ဘေ့စ်ဂီတသမားကနေ လက်နက်ကိုင်လမ်းစဉ်ရွေးချယ်ခဲ့သူ ကေအိုင်အေ စစ်ဦးစီးချုပ်

RFA Burmese
2024.05.18
ဘေ့စ်ဂီတသမားကနေ လက်နက်ကိုင်လမ်းစဉ်ရွေးချယ်ခဲ့သူ ကေအိုင်အေ စစ်ဦးစီးချုပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း (Rukhkyawng Hkawng Lum) အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
NUG

R.HKawng Lum နာမည်နဲ့ Bass ဂီတာတီးခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း (Rukhkyawng Hkawng Lum) ရဲ့ ရုပ်အလောင်းကို မေ ၁၆ ရက်နေ့က လိုင်ဇာမှာ မြေချသင်္ဂြိုဟ်ခဲ့ပါတယ်။

KIA ရဲ့ စစ်ဦးစီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အမှတ် (၁) စစ်ဒေသမှူးအဖြစ် တာဝန်ယူနေပြီး ရင်းနီးသူတွေက ဂွတို လို့ခေါ်ကြတဲ့ အသက် (၆၁) နှစ်အရွယ် စစ်ဦးစီးချုပ် R.ခေါင်လွမ်းက မေလ ၁၃ ရက်နေ့မှာ လိုင်ဇာမှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကနေ ဓာတုဗေဒ ပညာရပ်နဲ့ဘွဲ့ရခဲ့တဲ့ စစ်ဦးစီးချုပ်က ၁၉၈၈ ခုနှစ်မှာ KIA ထဲစတင် ဝင်ရောက်လာပြီး အဆိုတော်မွန်းအောင်ရဲ့ ၈/၈၂ အင်းလျားသီချင်းမှာ Bass ဂီတာတီးပေးသူ ဖြစ်တယ်လို့ ရင်းနှီးသူတွေက ပြောပါတယ်။

၂၀၂၁ လောက်ကနေ အသည်းရောဂါ ဖြစ်နေတာကို သိပေမဲ့ ဆေးမကုဘဲ အများအတွက် စစ်တိုက်တာကို ဦးစားပေးခဲ့တာဖြစ်တယ်လို့ စစ်ဦးစီးချုပ် နောက်ဆုံး ကချင်လိုပြောဆိုထားတဲ့ အသံဖိုင်တစ်ခုလည်း အွန်လှိုင်ပေါ်မှာ ပျံ့နှံခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်မှာလည်း အချိန်ပြသနာပေါ့။ အချိန်တစ်ခုထဲမှာပဲ စစ်တိုက်မလား ဆေးကုမလားဆိုတဲ့ကိစ္စမှာ ကျွန်တော်ကတော့ စစ်တိုက်ဖို့ကိုရွှေးလိုက်တာပေါ့။ ဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ။ နေမကောင်းတာကို အောက်အီးခံပြီး စစ်တိုက်တာကို ဦးစားပေးလိုက်တာ ဆေးကမကုဘဲ တိုင်းရင်းဆေးတွေနဲ့ပဲ ထိန်းလိုက်ပြီး အခုက တစ်ပိုင်းပြီးလာပြီတော့ နည်းနည်းပင်ပန်းသလို ခံစားလာရပြီ ဘယ်လိုဖြစ်လာမယ်မသိတော့ဘူး။ ၂၀၂၂ လောက်ကနေ ဆေးကုတဲ့ဘက် အားစိုက်လိုက်ရင်တော့ အဆင်ပြေရင်ပြေမယ်ပေါ့။ ဒါပေမဲ့ အဲချိန်မှပဲ ပိုအရေးကြီးတာတွေဖြစ်လာတော့ ဆေးကုတဲ့ဘက် မစဉ်းစားနိုင်တော့တာပေါ့။ အခုတစ်နှစ်နဲ့ ၆ လ ကြာလာပြီလေ ဒါပေမဲ့ စိတ်ကျေနပ်ပြီ။ ကချင်အမျိုးသားတွေ အတွက်အများကြီးလုပ်ပေးနိုင်ခဲ့ပြီ။”

သူဟာ ပြတ်သားသူ၊ ဆုံးဖြတ်ချက်ခိုင်မာ၊ အပေါင်းအသင်းတွေကြား ခင်မင်တတ်သူနဲ့ အများအကျိုး အတွက် ဦးစားပေးသူဖြစ်တတ်သူဖြစ်သလို ၁၉၈၈ အရေးအခင်းချိန် မြစ်ကြီးနား သပိတ်အတွက် တော်လှန်ရေး သီချင်းတွေကို ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ ရင်းနှီးသူတွေက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ် အတူ တက်ခဲ့ပြီး 7 Knight music Band တီး၀ိုင်းနဲ့ သီချင်းတွေ အတူဆိုခဲ့ကြသူ ဆရာတော် အရှင်ဝိဇယ (ဝါရှောင် ဆရာတော်) ကလည်း စစ်ဦးစီးချုပ်က ဂီတက ရူးသွပ်ခဲ့သူဖြစ်တယ်လို့ မိန့်ကြားပါတယ်။

“သူကတော့ ဂီတတော့ ရူးရူးသွပ်သွပ် တောက်လျှောက် ဂီတတွေပဲ လုပ်တာလေ။ ဘုန်းဘုန်းတို့ မြစ်ကြီးနားမှာ ၈၀ ကျော်ပိုင်း လောက်ကတည်းက သူတို့က Music ကို စပြီး ဝါသနာလုပ်ကြတာပေါ့ စပြီး သူ ရန်ကုန် ကျောင်းသွားတက်တဲ့အချိန်ကတော့ ပိုပြီးတော့လုပ်နိုင်တာပေါ့။ Music က သူ့အတွက် အသက်လို့ပဲပြောရမှာ ပေါ့။ မြန်မာပြည်မှာသူကို အဲဒီတုန်းက တိတိကျကျမဟုတ်လည်း ကိုယ်မှတ်မိသလောက် နံပါတ် ၁၀ လောက် ဒီ Bass က သူ့ရဲ့ ကိုင်ပုံကိုင်နည်းလေးတွေလည်း အတော်လှတာကိုး။ အလိုမျိုး ဗမာပြည်မှာ တန်းဝင်တဲ့ Player တစ်ယောက်အဆင့်ထိ သူ လုပ်ခဲ့တာပေါ့လေ။”

၁၉၈၆ ခုနှစ်ဝန်းကျင် မြစ်ကြီးနားဆေးရုံကြီးရှေ့က သင်္ကြန်မှာ 7 Knight တီး၀ိုင်းမှာ စစ်ဦးစီးချုပ်က Bass တီး ဆရာတော်က ဆိုနေချိန် စစ်ဦးစီးချုပ်က Bass ကို ဒရမ်တီးတဲ့ တုတ်တံနဲ့ ရိုက်ပြီး လက်စွမ်းပြ တီးပြတာကို အခုထိ မြင်ယောင်နေဆဲ ဖြစ်တယ်လို့လည်း မိန့်ကြားပါတယ်။

စစ်ဦးစီးချုပ်ဟာ သူတတ်သိတဲ့ ဂီတပညာကို ဂျူနီယာတွေအတွက်လည်း လက်တွဲလမ်းပြ ပေးတဲ့သူလည်း ဖြစ်တယ်လို့ မိန့်ကြားပါတယ်။

၂ဝ၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့က NUG နှင့် KIA တို့ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီ ဘွမ်ရေဘွမ့်တပ်စခန်းတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ကြသည့် KIA ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းနှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။ (Photo: NUG)
၂ဝ၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့က NUG နှင့် KIA တို့ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီ ဘွမ်ရေဘွမ့်တပ်စခန်းတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ကြသည့် KIA ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းနှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။ (Photo: NUG)

အဆိုတော် ခင်မောင်တိုးနဲ့ မဇ္ဈိမလှိုင်က ကိုရဲလွင်တို့က သူ့ကို ချစ်ကြပြီး မဇ္ဈိမလှိုင်တွေမှာလည်း Bass ဂီတာတီးခဲ့သလို ရန်ကုန်မှာတုန်းက ရိုးမ၊ အင်းယားလမ်းနဲ့ ဂျက်ဆင် ရှေ့တွေမှာ သွားခဲ့တဲ့အချိန်တွေလည်း များခဲ့တယ်လို့ ပြောပါတယ်။

လော်ဝေါ်တိုင်းရင်းသားဖြစ်တဲ့ စစ်ဦးစီးချုပ်ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရှိုးပွဲတွေ တက်တိုင်း သူ့လော်ဝေါ်ရိုးရာအင်္ကျီကို အမြဲလိုလို ဂုဏ်ယူစွာဝတ်ဆင်ပြီး တက်သူဖြစ်တယ်လို့လည်း ပြောပါတယ်။

အမျိုသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ် တာဝန်ယူချိန်ကတည်းက NUG ရဲ့ အမှတ် (၁) စစ်ဒေသမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းအထိ မြေပြင်ဆင်းခဲ့တယ်လို့ ပြောပါတယ်။

“ဒီကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေက ပြောမယ်ဆိုလို့ရှိရင် အချိန်တိုအတွင်းမှာ အရာရှိငယ်သင်တန်းတွေ ပေးဖို့ဆိုတာ မလွယ်ဘူးလေ အရာရှိငယ် မရှိတဲ့အခါကြတော့ PDF တွေ ဦးဆောင်ပြီးတော့ ကျွန်တော်တို့ KIA ဘက်က ဗိုလ်ကြီးအဆင့် အထက်ပိုင်းတွေပေါ့နော် တော်တော်များများကို ရာထူးခန့်ပြီးတော့ တပ်ရင်းမှူးတွေ အကုန်လုံးကို သူပဲဦးဆောင်ပြီးတော့ အဖွဲ့ ဖွဲ့ပေးတယ်။ အဲတော့ ကျွန်တော်တို့က အချိန်တိုအတွင်း တပ်ရင်းတပ်ဖွဲ့တွေ စနစ်တကျ ဖွဲ့လာနိုင်တယ်ပေါ့၊ ပြောမယ်ဆိုရင်တော့ လက်နက်အင်းအား လူအင်အား တော်တော်များများ သူလုပ်ပေးခဲ့တာ ဟုတ်တယ်”

KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူနဲ့ မွေးနှစ်နဲ့ မွေးလတူသလို ရန်ကုန်တက္တသိုလ်လည်း အတူတက်ခဲ့တဲ့ သူရဲ့သူယ်ချင်းကို “ငါတို့ရဲ ချစ်ခြင်းမေတ္တာနဲ့ လေးစာမှုတွေကို ထွေးပိုက်ပြီး အဖဘုရားသခင်ရဲ့ ရင်ခွင်မှာ အေးငြိမ်းစွာ နားခိုပါ သူငယ်ချင်း” လို့ သူ့ရဲ့ လူမှုကွန်ရန် စာမျက်နှာက ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားပါတယ်။

ပြီးတော့ “ငါတို့ နှစ်ယောက်‌ပေါင်းရင် ကေအိုင်အိုအတွက် တစ်ရှဉ်းဖြစ်တယ်” ဆိုပြီးလည်း စစ်ဦးစီးချုပ်က မကြာမကြာ ပြောတတ်တယ်လို့လည်း ရေးသားထားပါတယ်။

GM.jpg

KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူကလည်း စစ်ဦးစီးချုပ် ကွယ်လွန်ခြင်းက KIA အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားတယ်ဆိုတာကတော့ ကေအိုင်အေအတွက်လည်း ဆုံးရှုံးမှုတွေရှိပေါ့။ သူက စစ်ဦးစီးချုပ်ဆိုတော့ လက်တွေ့မှာက စစ်ဆင်ရေးလုပ်နေတဲ့ အချိန်ကာလလည်း ဖြစ်နေတယ်။ သူ့ရဲ့ လုပ်လက်စတာဝန်တွေကိုပေါ့နော် တက်လုပ်ဖို့လည်း ကျွန်တော်တို့အတွက် အခက်အခဲ ဖြစ်တယ်ပေါ့”

သူရဲ့ ခေါင်းဆောင်မှုနဲ့ မတ်လ (၇) ရက်နေ့ကနေ စတင်တဲ့ ကချင်စစ်ပွဲအတွင်း အရေးပါးတဲ့ စစ်ကောင်စီတပ် စခန်းပေါင်း ၈၀ ကျော်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဦးစီးချုပ်က ရာထူးတွေ အာဏာပါဝါပြတဲ့ အကျင့်မရှိတဲ့သူလည်း ဖြစ်တယ်လို့ ဝါရှောင်ဆရာတော်က မိန့်ကြားပါတယ်။

“သူက သူငယ်ချင်းတွေကို ချစ်တယ်ခင်တယ်၊ နောက်ပြီးမှ သူရဲ့ အဲဒီဗိုလ်ချုပ်တို့ ဘာတို့ညာတို့ သူရရှိထားတဲ့ ရာထူးအဏာတွေ ပါဝါပြတဲ့အကျင့် မရှိဘူး။ အားလုံးကို လက်အောက်ငယ်သားတွေပဲဖြစ်ဖြစ် သူငယ်ချင်းတွေပဲဖြစ်ဖြစ် ဘော်ဒါတွေ စိတ်ထားတယ်ပေါ့လေ။ နောက် သူက ဗမာပါးဝတယ် သူက ဗမာစကားပြောရင်တောင် ဘုန်းဘုန်းထက်တောင် ပီသေးတယ်။ ဗမာသံစစ်စစ်နဲ့ ပြောတယ်။ အဲကောင် မင်းသွားမလုပ်နဲ့ကွ ပါးပိတ်ရိုက်မှာ မဟုတ်လောက်ပါဘူးကွ သူက အဲလိုပြောတာ။ ဗမာသံပီပီသသ သူပြောတယ်။”

သူမဆုံးခင်တစ်နေ့မှာပဲ ငြိမ်းချမ်ရေးရလို့ရှိရင် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က စစ်ဝတ်စုံနဲ့ ဒရမ်တီး စစ်ဦးစီးချုပ်က Bass တီး ဘုန်းဘုန်းက သီးချင်းဆို ဘယ်လောက်ပျော်လိမ့်မလဲဆိုပြီး တွေးမိခဲ့သေးတယ်လို့ မိန့်ကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

NayMin
2024-05-21 03:46

လက်နက်ကိုင်လုပ်ငန်းက ဝင်ငွေကောင်းတယ်ဗျ