ကယားမှာ သုံးလအတွင်း လူပေါင်း ၃၇၀၀ ကျော် ကိုဗစ်ကူးစက်ခံရ၊ ၁၅၁ ယောက်သေဆုံး

ကရင်နီပြည်နယ် စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ရှောင်ဒုက္ခသည်များအား Free Burma Ranger-Karenni အဖွဲ့က အောက်တိုဘာ ၅ ရက်နေ့က ကူညီလှူဒါန်းနေစဉ်။
ကရင်နီပြည်နယ် စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ရှောင်ဒုက္ခသည်များအား Free Burma Ranger-Karenni အဖွဲ့က အောက်တိုဘာ ၅ ရက်နေ့က ကူညီလှူဒါန်းနေစဉ်။ (Photo: Free Burma Ranger-Karenni)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ ကယားပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့သူ လူနာ မရှိသလောက်နည်းခဲ့တဲ့ ပြည်နယ်ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ အုပ်ချုပ်တဲ့ ပြီးခဲ့တဲ့ ၃ လအတွင်းမှာတော့ ကယားပြည်နယ်မှာ လူပေါင်း ၃၇၀၀ ကျော် ကိုဗစ်ကူးစက်ခံရပြီး ၁၅၁ ယောက်သေဆုံးခဲ့ရပါတယ်။

ကိုဗစ်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေသခံလူငယ်တစ်ဦးကတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေဟာ တစ်နေရာတည်းမှာ စုပြုံပြီး နေနေကြတာကြောင့် ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတာလို့ RFA ကိုပြောပါတယ်။

"မေလလောက်က တိုက်ပွဲစဖြစ်ပြီးနောက်ပိုင်းမှာ ကိုဗစ်ကူးတာ ပိုများလာတယ်။ တိုက်ပွဲဖြစ်တော့ ရွာသူ ရွာသားတွေက တွေ့ရာနေရာကို အားလုံးထွက်ပြေးကြတာ။ ထွက်ပြေးရတော့ ကိုဗစ်က အာရုံထဲမှာ မရှိတော့ဘူး။ အသက်ဘေးလွတ်ဖို့ပဲ အာရုံရတယ်။ ကိုဗစ်နဲ့ ပတ်သက်တဲ့ အကာအကွယ် လုပ်ရမှာတွေ အသိပညာတွေက ခေါင်းထဲမှာ မရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကူးမယ်ဆိုတာလည်း မသိတော့ဘူး"

တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်နေတဲ့ ဒီးမော့ဆိုနဲ့ လွိုင်ကော်ဘက်က ဒုက္ခသည်စခန်းတွေမှာ အဆိုးဆုံး ကိုဗစ်ကူးစက်ခံနေရပြီး လူတော်တော်များများမှာ ကိုဗစ်လက္ခဏာတွေ ပြနေတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး ကိုဗစ်စစ်ပေးတဲ့အချိန်မှာ တစ်ရက်ကို လူတစ်ရာကျော် ကိုဗစ် ကူးစက် ခံထားရတာကို တွေ့နေရပေမယ့် တကယ့်လက်တွေ့ မြေပြင်မှာ ကူးစက်ခံရသူက တော်တော်များနေပြီ လို့လည်း ပြောပါတယ်။

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ရောဂါ ပထမဆုံးစတွေ့ခဲ့တဲ့ ၂၀၂၀ မတ်လကနေ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အချိန်ကာလအတွင်း နောက်ဆုံးရရှိထားတဲ့ စာရင်းအရ တစ်နိုင်ငံလုံး ကူးစက်ခံရတဲ့သူ တစ်သိန်း လေးသောင်းနဲ့ တစ်ရာ့ငါးဆယ်၊ သေဆုံးသူ ၃၁၅၀ ရှိခဲ့ပါတယ်။

အဲ့ဒီထဲမှာ ကယားပြည်နယ်က ကူးစက်ခံရတဲ့သူ ၇၁ ယောက်နဲ့ သေဆုံးသူ တစ်ယောက်ပဲ ရှိခဲ့ပါတယ်။ ကယားပြည်နယ်ဟာ ဗိုင်းရပ်စ်နောက်အကျဆုံး ကူးစက်ခံရတဲ့ ပြည်နယ်ဖြစ်သလို တခြားတိုင်းနဲ့ ပြည်နယ် တွေမှာ ကူးစက်နှုန်းနဲ့ နှိုင်းယှဉ်ရင် အလွန်ကို နည်းတဲ့ ပမာဏဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးနောက် ကယားပြည်နယ်ဘက်မှာ ကိုဗစ်ကူးစက်မှုနှုန်းတွေ တဟုန်ထိုး တက်လာပါတယ်။

စစ်အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာ နိုင်ငံရေးအခြေအနေတွေကြောင့် ကိုဗစ်မစစ်ဆေးနိုင်ခဲ့သလို အချက်အလက်တွေလည်းမရှိခဲ့ပါဘူး။

စစ်ကောင်စီလက်ထက် ပြည်နယ် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လကုန်ပိုင်းကနေ ပြန်စစ်ဆေးနိုင်ခဲ့ပြီးတော့ ဒီအောက်တိုဘာလ ၃ ရက်နေ့အထိ သုံးလအတွင်းမှာ လူအယောက် ၃၇၇၁ ယောက် ကိုဗစ်ကူးစက်ခံရပြီး၊ ၁၅၁ ယောက် သေဆုံးခဲ့ရပါတယ်။

စစ်ဘေးကြောင့် တစ်ရွာနဲ့ တစ်ရွာ ကူးသန်းပြေးရချိန်မှာလည်း ကိုဗစ်ကပ်ဘေးကြောင့် အခက်အခဲ ဖြစ်နေရပြန်တယ်လို့ ဒေသခံတစ်ဦးကလည်း RFA ကို ပြောပါတယ်။

"တစ်ရွာနဲ့တစ်ရွာကြား အချင်းချင်းစကားများတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေလည်းဖြစ်နေတယ်။ ထွက်ပြေးလာတဲ့ရွာက ကိုဗစ်မဖြစ်ပေမယ့်လည်း ကိုဗစ်ဖြစ်တဲ့နေရာကနေ လာတယ်ဆိုပြီး စစ်ဘေးရှောင် တွေကို ရွာထဲအဝင်မခံတာရှိတယ်။ တဖက်မှာလည်း ရွာပစ်ပြီးပြေးလာရတာ တဒုက္ခ၊ ရွာတွေကို ရောက်ပြန်ရင်လည်း လက်မခံတာ တဒုက္ခ"

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အယောက်နှစ်သိန်းနဲ့ ရှစ်ရာနီးပါး ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီလထဲမှာ ထုတ်ပြန် ထားပါတယ်။

ကယားပြည်နယ်တွင်း ဒုက္ခသည်အရေး အကူအညီပေးနေသူတွေကတော့ ကယားလူဦးရေ တစ်သိန်း ခုနစ်သောင်းကျော်ဟာ ဒုက္ခသည်စခန်း ၂၀ လောက်မှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေအတွက် အခက်အခဲတွေရှိနေတယ်လို့ ပြည်နယ် ကျန်းမာရေးမှူး ဦးဌေးလွင်က RFA ကိုပြောပါတယ်။

"တစ်နယ်နဲ့ တစ်နယ်ကူးသန်းသွားရတာ ဘာပဲပြောပြော မလွယ်လှဘူး။ ဆေးရုံပို့တာ လူနာတွေ သွားရလာရတာ နည်းနည်းတော့ အခက်အခဲတော့ ရှိတယ်။ ဆေးဝါးတွေ လူနာတွေ မဝယ်ရအောင် ကျနော်တို့တော့ ရှိတဲ့အင်အားနဲ့ စောင့်ရှောက် ကုသပေးနေပါတယ်"

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လူတွေစုပြုံနေတာကြောင့် ကိုဗစ်ကူးစက်မှုနှုန်းတွေ တိုးလာတာလားဆိုတဲ့ RFA ရဲ့ မေးမြန်းချက်ကိုတော့ ဦးဌေးလွင်က ဒီစစ်ဘေးဒုက္ခသည်စခန်းတွေဟာ အစိုးရ အသိအမှတ်ပြု ဖွင့်ထားတဲ့ စခန်းတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြန်လည်ခုခံတဲ့ ပြည်နယ်တွေထဲမှာ ကယားပြည်နယ် ဟာလည်း တစ်ပြည်နယ်ဖြစ်ပါတယ်။ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေ သုံးဖွဲ့ပေါင်းပြီး စစ်ကောင်စီနဲ့ တိုက်နေကြတာပါ။

a2b039c0-e63b-43b5-8640-a47e64b6b28d.jpeg

တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ ကယားပြည်နယ်က စစ်ရှောင်ပြည်သူများကို ဇွန်လလယ်ပိုင်းက တွေ့ရစဉ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ စက်တင်ဘာလထဲထိ အချိန် ရှစ်လနီးပါးအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း သေဆုံးရတဲ့ အရပ်သားပြည်သူ ၉၃ ယောက်ထက်မနည်းရှိပြီး ဒေသခံ PDF ဘက်က ၁၆ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၂၄ ဦး ရှိတယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ကြား တိုက်ပွဲတွေအတွင်း အကျအဆုံး စာရင်းတွေကို တရားဝင် ထုတ်ပြန်ထားတာမရှိပါဘူး။

စစ်ကောင်စီဘက်က ထိုးစစ်တွေ ဆင်နေတာကြောင့် ပြည်နယ်တွင်းတိုက်ပွဲတွေကတော့ ဆက်ရှိနေဦးမှာ ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း တောင့်ခံထားကြဖို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ ပြောခွင့်ရှိသူက တိုက်တွန်းပါတယ်။

"ဒီအခြေအနေက စစ်ကောင်စီကို တိုက်ကို တိုက်ရမှာ။ အခုမှမတိုက်ရင် တလျှောက်လုံး တိုက်လို့ ရတော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အခုအချိန်မှာတော့ ဒီကပ်ဘေးဒုက္ခတွေကို ပြည်သူတွေ ရင်ဆိုင် ကျော်လွှားဖို့ လိုတယ်။ ဒီနေ့ ဒီဒုက္ခတွေ ကျနော်တို့ မရင်ဆိုင်ရင် နောင်နှစ်တွေမှာ စစ်ကျွန်ဘဝရောက်ပြီး ပိုပြီးတော့ ဒုက္ခတွေနဲ့ ခက်ခဲသွားနိုင်တယ်"

ကယားပြည်နယ်မှာ အရင်NLD အစိုးရ လက်ထက်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တစ်ယောက်ပဲရှိခဲ့ပါတယ်။ အခု စစ်ကောင်စီလက်ထက်မှာတော့ စာရင်းကောက်လို့ရတဲ့ သုံးလအတွင်းမှာတင် သေဆုံးတဲ့သူ ၁၅၁ ယောက် ရှိပါတယ်။ စစ်ကောင်စီနဲ့ ဒေသခံတပ်တွေအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးရတဲ့သူက ရှစ်လအတွင်း ၉၃ ဦးထက်မနည်း ရှိခဲ့တာပါ။ ကယားပြည်နယ်က ဒေသခံပြည်သူတွေကတော့ ကိုဗစ်ဒဏ်ရော စစ်ဘေးဒဏ်ရော အလူးအလဲ ဆက်ခံနေရဆဲဖြစ်ပါတယ်။