ကောလင်းမြို့ပေါ်က နေရာတချို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်
2024.02.11

စစ်ကိုင်းတိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်က နေရာတချို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် သတင်းစာတွေမှာတော့ ကောလင်းမြို့တစ်ခုလုံးကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကတော့ စစ်ကောင်စီတပ်ဟာ မြို့ပေါ်နေရာတချို့ကိုပဲ ထိန်းချုပ်ထားနိုင်သေးတယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်အထိ ကောလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
စစ်ကောင်စီဟာ မြေပြင်အခြေအနေထက်ပိုပြီး တမင်ဝါဒဖြန့်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
"ကောလင်းမြို့ရဲ့ လက်ရှိအခြေအနေကတော့လေ စစ်တပ်ဘက်က မြို့ရဲ့ အချို့သောနေရာတွေအထိကို ဝင်ရောက်လာနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်မြို့လုံးအနေနဲ့ ပြန်ပြီးတော့ စစ်တပ်ဘက်ကို ပြန်ပါသွားပြီဆိုတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူးဗျ။ ဒါကတော့ တမင်သက်သက်ရှိတာထက် ပိုပြီးတော့ ဝါဒဖြန့်ချိနေတာဖြစ်ပါတယ်ခင်ဗျ"
ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့တာပါ။
"တစ်မြို့လုံးအနေနဲ့ ပြန်ပြီးတော့ စစ်တပ်ဘက်ကို ပြန်ပါသွားပြီဆိုတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူးဗျ"
သုံးလနီးပါးအကြာမှာ စစ်ကောင်စီတပ်ဟာ ကောလင်းမြို့ကို ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်ကစလို့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေကိုသုံးပြီး စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တိုက်ပွဲ ၁၈ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ လက်ရှိမှာ စစ်ကောင်စီတပ်က ကောလင်းမြို့ တစ်ဝက်လောက်ပဲ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောပါတယ်။
"အတတ်နိုင်ဆုံးတော့ သူတို့ (စစ်ကောင်စီ) လုပ်တော့လုပ်နေကြတာပေါ့ဗျာ။ ရွှေပြည်အေး အခြေအနေကတော့ သူတို့လုပ်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ မကြားပါဘူး။ ကောလင်းမှာသာ စစ်ကြောင်းအင်အားအများစုနဲ့မို့လို့ သူတို့ နေရာတချို့အထိ ရောက်လာတဲ့အနေအထားပါ။ သူတို့ပြီးကျတော့ ထိုင်မလား၊ ရေရှည်ရော ထိုင်နိုင်မလား၊ မထိုင်နိုင်လားဆိုတဲ့ပုံစံမျိုးအပေါ်မှာလည်း မူတည်သေးတယ်လေ။ လောလောဆယ် တိုက်ပွဲအနေအထားပုံစံကို ပြောပြတာလေ။ တစ်ဝက်လောက်တော့ သူတို့ထိန်းချုပ်ထားတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်"
ကောလင်းမြို့ကို စစ်ကောင်စီဘက်က ဂုဏ်သိက္ခာအရ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ တိုက်ပွဲမဖြစ်ခင် ဒေသခံတွေ ကြိုရှောင်ခွင့်ရခဲ့ပြီး မြို့ပေါ်ကျန်ခဲ့တဲ့ ဒေသခံတချို့ သေဆုံးခဲ့တယ်လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။
"ကြိုရှောင်ခွင့်ရတယ်။ အစကတည်းက ဖယ်ခိုင်းတဲ့အထဲမှာ ကြိုရှောင်ဖို့ ပြောတယ်။ တချို့တော့ ပိတ်မိတာတွေ ရှိတယ်။ မနေ့ကဆိုရင်တော့ အဲလိုမျိုးပြည်သူတွေ အသတ်ခံရတာတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီပိတ်မိတဲ့သူတွေထဲက ပြီးသွားပြီ ဆိုပြီးတော့ (ပစ္စည်းတွေ) သွားထုတ်တဲ့ဟာတွေ စစ်ကောင်စီက ဖမ်းပြီးတော့ သတ်သွားတဲ့ဟာတွေလည်းရှိတယ်"
ဒီအပြင် ကောလင်းမြို့အနီးတစ်ဝိုက်မှာ တိမ်းရှောင်နေတဲ့ ဒေသခံတွေလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရာထပ်မံရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။
ကောလင်းမြို့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ ကောလင်းလိုမျိုး တခြား အသိမ်းခံထားရတဲ့မြို့တွေကိုလည်း ပြန်လည်သိမ်းယူလိမ့်မယ်လို့ ပြောပါတယ်။
"သိမ်းပါလိမ့်မယ်။ သူ (စစ်ကောင်စီ) အဲလိုအသိမ်းခံရတဲ့မြို့တွေကို ပြန်လုပ်ရဖို့ဆိုတာ ဒါကတော့ သူ့ဝတ္တရားပဲ။ ဒါပေမဲ့ ကောလင်းကတော့ ရိုးရိုးလေးဆိုတော့ ရှင်းပါတယ်။ ဒါမျိုးတွေကိုတော့ သူဆက်လုပ်မှာပေါ့နော်။ တဖြည်းဖြည်းပေါ့နော်။ အားလုံးကတော့ ပြန်သိမ်းသွားမှာပေါ့။ ခြုံငုံပြီးပြောလိုက်တာပေါ့နော်"
ဒါပေမဲ့ စစ်ကောင်စီတပ်အနေနဲ့ စစ်အင်အားစုစည်းမှုပိုင်းမှာတော့ လက်ရှိအချိန်မှာ အားနည်းနေသေးတယ်လို သူက သုံးသပ်ပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့ပေါင်းလေးဆယ်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့PDF တွေက စစ်ကောင်စီဆီကနေ တိုက်ခိုက် သိမ်းယူထားပါတယ်။