AA ခိုင်သုခရဲ့ ယောက်ဖနဲ့ ရွာသားတစ်ဦး အဖမ်းခံရတယ်လို့ သတင်းထွက်ပေါ်

ရခိုင်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကို တွေ့ရစဉ်
ရခိုင်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကို တွေ့ရစဉ် (Photo: AA)

0:00 / 0:00

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တန်းတင်ကျေးရွာအုပ်စု၊ ဓာတ်တော်ရွာမှာနေထိုင်တဲ့ ရခိုင်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခရဲ့ ယောက်ဖတော်စပ်သူ ဦးမောင်ဖြူသန်းနဲ့ ရွာသားတစ်ဦးကို တပ်မတော်က မနေ့ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေက ရေးသားနေ ကြပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်လို့ ရခိုင်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်း ရာမှာ အခုလိုပြောပါတယ်။

“အခုဖေ့စ်ဘွတ်မှာတက်လာတဲ့ နာမည်ကတော့ ကျနော့်ညီမ ယောင်္ကျား ကျနော့်ယောက်ဖပါ။ သားမက်တော့ မပါလောက်ပါဘူး။ သူနဲ့ နောက်တစ်ယောက်လို့ ပြောတာပဲ။ ကျနော်ကတော့ မိသားစုနဲ့ အဆက်အသွယ် မရှိတာတော့ နှစ်ပေါင်း ၃၀ ရှိနေပြီ။ အဲမှာတက်လာတဲ့ နာမည်တွေ့မှ ကျနော်ကလည်း သိတာ။ အမ်းဘက်မှာ ဟိုတခေါက်က ဖြစ်တဲ့ကိစ္စကတော့ တော်တော်လေးကြာပါပြီ။ ဒီကိစ္စနဲ့တော့ ဘာမှ မဆိုင်လောက်ပါဘူး။ ကျနော့်မိသားစုတွေကို ဖမ်းဆီးတယ်ဆိုတာကတော့ ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှုမရှိဘူး။ ဒါကတော့ သာမာန်အရပ်သားပြည်သူတွေကိုလုပ်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေထဲက တစ်ခု။”

ပြီးခဲ့တဲ့မေလက တပ်မတော်က ကားအစီး ၂၀ ပါတဲ့ ယာဉ်တန်းဟာ အမ်းမြို့နယ်အတွင်း ဖြတ်သန်းသွားစဉ် ဓာတ်တော်ရွာနဲ့ ခြေလျင်သွားရင် မိနစ် ၃၀ ခန့်သာဝေးတဲ့နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာရှိခဲ့ပြီး ထိခိုက်မှု အနည်းငယ်ရှိခဲ့တယ်လို့ တပ်မတော်ဘက်က သိရပါတယ်။

ကျနော့်မိသားစုတွေကို ဖမ်းဆီးတယ် ဆိုတာကတော့ ဘယ်လိုမှ ကျိုးကြောင်း ဆီလျော်မှုမရှိဘူး

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခရဲ့ အမျိုးတော်စပ်သူတွေကို တပ်မတော်က ဖမ်းဆီးထားတဲ့ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“မိုင်းဆွဲခံလိုက်ရတယ်။ အဲဒီလိုလုပ်တဲ့အပေါ်မှာ ဒါသည် ဘယ်သူလုပ်တာလဲ။ ဘယ်အဖွဲ့အစည်းက လုပ်တာလဲဆိုတာသိအောင် ကျနော်တို့ အမြဲတမ်းထောက်လှမ်းနေ တာ။ ဒီဓာတ်တော်ရွာက ဒီလူတွေသည် ဒီဟာလုပ်တဲ့အပေါ်မှာ သံသယရှိတယ်။ သူတို့ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးတဲ့အတွက် တာဝန်ရှိတဲ့သူတွေက ခေါ်ယူစစ်ဆေးတာဖြစ်ပါလိမ့်မယ်။ ကျနော့်အထင်ပြောတာပါ။ ဟုတ် မဟုတ် ရဲနဲ့ ခေါ်တာဖြစ်ပါလိမ့်မယ်။ ဖမ်းဆီးခေါ်ဆောင်တာတော့ မဟုတ်ပါဘူး။ တာဝန်ရှိတဲ့ အဖွဲ့ အစည်းတွေက ခေါ်ယူစစ်ဆေးတာ ဖြစ်ပါလိမ့်မယ်။”

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA က အမ်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထံ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူးရှင်။

(RFA သတင်းထောက် မဝေမာထွန်း က တင်ပြသည်)