ကယားဒေသခံ ၂၂ ဦး တပ်မြေ ကျူးကျော်မှုဖြင့် တရားစွဲခံနေရ

နေမျိုးထွန်း
2019.10.31
army-land-622.jpg ကယားပြည်နယ် ဒီမောဆိုမြို့နယ်က တပ်မတော်ပိုင် မြေနေရာကို တွေ့ရစဉ်
Photo: Karenni State Farmer Union

ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမောဆိုမြို့နယ်တို့မှာ တပ်မတော်ပိုင် မြေနေရာပေါ်မှာ ကျူးကျော်စိုက်ပျိုးခဲ့တယ် ဆိုတဲ့  ဒေသခံ ၂ဝ ကျော် တရားစွဲခံနေရပြီး အဲဒီထဲက ၁၂ ဦးဟာ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ အထိန်းသိမ်းခံနေ ရပါတယ်။

တပ်မတော်က သိမ်းဆည်းထားတဲ့ မြေနေရာပေါ်မှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုပြီး လွိုင်ကော်မြို့နယ် ဒေါမူကလားရွာနဲ့ ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ရွာက ဒေသခံတောင်သူ ၂၂ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံနေရတာပါ။

လွိုင်ကော်မြို့နယ် ဒေါ့မူကလားရွာက သုံးဦးနဲ့ ဒီမောဆိုမြို့နယ် ဒေါဆိုရှေးရွာက  ကိုးဦးတို့ဟာ  အာမခံမရတဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု  ပုဒ်မ ၆/၁ နဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတယ်လို့ အဲဒီအမှုတွေကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးသန်းထိုက်အောင်က ပြောပါတယ်။

"အခုလက်ရှိ ကျွန်တော်လိုက်နေတဲ့အထဲမှာ လွိုင်ကော်မှာက ၄၄၇ နဲ့ စွဲခံရတဲ့သူ မရှိဘူးခင်ဗျ၊ အဲဒီ ၆/၁ နဲ့ပဲ ၄၄၇နဲ့ စွဲခံရတဲ့ဟာက ဒီမောဆိုကပဲပေါ့။ ၆/၁ တရားစွဲဆိုခံရတာက ၁၂ ယောက်၊  ၄၄၇ နဲ့ကတော့ ၂၂ ဦးပဲခင်ဗျ။ ဒီ ၄၄၇ နဲ့ စွဲထားတဲ့သူတွေကိုပဲ ၆/၁ နဲ့ ထပ်တိုးပြီး စွဲလိုက်တာ အဲလိုဖြစ်နေတယ်ခင်ဗျ"

ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ကျပ် ငါးသောင်း ငွေဒဏ်၊ သုံးလထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု  ပုဒ်မ ၆/၁ ကတော့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ၇ နှစ် ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ဒေသခံ တိုင်းရင်းသားတွေကို အရင်က စွဲဆိုထားတဲ့ ပုဒ်မတွေအပြင် နောက်ထပ် အာမခံ မရတဲ့ ၆/၁ နဲ့ ဖမ်းဆီးသွားတာတွေလည်း ရှိတယ်လို့ ကရင်နီပြည် တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။

"နောက်ထပ် အာမခံပေးလို့မရတဲ့ ပုဒ်မ ၆/၁ တရားစွဲဆိုထားတာတွေရှိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက် ဖမ်းထားတဲ့ တောင်သူ သုံးဦးဆိုတာက နဂိုကတည်းက ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုခံထားရပြီးသား သူတွေဖြစ်တယ်။ အဲဒီ ၂၁ ရက်နေ့မှာပဲ နောက်ထပ် ၆/၁ နဲ့ တရားစွဲပါတယ်ဆိုပြီး ဖမ်းသွားတယ်"

သူတို့ထဲမှာ အနည်းငယ်ကပဲ ပုံစံ ၇ ရှိကြတယ်လို့  ခူးတူရယ်က ပြောပါတယ်။

ဒေါ့ဆိုရှေ့ရွာက မြေသိမ်းမှုက အမှတ် ၃၆၀ အမြောက်တပ်နဲ့ သက်ဆိုင်ပြီး ဒေါမူကလား ကျေးရွာအနီးက မြေယာတွေကို အမှတ် ၃၅၆ အမြောက်တပ်နဲ့ အမှတ် ၂၅၀ ခြေမြန်တပ်တို့က ၁၉၉၀ လောက်က သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်က မြေသိမ်းခွင့်နဲ့ အရင်က သိမ်းဆည်းထားတဲ့ မြေဧက ၁၀၀၀ ကျော် ရှိပြီး ဒေသခံပြည်သူတွေ တောင်းဆိုမှုကြောင့် ဧက ၅၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်က စွန့်လွှတ်ထားကြောင်းနဲ့ လက်ရှိ အမှတ် ၃၆၀ အမြောက်တပ်မှာ ဧက ၅၀၀ ကျော် ကျန်ရှိတယ်လို့ တပ်မတော်ဘက်က RFA ကို ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီ မြေယာကိစ္စမှာ မရိုးသားမှုတွေရှိကြောင်း၊ တချို့လူတွေဟာ မူလပိုင်ရှင်မဟုတ်တာကြောင့် စွန်လွှတ်ပြီးတဲ့ နယ်မြေကို ဝင်ရောက်ပြီး ကျူးကျော်ရင်တော့ တရားဥပဒေအရ ဆောင်ရွက်ရမှာပဲလို့ ပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

"အခုအချိန်မှာ ကျွန်တော်ပြောလိုတာကတော့ မရိုးသားမှုတွေ တော်တော်ရှိပါတယ်။ တချို့လူတွေကြတော့ မူလပိုင်ရှင်တွေလည်း မဟုတ်ဘူး။ စွန့်လွှတ်ပြီးတဲ့ နယ်မြေမဟုတ်တဲ့ နယ်မြေကို ဝင်ရောက်ပြီးတော့ ကျူးလွန်တာ ရှိရင်တော့ တရားဥပဒေအရ ဆောင်ရွက်ရမှာပဲ။ ဧက တစ်ထောင် ရှိတဲ့နေရာမှာ ဧက ငါးရာကျော် စွန့်လွှတ်ပြီးပြီ။ ကျန်တဲ့ ဧက သူ့ရဲ့တပ်နယ်မြေထဲမှာ ဆောက်လုပ်ဖို့ အဆောက်အအုံတွေ၊ လုပ်ရမယ့်ဟာတွေ ရှိတဲ့အတွက် ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ဟာဖြစ်တယ်"

ဒေသခံတွေအနေနဲ့ တခြားနေရာမှာ လုပ်ကိုင်စားသောက်ဖို့ မြေနေရာ မရှိကြောင်းနဲ့ ဒေသခံတွေ လုပ်ကိုင် စားသောက်နေတဲ့မြေကို မစွန့်လွှတ်ဘဲနဲ့ တခြားအတွက် ဖြစ်နေတာကြောင့် ဒီမြေယာပြဿနာက အခုထိ မပြီးနိုင်တာဖြစ်တယ်လို့ ကရင်နီပြည် တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။

ဒီမှုကို လေ့လာသုံးသပ်နေတဲ့ ရှေ့နေ ဦးကျော်ဝဏ္ဏကတော့ အခုလို ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တောင်သူတွေဟာ ဒီမြေယာပေါ်မှာမှီပြီး ရှင်သန်နေရသလို လက်ရှိမှာ စားဝတ်နေရေး အဆင်မပြေမှုတွေရှိနေတာကြောင့် နောက်ဖြစ် လာမယ့် အကျိုးဆက်တွေ ဒီထက်မကြီးလာဖို့ အစိုးရကနေ အမြန်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ဒီလို စွဲခံနေရတဲ့ အတောအတွင်းမှာ တောင်သူလယ်သမားတွေဟာ စားဝတ်နေရေးလည်း လောလောဆယ် ထိခိုက်သွားပြီဗျ။ အားလုံးက ဒီမြေယာပေါ်မှာပဲ မှီတည်ပြီးတော့ သူတို့တွေ အသက်ရှင် နေထိုင်ရပ်တည် ကြတာပါ။ ဒီဟာကို အစိုးရက သေချာဝင်ရှင်းပေးတာလည်း မရှိဘူး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေလည်း ကိုင်တွယ်ဖြေရှင်းခိုင်းတော့လည်း ပြေလည်မှုမရှိတဲ့ အနေအထားတွေရှိတယ်။ နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို ဒီထက်ပိုမကြီးလာအောင် ဒါကို အစိုးရအနေနဲ့ အမြန်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်"

ဒေါဆိုရှေ့ရွာက ဒေသခံတောင်သူတွေကို  ဇူလိုင်လမှာ တပ်နယ်မြေ ကျူးကျော်တယ်ဆိုကာ ထိန်းသိမ်းခဲ့တာပါ။ ဒေါ့မူကလားရွာက ဒေသခံတွေကိုတော့ ဇွန်လမှာ ဖမ်းဆီးခဲ့တာပါ။ သူတို့ကို  ၁၂ ကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီးပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။