ခင်ဦးနဲ့ ရွှေဘိုမှာ စစ်ကြောင်းကြောင့် ဒေသခံနှစ်သောင်းခန့် ထွက်ပြေးရ၊ သုံးဆယ်ခန့် အဖမ်းခံထားရ

RFA Burmese
2023.10.15
ခင်ဦးနဲ့ ရွှေဘိုမှာ စစ်ကြောင်းကြောင့် ဒေသခံနှစ်သောင်းခန့် ထွက်ပြေးရ၊ သုံးဆယ်ခန့် အဖမ်းခံထားရ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် မနက်ပိုင်းက တွေ့ရစဉ်။
ကိုလူချော

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ရွှေဘိုမြို့နယ်က ရွာတွေကို အောက်တိုဘာလ ၁၄ ရက်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းလေးကြောင်းက နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ ဝင်ရောက်စီးနင်းနေလို့ နှစ်မြို့ပေါင်းက ဒေသခံနှစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ခင်ဦးနဲ့ ရွှေဘိုမြို့နယ် ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်မနက်မှာလည်း ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာအနီး စစ်ကြောင်း ထိုးလာချိန်မှာ ထွက်ပြေးကြတဲ့ အရပ်သားသုံးဆယ်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ခင်ဦးမြို့နယ်၊ သိန်တော်ရွာတောင်ဘက်ကို အင်အား ၁၂၀ ပါ စစ်ကြောင်းက စစ်ကြောင်းထိုးနေတာကြောင့် သိန်တော်၊ ရုံးစု၊ ကြာပင်အိုင်၊ ညောင်ပင်ကြီးစု၊ ဗျိုင်းကြိုင်၊ မူးသာနဲ့ သက်ပေးရွာ အပါအဝင် ရွာဆယ်ရွာက ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးနေကြရတာပါ။

"အမျိုးသမီးတွေ၊ ကလေးမိခင်တွေ အဲလိုတွေပါတယ်လို့တော့ သတင်းရထားတယ်။ အရေအတွက်နဲ့တော့ မခွဲနိုင်သေးဘူးပေါ့။ သူတို့ (စစ်ကောင်စီတပ်) က လူသားဒိုင်းအနေနဲ့ ဖမ်းထားတဲ့ အနေအထားပါ"

စစ်ကြောင်းထိုးချိန်ဟာ မိုးရွာချိန်ဖြစ်ပြီး လမ်းအခြေအနေမကောင်းတာကြောင့် သတင်းကြားတာနဲ့ ကြိုတင် ထွက်ပြေးကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မိုးကလည်း တအားရွာနေတာနဲ့ဘာနဲ့ ပြည်သူတွေအတွက်တော့ နည်းနည်းတော့ စိုးရိမ်ကြောင့်ကြမှု များရတာပေါ့။ လမ်းပန်းဆက်သွယ်ရေးကလည်းမကောင်း၊ ရွှံ့တွေ၊ ဗွက်တွေနဲ့ ပြေးရလွှားရတာနဲ့။ စစ်ကြောင်း လာရင်တောင် ခါတိုင်းဆိုရင် ရွာနားကပ်မှတို့၊ နီးမှတို့ ပြေးထွက်တာမျိုးရှိတယ်ဗျ။ ဒီရက်ပိုင်းရောက်တော့ စစ်ကြောင်းလာပြီဆိုရင် ကြိုထွက်ထားရတော့ လမ်းက ရွှံ့တွေ၊ ဗွက်တွေနဲ့ဆိုတာ့ ရှောရှောရှူရှူမဖြစ်မှာစိုးလို့ နှောင့်နှေးမှာစိုးတော့ ကြိုထွက်ပြေးရတာပါ”

ခင်ဦးမြို့နယ်ထဲကရွာတွေကို ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာဘက်ကလာတဲ့ အင်အား ၁၂၀ ခန့်ပါစစ်ကြောင်းနဲ့ ရွာသစ်ကုန်းရွာမှာ အထိုင်ချထားတဲ့ အင်အားသုံးဆယ်ပါစစ်ကြောင်း ဝင်ရောက်နေသလို ဖုတ်ကုန်းရွာကိုလည်း အင်အားငါးဆယ်ခန့်ပါ စစ်ကြောင်း စီးနင်းဝင်ရောက်နေတာလို့ ခင်ဦးဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းမှာပဲ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ် ရွှေဘိုမြို့နယ်ထဲက သရက်ပင်ဝန်းရွာအနီးမှာ စစ်ကြောင်းလာလို့ ထွက်ပြေးတဲ့ ဒေသခံသုံးဆယ်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ခင်ဦးအထူးကာကွယ်ရေးတပ်ဖွဲ့ (KhinU Special Force Organization - KSO) တာဝန်ခံက RFA ကို ပြောပါတယ်။

“မနက်က သူတို့ (စစ်ကောင်စီတပ်) အထွက်မှာ တောထဲမှာ တိမ်းနေ (ရှောင်နေ) တဲ့ဟာကို သူတို့တိမ်းနေတဲ့ ဘက်ကို မလာဘူးထင်လို့ ပိတ်မိသွားတာ။ အမျိုးသမီးတွေ၊ ကလေးမိခင်တွေ အဲလိုတွေပါတယ်လို့တော့ သတင်းရထားတယ်။ အရေအတွက်နဲ့တော့ မခွဲနိုင်သေးဘူးပေါ့။ သူတို့ (စစ်ကောင်စီတပ်) က လူသားဒိုင်းအနေနဲ့ ဖမ်းထားတဲ့ အနေအထားပါ။ သရက်ပင်ဝန်းဘက်ကို ပြန်ဆုတ်သွားပြီဆိုတော့ သရက်ပင်ဝန်းထဲကို ခေါ်သွားမယ် ထင်တယ်”

ဖမ်းဆီးခံထားရသူတွေကို ဘယ်ရွာဆီ ခေါ်သွားလဲဆိုတာကိုတော့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အောက်တိုဘာ ၁၄ ရက်က ခင်ဦးမြို့နယ်ထဲဝင်ရောက်နေတဲ့ စစ်ကြောင်းကို ဒေသ ကာကွယ်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေမသိရသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ရွှေဘိုမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဗိုလ်မိကျောင်း)
စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ရွှေဘိုမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဗိုလ်မိကျောင်း)

ရွှေဘိုမြို့နယ်မှာတော့ ဘုံးဘွက်၊ အောင်ချမ်းသာ၊ ဇီးတော၊ ရုံးတောနဲ့ ဝက်လက် မြို့နယ်ထဲက စိုင်နိုင်ကြီး၊ စိုင်နိုင်လေး စတဲ့ရွာတွေက ဒေသခံတစ်သောင်းနီးပါးက ထွက်ပြေးနေရတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၃ ရဲ့ စစ်ရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“ရွှေဘိုမြို့နယ် အခြေအနေကတော့ အင်အားတစ်ရာခန့်က မနေ့ညက မုခ်ပေါက် (ရွှေဘိုမြို့အဝင်)ကနေ ထွက်လာခဲ့တာ။ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး၊ ဘုံးဘွက်ဘက်က ထွက်လာတာ။ အခုလက်ရှိတော့ စိုင်နိုင်ကြီးနဲ့ စိုင်နိုင်လေးအကြား မိုင်းသုံးပွိုင့် ထိထားတယ်။ ထိထားပြီးတော့ စိုင်နိုင်ကြီးကျေးရွာ အလယ်ခေါင်မှာ လောလောဆယ် သူတို့ (စစ်ကောင်စီတပ်) ယာယီ တပ်စခန်းချထားတယ်”

အဲဒီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတဲ့ အခြေအနေနဲ့ နှစ်ဖက်တိုက်ပွဲအကြောင်း အသေးစိတ်သိရဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။