတာပေါ့ဗျာ။ ရွာထဲကတော့ ပတ်ပတ်လည် ပစ်တာပဲ။ ဟိုဘက်ကပစ်၊ ဒီဘက်ကပစ် ပြေးရတာတော့ ကျည်ဆန်မိုးပေါ် ထောင်ပြေးရသလို ပြေးရတာပဲ။ ရွာကနေ အနောက်အထိ ရွာတွေရှိရာ ပတ်ပြေးရတာပေါ့။ စားစရာ၊ သောက်စရာမှ မပါတာ"

မကွေးတိုင်း ရေစကြိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Yay Lal Kyun News)
မကွေးတိုင်း ရေစကြိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Yay Lal Kyun News)

ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) လက်အောက်ခံနဲ့ ရေစကြိုအခြေစိုက် ခလရ (၂၅၇) တပ်တွေ အပါအဝင် ပျူစောထီးပူးပေါင်းအဖွဲ့တွေက အဲဒီရွာတွေကို ဝင်ရောက်စီးနင်းခဲ့တာလို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင် ကိုဝေကြီးက ပြောပါတယ်။

"ရေစကြိုအခြေစိုက်က တပ်တွေလည်း ပါတယ်။ (၁၀၁) က ပခုက္ကူဘက်က တပ်တွေလည်း ပါတယ်။ အင်အား ၁၅၀ လောက် ရှိမှာပေါ့နော်။ ဒေသခံအဖွဲ့တစ်ဖွဲ့ရဲ့ စခန်းတစ်ခုကို ဝင်စီးတာပေါ့နော်။ စခန်းဝင်စီးတော့ ဒေသခံအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတာ။ ဖြစ်ပြီးတဲ့နောက် ကျောက်ထပ်တို့ ဇီးတောတို့ကိုဝင် ပြည်သူတွေ အဖမ်းခံခဲ့ရတာပေါ့နော်။ ဇီးတောရွာလည်း မီးရှို့တယ်။ ကျောက်ထပ်ရွာကိုလည်း မီးရှို့သွားတယ်"

မေလ ၂၀ ရက်နေ့ ညနေပိုင်းမှာတော့ အဲဒီစစ်ကြောင်းက ရွာကနေ ထွက်သွားပြီလို့ ကိုဝေကြီးက ပြောပါတယ်။

အဲဒီမှာ ဖမ်းထားတဲ့ အမျိုးသားခြောက်ဦးကို သံကြိုးနဲ့တုပ်ပြီး နောက်စေ့ကို သေနတ်နဲ့တေ့ပစ်ပြီး မီးရှို့ထားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒီလို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကြောင့် စိတ်ထိခိုက်ခံစားရတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

"ပြည်သူတွေရဲ့ ဘယ်လိုပြောမတုန်း မျက်ရည်ကတော့ အခုအချိန်ထိ မြေမှာကျတာပဲနော်။ ပြောရလို့ရှိရင် မျက်လုံးထဲကကျတဲ့ မျက်ရည် ခြေဖဝါးမှာ ပြန်တက်နင်းပြီးမှ ကြေကွဲရတာပေါ့။ သူတို့ ခုနစ်ယောက်တည်း သေတာ ခုနစ်ယောက် မဟုတ်ဘူး။ နောက်က မိသားစုတွေ မိသားစုတစ်စုကို ခုနစ်ယောက်ရှိရင်တောင်မှ စဉ်းစားကြည့်ပေါ့နော်။ ဘယ်လောက်ထိ မျက်ရည်တွေ ဘယ်လောက်ရှိမတုန်း၊ ဘယ်လောက်ထိ ကြေကွဲရမတုန်းပေါ့။ မီးတွေကလောင်၊ အိမ်တွေက ပြာကျ၊ ကိုယ့်ရဲ့ ခင်ပွန်းတွေက သေ၊ အစ်ကိုတွေက သေ၊ မောင်တွေက သေ၊ တူတွေက သေဆိုတော့ ဘယ်လောက်ထိ ကြေကွဲရမတုန်း"

ဒီ သတ်ဖြတ်ခံရသူတွေထဲမှာ တစ်မိသားစုထဲက ဖခင်၊ သားနဲ့ တူဖြစ်သူ ပါဝင်တယ်လို့ ပြောပါတယ်။

ရွာထဲက သရက်ပင်အောက်မှာတော့ ပေါက်ပြားနှစ်လက်၊ ဂေါ်နှစ်လက်နဲ့ ကျင်းတူးထားတာ တွေ့ရပြီး အလောင်းတွေကို မြေမမြှုပ်တော့ဘဲ ထပ်ပြီး မီးရှို့ခဲ့တာလို့ ပြောပါတယ်။

"မီးတွေကလောင်၊ အိမ်တွေက ပြာကျ၊ ကိုယ့်ရဲ့ ခင်ပွန်းတွေက သေ၊ အစ်ကိုတွေက သေ၊ မောင်တွေက သေ၊ တူတွေက သေဆိုတော့ ဘယ်လောက်ထိ ကြေကွဲရမတုန်း"

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မေလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ မေလ ၁၇ ရက်နေ့မှာ ရေစကြိုမြို့နယ် ဇီးတော၊ ကျောက်ထပ်၊ သဲတော စတဲ့ကျေးရွာတွေကို သတင်းအရသွားရောက်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်ရာမှာ PDF အဖွဲ့တွေက လက်လုပ်စိန်ပြောင်းတွေ၊ လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာထဲက လူနေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ရတာလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒေသခံတွေ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ထုတ်ပြန်ချက်မှာ ဖော်ပြတာမရှိပါဘူး။

ဒီလို ဖြစ်ရပ်ဆိုးနဲ့ နေအိမ်တွေ မီးရှို့ခံရတာကြောင့် ဒေသခံ ၂၅၀၀ ခန့်ဟာ လက်ရှိအချိန်အထိ ဘေးလွတ်ရာမှာ ရှောင်နေရပါတယ်။

နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရသူတွေအတွက်လည်း အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူက ၅၁၂၈ ဦး ရှိနေပါပြီ။

(မှတ်ချက် - ဒေသခံများ၏ ပြောချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။