ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ရွာ ရှစ်ရွာက ဒေသခံ လေးထောင်ခန့် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ယာတော်ရွာကို အင်အားနှစ်ရာကျော်ပါ စစ်ကြောင်း ဇွန်လ ၁၈ ရက် ဒီနေ့မနက် ၅ နာရီဝန်းကျင်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တာကြောင့် ယာတော်ရွာ အပါအဝင် နီးစပ်ရာ ရွာရှစ်ရွာက ဒေသခံ လေးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၂၈၀ ခန့်ရှိတဲ့ ယာတော်ရွာ အပါအဝင် သရက်ပင်စု၊ ကားဆိပ်၊ မကြီးအုပ်၊ မြင်းဒေါင်း၊ ကျွန်းတောကြီး၊ ဥယျာဉ်နဲ့ မြင်းကျရွာက ဒေသခံတွေ မိုးမလင်းခင် ဘေးလွတ်ရာ ထွက်ပြေးနေရတာပါ။

"ပြေးရလွှားရတယ်ဆိုတော့ သက်ကြီးရွယ်အိုတွေကို ဆွဲပြီးတော့မှ ပြေးရတယ်ပေါ့နော်"

အဲဒီစစ်ကြောင်းဟာ ရေဦးနဲ့ ခင်ဦးမြို့နယ်ကြားက မူးမြစ်ကိုဖြတ်ကူးပြီး ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကြာပန်းညိုကျေးရွာ (ရေဦးမြို့နယ်) ဘက်အခြမ်းကနေပြီးတော့ မူးမြစ်အရှေ့ဘက် ကနေ ခင်ဦးနယ် ယာတော်ရွာကို မီးရှို့နေတယ်။ ဘယ်နှစ်အိမ်မီးလောင်လဲဆိုတာ မသိရသေးဘူး။ ယာတော်ရွာကိုမီးရှို့တော့ အဲဒီဘက်က ကျွန်းတောကြီး၊ ကျွန်းတောလေး၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကြီးအုပ်၊ မြင်းကျ အဲဒီရွာက လူလေးထောင်လောက်က ထွက်ပြေးနေရတယ်”

ဒီနေ့မနက် ယာတော်ရွာမှာ နေအိမ်သုံးလုံးမီးရှို့ခံရပြီး ယာလုပ်နေရင်း ထွက်ပြေးလို့မလွတ်တဲ့ အသက် ၃၀ ကျော် အရွယ် ကိုငပေါ (နာမည်ပြောင်) နဲ့ ကိုကျော်ဝင်းထွန်းတို့ နှစ်ဦးကတော့ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးနေရတဲ့ ဥယျာဉ်ရွာခံတစ်ဦးကတော့ မနက်စောစောရှောင်တိမ်းခဲ့ရတာကြောင့် စားရေးသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

"ပြေးရလွှားရတယ်ဆိုတော့ သက်ကြီးရွယ်အိုတွေကို ဆွဲပြီးတော့မှ ပြေးရတယ်ပေါ့နော်။ ပြီးတော့ မိုးကတော့ မရွာတော့ ပြဿနာသိပ်မရှိဘူး။ ဒါပေမဲ့ စားရေးသောက်ရေး အဓိကကတော့ စားရေးသောက်ရေး ခက်တာပါ။ ၅ နာရီလောက်ထပြေးရတော့ ဘာမှလည်းမချက်နိုင်၊ မပြုတ်နိုင်ဘူးလေ။ ပြီးတော့ ကိုယ်ဘေးနားရွာတွေကလည်း တော်တော်များများ ပြေးနေရပြီ။ မလှမ်းမကမ်းဆို သာဝတ္တိဆိုရင်လည်း တော်တော်များပြေးကြပြီ ရှောင်ကြပြီပေါ့။ ရွာအနောက်ဘက်ခြမ်းက တချို့ ရွာတွေလည်းရှောင်ကြပြီ။ ဘယ်ကိုထိုးမယ်မှန်း မသိတော့လေ။ အဲတော့ စားရေးသောက်ရေး အခက်အခဲရှိတာပဲ အဓိကက"

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်မှာ ယာတော်ရွာကို စစ်ကြောင်းသုံးကြောင်းခွဲ ဝင်ရောက်လာပြီး တစ်ကြောင်းက ကျွန်းတောကြီးရွာမှာ ကင်းပုန်းဝပ်နေတယ်လို့ ဆိုပါတယ်။

ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို နီးစပ်ရာရွာတွေက အကူညီပေးနေကြတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“နီးစပ်ရာရွာတွေ မြောက်ဘက်ကနေပြီးတော့ နီးစပ်ရာရွာ ထမင်းထုပ်တွေ ကူရတာပေါ့။ ကယ်ဆယ်ရေး ဆိုတာကတော့ စက်ဘီးတို့၊ ဆိုင်ကယ်နဲ့ ထွက်ပြေးကြ၊ လှည်းနဲ့ ထွက်ပြေးကြပေါ့ဗျာ။ ကူညီပေးနေတာကတော့ နီးစပ်ရာတွေက အကုန်ကူညီပေး ပါတယ်။ သီးသန့်ရယ်လို့တော့ မဟုတ်ဘူးပေါ့။ ရပ်ကျေးတွေကနေပြီးတော့ ပရဟိတစိတ်ဓာတ်နဲ့ ရဲဘော်တွေကပြန်ပြီးတော့ ကူညီကြရတာပဲဗျ”

ဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲကို ဇွန်လ ၄ ရက်ကနေ ၁၄ ရက်အထိ နှစ်ပတ်ကြာ ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး အခုက တစ်ကျော့ပြန်ဝင်လာတာလို့ ခင်ဦး မြို့နယ်ထဲမှာရှိတဲ့ PDF အဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယာတော်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုလူချော)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယာတော်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုလူချော)

ခင်ဦးမြို့နယ်အခြေစိုက် Khin U Special force Organization (KSO) ရဲ့ စစ်ရေး တာဝန်ခံကတော့ စစ်ကောင်စီတပ်တွေဟာ ၁၂၀ နဲ့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ်ခတ်ပြီး စီးနင်းနေတာလို့ RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ယာတော်နားတစ်ဝိုက်မှာရှိသေးတာ။ အစောက မီးရှို့တယ်။ အခုယာတော်ရဲ့ မြောက်ဘက်က ကျွန်းတောကြီးရွာထဲကို ရောက်နေပြီ။ သူတို့ (စစ်ကောင်စီတပ်) က ၆၀ မမတွေ၊ ၁၂၀ မမတွေနဲ့ သူတို့သွားမယ့် ရွာကို အရင်ပစ်ပြီးမှ ဝင်လာတာဆိုတော့ အဲဒါတွေကို သတိထားနေရတယ်”

ဇွန်လ ၁၈ ရက် နေ့လယ်အထိတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ စစ်အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း နေအိမ် ၅၃၈၁၆ လုံး မီးရှို့ခံခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။