ကရင်နီ စစ်ဘေးဒုက္ခသည်တွေ တောင်ယာလုပ်နေရ

2022.06.22
ကရင်နီ စစ်ဘေးဒုက္ခသည်တွေ တောင်ယာလုပ်နေရ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒုက္ခသည်စခန်းတစ်ခုမှာ တောင်ယာလုပ်ကိုင်နေကြသည့် ကရင်နီစစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အခုမြင်တွေ့နေရတာကတော့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ ကရင်နီစစ်ဘေးဒုက္ခသည်တွေပါ။

ပြီးခဲ့တဲ့နှစ် မေလကတည်းက ဒီးမော့ဆိုမြို့နယ်ထဲက သူတို့ရဲ့ဇာတိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ KNDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ စတင်လာတာကြောင့် ဘေးလွတ်ရာ တောတောင်တွေ တစ်ဝိုက် လှည့်ပတ်ပြီး တိမ်းရှောင်နေကြရတာ အခုဆိုရင် အချိန်တစ်နှစ်ကျော်နေပါပြီ။

အစပိုင်းမှာ ပြည်တွင်း အလှူရှင်တချို့နဲ့ ပြင်ပနိုင်ငံတကာအဖွဲ့အစည်းတချို့ကနေ ဆန်၊ ဆီနဲ့ အခြေခံစားကုန် တချို့ကို ရရှိခဲ့ပေမယ့် အခုတော့ လှူမယ့်သူ လုံးဝ မရှိတော့ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

အလှူရှင်တချို့ ရှိကတည်းက ရရှိတဲ့ အထောက်အပံ့ပစ္စည်းတွေဟာ မိသားစုဝင်တွေ အားလုံး လောက်ငအောင် စားသောက်လို့ မရခဲ့ပါဘူး။ အခု အချိန်ကြာလာတာနဲ့အမျှ နေ့စဉ်ဝမ်းဝအောင် စားဖို့တောင် အခက်အခဲကြုံလာရပါပြီ။ အဲဒါကြောင့် ယာယီ ခိုလှုံနေရတဲ့ ဒီးမော့ဆိုအနောက်ခြမ်းက တောတောင်တွေတစ်ဝိုက်က တစ်ပါးသူတွေရဲ့ တောင်ယာတွေထဲမှာ စပါးနဲ့ အခြားသီးနှံတချို့ကို ဝမ်းရေးအတွက် ခက်ခက်ခဲခဲ စိုက်ပျိုးနေကြရပါတယ်။

ဆန်ပြီးရင် ဆီကလည်း အရေးကြီးတဲ့ အခြေခံစားကုန်ဖြစ်လို့ သူတစ်ပါးရဲ့ တောင်ယာခင်း ထဲမှာ မြေပဲအနည်းငယ်လည်း စိုက်ပျိုးထားတယ်လို့ စစ်ဘေးဒုက္ခသည် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“စစ်ရှောင်နေတာ ကြာပြီဖြစ်တဲ့အတွက် ကျမတို့ စားဝတ်နေရေး တစ်နိုင်တစ်ပိုင် ကျမတို့လုပ်အားနဲ့ ကိုယ့်လုပ်အားနဲ့ကိုယ် မြေပဲခင်းလေး နည်းနည်းပါးပါး လုပ်ဖြစ်တာပေါ့။ စစပိုင်းတုန်းကတော့ ဟင်းသီးဟင်းရွက်တို့၊ ဆေးဝါးတို့ နည်းနည်းပါးပါး လာလှူတာတွေ ရှိတယ်။ ဒီနောက်ပိုင်းတော့ အခြေအနေက ပိုဆိုးလာတော့ သိပ်ပြီး လာမလှူဖြစ်ကြဘူး။ ကျမတို့အတွက် ခက်ခဲလာတော့ အရေးကြီးဆုံးက လုံလုံလောက်လောက် စားသောက်ရဖို့နဲ့ ဆေးဝါးပေါ့၊ ဒါတွေက အရေးကြီးဆုံးပါပဲ”

သူနဲ့ သူ့မိသားစုဟာ ပြီးခဲ့တဲ့နှစ် မေလကတည်းက ဒီးမော့ဆိုမြို့နယ်ထဲမှာပဲ တစ်ရွာပြီး တစ်ရွာ၊ ဒုက္ခသည်စခန်း တစ်ခုပြီးတစ်ခု ပြောင်းရွှေ့နေထိုင်ခဲ့ရတာ အခု တောင်ယာ လုပ်နေတဲ့နေရာက လေးနေရာမြောက် ဖြစ်ပါတယ်။ ကိုယ်အမြဲလုပ်ကိုင်နေကျ ကိုယ့်ဇာတိ၊ ကိုယ့်တောင်ယာမဟုတ်ဘဲ တခြားသူတွေရဲ့ တောင်ယာခင်းမှာ အငှားလုပ်ကိုင် ရတာကြောင့် အစစအရာရာ ပိုခက်ခဲတယ်လို့ သူက ဆိုပါတယ်။

"အခု အလှူရှင် မလာတော့ဘူးဆို ကိုယ်က ဘာသွားစားကြ သောက်ကြမလဲပေါ့။"

ဒုက္ခသည် အမျိုးသမီးနောက်တစ်ဦးကတော့ ရွာတွေနဲ့ ဒုက္ခသည်စခန်းတွေကို စစ်ကောင်စီ တပ်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေလို့ အခုနေရာမှာလည်း အသက် အန္တရာယ်က လုံခြုံမှုမရှိဘူးလို့ ပြောပါတယ်။

စိုးရိမ်ကြောက်ရွံ့ပေမယ့်လည်း ဘဝရှင်သန်ရေးအတွက် တောင်ယာအလုပ်ကို အရဲစွန့်ပြီး လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

“စားဝတ်နေရေးကလည်း ရှိသေးတယ်လေ။ စားဖို့သောက်ဖို့က အရေးကြီးတယ်။ အလှူရှင်က ပုံမှန်ပေးမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ အခု အလှူရှင် မလာတော့ဘူးဆို ကိုယ်က ဘာသွားစားကြ သောက်ကြမလဲပေါ့။ အဲလိုမျိုးအတွေးနဲ့ အသက်စွန့်ပြီးမှ သွားရတယ်။ အခု စိုက်ထားတာလည်း စားရမယ်လို့တော့ မမျှော်လင့်ဘူး ပေါ့နော်။ ပြီးခဲ့တဲ့နှစ်ကလည်း ရွာမှာ စိုက်ပြီးမှ အဲလိုပဲ ထွက်ပြေးလာရတယ်။ အခုလည်း စိုက်တော့ စိုက်ထားတယ်။ စားရမလား၊ မစားရဘူးလား၊ ပြေးရဦးမလား၊ နေရဦးမလား၊ ရပ်ဝေးကို ထပ်ပြေးရဦးမလား အဲလိုမျိုးပဲ စမ်းတဝါးဝါးနဲ့ ဒီအတိုင်းနေမယ့်အစား ပေါ့နော်၊ ကံပဲဆိုပြီး စိုက်လိုက်တယ်”

စားစရာမရှိလို့သာ တောင်ယာစိုက်ပျိုးနေရတာ မြေဩဇာနဲ့ ပိုးသတ်ဆေးက အရမ်း ဈေးကြီးလို့ ဝယ်မသုံးနိုင်ဘူးလို့ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးဒေါမနိ က ပြောပါတယ်။

“သူတို့ အလကားတော့ တချို့ပေးလုပ်တယ်။ ရရင်လည်း ကိုယ့်အတွက်၊ ရှုံးရင်လည်း ကိုယ့်အတွက် ကြိုးစားပြီးလုပ်ရတာပေါ့။ အခက်အခဲကတော့ မြေဩဇာဈေး အရမ်း တက်တယ်။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ စဉ်းစားလို့ မရသေးဘူး။ မြေဩဇာတို့၊ ပိုးသတ်ဆေးတို့ တအားဈေးတက်တော့ ကျနော်တို့ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ အသီးအနှံကတော့ စားဖို့ ဖူလုံရုံပဲ မျှော်လင့်ထားတယ်။ စီးပွားဖြစ်တော့ မမျှော်လင့်ပါဘူး”

ပြည်တွင်းပြည်ပကနေ အကူအညီ အနည်းငယ် ရရှိပေမယ့် ပြည်နယ်လူဦးရေရဲ့ ထက်ဝက်ကျော် စစ်ရှောင် နေရတာကြောင့် လုံလောက်မှု မရှိဘူးလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Coordination Team For Emergency (Karenni) အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မော်သဲမာက မေလ ၃၀ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

karenni-idp
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒုက္ခသည်စခန်းတစ်ခုမှာ တောင်ယာလုပ်ကိုင်နေကြသည့် ကရင်နီစစ်ဘေးဒုက္ခသည် အမျိုးသမီးများကို ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

“နိုင်ငံတကာမှာ ရောက်နေတဲ့ ကရင်နီလူမျိုးတွေ၊ ပြီးတော့ တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေကနေ ရလာတာ အများဆုံးဖြစ်တယ်။ ဒီအပေါ်မှာ ကျမတို့ရလာတဲ့ဟာနဲ့ IDP တွေကို ကူညီပေးတယ်။ တခြား INGO ကပေးတဲ့ အကူအညီ ရှိတယ်။ နယ်စပ်ဖြတ်ကျော်အဖွဲ့တွေ ပေးတဲ့ အကူအညီတွေရှိတယ်။ ပြည်တွင်းကနေ ပေးတာရှိတယ်။ အရမ်းနည်းပါသေးတယ်။ NUG Humanitarian ကနေ တတ်နိုင်သလောက် ကူညီပေးတာတော့ ရှိတယ်။ လူထုတွေ အခက်အခဲကို ပြောမယ်ဆို အများကြီး ရှိပါသေး တယ်။ ဒီစားနပ်ရိက္ခာအပိုင်းပေါ့၊ ဒီနှစ်မှာဆို လူထုက အဓိက လယ်ယာမြေ မစိုက်နိုင်တော့ဘူး။ တောင်ယာမြေ မစိုက်နိုင်တော့ဘူးဆိုတော့ စားနပ်ရိက္ခာလည်း အခက်အခဲ အများကြီးရှိလာတယ်ပေါ့နော်”

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ နှစ်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ် (WFP) ကနေ လွိုင်ကော်မြို့ပေါ် ရပ်ကွက်နေလူဦးရေ ရှစ်သောင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရောက်နေတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည် ခုနစ်ထောင်အတွက် အခြေခံစားသောက်ကုန် ဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲ တချို့တော့ ရရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ လူဦးရေ နှစ်သောင်းခွဲကျော်အတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ကြောင်း ဇွန်လ ၁၀ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ ကရင်နီလို့ခေါ်တဲ့ ကယားပြည်နယ်မှာ အာဏာသိမ်း နောက်ဆက်တွဲ ပြည်တွင်းစစ်ကြောင့် ပြည်နယ်အတွင်းမှာပဲ ဖြစ်သလို နေရာပြောင်းရွှေ့ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် နှစ်သိန်းကျော်နေပြီလို့ ကရင်နီ လူမှုအသင်းအဖွဲ့ကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။