လနှစ်ဆယ်အတွင်း သတ်ဖြတ်ခံရသူ ခြောက်ထောင်ကျော်ရှိကြောင်း အစီရင်ခံစာထုတ်ပြန်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် သူ့ရဲ့စစ်တပ်နဲ့ အာဏာသိမ်း ဆန့်ကျင်ရေးအုပ်စုတွေက အရပ်သား ခြောက်ထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ နော်ဝေနိုင်ငံအခြေစိုက် အော်စလို ငြိမ်းချမ်းရေးသုတေသနအင်စတီကျု (PRIO) က ဇွန်လ ၁၂ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ အခြေအနေတွေကို သုတေသနပြုထားတာ ဖြစ်ပါတယ်။ အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း အရပ်သား ၆၃၃၇ ဦး သေဆုံးခဲ့သလို ၂၆၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီထဲမှာ စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်သူ တွေရဲ့ သတ်ဖြတ်မှုတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။

PRIO ရဲ့ သုတေသနပါမောက္ခ Stein Tonnesson က စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို အဓိက သတ်ဖြတ်ခဲ့သူဖြစ်သလို အာဏာသိမ်းမှုဆန့်ကျင်တဲ့ အုပ်စုတွေကြောင့်လည်း အရပ်သား အများအပြား သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ PDF တွေ အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ သာမန် အရပ်သားတွေအပေါ် ပစ်မှတ်ထားသတ်ဖြတ်ခဲ့တာမရှိဘူးလို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ NUG အနေနဲ့က စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်သင့်တဲ့သူတွေကိုပဲ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ဖို့ဆိုတဲ့ မူဝါဒက ခိုင်ခိုင်မာမာပဲရှိတယ်။ ဒါက အပြောင်းအလဲမရှိဘူး။ စစ်ရေးပစ်မှတ်မဟုတ်တဲ့သူတွေကို တိုက်ခိုက်တာကိုလည်း ကျွန်တော်တို့က လက်မခံဘူး။ နောက်တစ်ခုက စစ်ကောင်စီဟာ PDF နဲ့ တော်လှန်ရေး အင်အားစုတွေကို ပုံဖျက်နေတယ်ဆိုတာကိုလည်း နိုင်ငံတကာအပါအဝင် စောင့်ကြည့် လေ့လာသူတွေက အသေအချာ သတိကြီးကြီးနဲ့ စောင့်ကြည့်လေ့လာဖို့ ပြောချင်ပါတယ်"

နိုင်ငံရေးအယူအဆမတူရုံနဲ့ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်တာမဟုတ်ဘဲ စစ်ကောင်စီရဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပြည်သူကို အကြမ်းဖက်တဲ့ကိစ္စတွေမှာ ပါဝင်မှသာ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်တာလို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။

"NUG အနေနဲ့က စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်သင့်တဲ့သူတွေကိုပဲ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ဖို့ဆိုတဲ့ မူဝါဒက ခိုင်ခိုင်မာမာပဲရှိတယ်။ ဒါက အပြောင်းအလဲမရှိဘူး"

PRIO အစီရင်ခံစာကတော့ စစ်တပ်ဟာ PDF လို့ သံသယရှိသူတွေနဲ့ PDF ထောက်ခံသူတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့သလို PDF တွေဘက်ကလည်း စစ်တပ်သတင်းပေးလို့ စွပ်စွဲခံရသူတွေနဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်သူတွေကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီး လ ၂၀ အတွင်း စစ်တပ်က သတ်ဖြတ်လို့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ အပါအဝင် အရပ်သား ၃၀၀၃ ဦး သေဆုံးခဲ့ပြီး အာဏာသိမ်းမှုဆန့်ကျင်သူတွေက သတ်ဖြတ်လို့ အရပ်သား ၂၁၅၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် အရပ်သား ၁၁၇၀ ဦးကိုတော့ ဘယ်သူဘယ်ဝါက သတ်ဖြတ်ခဲ့တယ်ဆိုတာ မသိရဘူးလို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အစီရင်ခံစာပါ စစ်တပ်ရဲ့သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ PRIO ရဲ့အစီရင်ခံစာဟာ နှစ်ဖက်စလုံးရဲ့ သတ်ဖြတ်မှုတွေကို မီးမောင်းထိုးပြထားပေမယ့် အချက်အလက် ဘယ်လောက်ခိုင်မာသလဲဆိုတဲ့အပေါ် သံသယရှိတယ်လို့ ပြောပါတယ်။

"အချက်အလက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ မေးခွန်းထုတ်စရာ အများကြီးရှိပါတယ်။ အဲဒီတော့ (နှစ်ဖက်စလုံး သတ်ဖြတ်မှုတွေကို) မီးမောင်းထိုးပြရုံလောက်နဲ့တော့ သူတို့ရည်ရွယ်ချက်ဘာလဲဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်စရာမရှိသလို၊ သူတို့ ဘာရည်ရွယ်ချက်နဲ့ ထုတ်တယ်ဆိုတာ သူတို့ပဲပိုသိပါလိမ့်မယ်။ မီးမောင်းထိုးပြတာကို ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဟာ အချက်အလက်လွဲသွားရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီးရှိပါတယ်"

PRIO ကတော့ သူတို့ရဲ့ အစီရင်ခံစာဟာ ယုံကြည်ရတဲ့သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအပေါ်မှာ အခြေခံထားပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်သူတွေနဲ့ တိုက်ပွဲအတွင်းတိုက်ရိုက်မပါဝင်သူတွေကို အရပ်သားအဖြစ်သတ်မှတ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ယန္တရားမှာ ပါဝင်ဆောင်ရွက်နေတဲ့အရာရှိကြီးတွေနဲ့ သတင်းပေးတွေကို အရပ်သားအဖြစ် ထည့်သွင်းတွက်ချက်တာကြောင့် ဒီအစီရင်ခံစာဟာ မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"အစီရင်ခံစာက ဒီကနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ ပဋိပက္ခရဲ့ လက်တွေ့ အခြေအနေတွေနဲ့ မကိုက်ညီဘူးလို့ ကျွန်တော် သုံးသပ်တယ်။ နောက်ပြီးတော့ လက်တွေ့လည်းမကျဘူး။ PDF တွေနဲ့ စစ်တပ်ကိုဆန့်ကျင်တဲ့အင်အားစုတွေ တိုက်ခိုက်သတ်ဖြတ်လို့သေရတာက ၂၀၀၀ ကျော်ဆိုတာ တကယ်အခြေအနေနဲ့ မကိုက်ညီဘူးလို့ သုံးသပ်တယ်"

မြန်မာလူ့အခွင့်အရေးကွန်ရက်(BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ လူသတ်မှုကျူးလွန်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့အတွက် တစ်ချိန်မဟုတ်တစ်ချိန် တာဝန်ခံရလိမ့်မယ်လို့ ပြောပါတယ်။

"လူသတ်မှုကျူးလွန်တာဟာဘယ်သူကပဲ ကျူးလွန်ကျူးလွန်၊ ဘယ်လိုနည်းနဲ့ပဲ ကျူးလွန်ကျူးလွန်၊ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ကျွန်တော်တို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တရားရုံးကချမှတ်တဲ့ သေဒဏ်တွေကိုတောင် ကျွန်တော်တို့ ဆန့်ကျင်နေတာ။ ဒါကြောင့်မိုလို့ ဘယ်သူကပဲ ဘယ်သူ့ကို သတ်သတ်၊ သတ်တယ်ဆိုတာကို ကျွန်တော်တို့ ရှုတ်ချတယ်၊ ကန့်ကွက်တယ်။ ဘယ်တော့မှအားမပေးဘူး။ ဒါဟာ တစ်ချိန်မဟုတ်တစ်ချိန် ဥပဒေအရ ငြိမယ်ဆိုတာကို ကျွန်တော်တို့ သတိပေးချင်တယ်"

PRIO အစီရင်ခံစာမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလနောက်ပိုင်းအခြေအနေတွေ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရဲစခန်းအနီးမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ပစ်သတ်ခံရတဲ့ ဦးလွင်မျိုးဦးအား တွေ့ရစဥ်။ (Photo: TKT-NEWS)
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရဲစခန်းအနီးမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ပစ်သတ်ခံရတဲ့ ဦးလွင်မျိုးဦးအား တွေ့ရစဥ်။ (Photo: TKT-NEWS)

စစ်ကောင်စီကတော့ အာဏာသိမ်းချိန်ကနေ ၂ဝ၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ PDF တွေရဲ့ လက်ချက်ကြောင့် ကလေး ၁၆၂ ဦး၊ ဆရာ၊ ဆရာမ ၇၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၆ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၇၇၃ ဦး အပါအဝင် ပြည်သူ ၅,၄၇၅ ဦး သေဆုံးခဲ့တယ်လို့ ဧပြီလ ၆ ရက်နေ့က နောက်ဆုံးထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကလည်း အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်အထိ ပြည်သူ ၃၈၁၈ ဦးကို စစ်တပ်က အကြောင်းမဲ့သတ်ဖြတ်ခဲ့တယ်လို့ ဇွန်လ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

PRIO ကတော့ ကုလသမဂ္ဂအနေနဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် ၂၆၆၉ နဲ့အညီ မြန်မာနိုင်ငံမှာ အရပ်သား သတ်ဖြတ်ခံရမှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်မယ့် ယန္တရားတစ်ခုဖန်တီးဖို့ အကြံပြုထားပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ဟာ အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့၊ တင်းမာမှုတွေကို လျှော့ချဖို့ ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ လွတ်လပ်စွာပေးခွင့်ပြုဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။