ကရင်လက်နက်ကိုင်တွေ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းနေ

ကရင်တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နဲ့ ကရင်ပြည်သူ ၁၅၀၀ နီးပါးဟာ ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ လှိုင်းဘွဲ့မြို့နယ် တကောရွာမှာ နိုဝင်ဘာလ ၁၁ ရက်က တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ပါဝင်ပါတယ်။ ကရင်လက်နက်ကိုင် လေးဖွဲ့နဲ့ ဒေသခံကရင်လူထုအကြား အခုတွေ့ဆုံမှု ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သလို အစိတ်စိတ်ကွဲနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေကို ပြန်လည်စုစည်းနိုင်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
"ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာ ဘာမှအဓိပ္ပာယ်မရှိဘူးဆိုတာ အဲဒါသွားရှင်းပြတာပဲ"
ဒီတွေ့ဆုံမှုမှာ သဘောတူညီချက် ကြီးကြီးမားမားမရပေမယ့် အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။
"ကိုယ့်ရဲ့ အခြားတစ်ဖက်မှာ အကျိုးပြုစေဖို့အတွက်ဆိုရင် ကိုယ့်အချင်းချင်းကြားမှာ ဖြစ်နေတဲ့ ပြဿနာကို ဖယ်ထားပြီးတော့ လုပ်နိုင်မှသာလျင် တခြားဟာကို အထောက်အကူပြုရာကျမယ်လေ။ တစ်စုံတစ်ခုသောသဘော တူညီချက်တွေ ကြီးကြီးမားမား မချနိုင်ဘူးဆိုပေမယ့် နားလည်မှုရှိရှိ ဆက်လုပ်နေမယ်ဆိုရင် ဒါက ကျနော်တို့အတွက် အများကြီး အပေါင်းလက္ခဏာဆောင်ပါတယ်။ အဓိကအားဖြင့် စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ အထူးသဖြင့် တိုက်ပွဲဝင်နေတဲ့ တစ်ပြည်လုံး အတိုင်းအတာနဲ့ဆောင်တဲ့ အနေအထားမှာ KNU ရဲ့အခန်းကဏ္ဍ ဘယ်လိုရှိတယ်ဆိုတာ ရှင်းပြတာပဲ။ အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံကလည်း မရှိတော့ဘူး။ ၂၀၀၈ အောက်ကနေ ရွေးကောက်ပွဲတွေလုပ်တယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာ ဘာမှအဓိပ္ပာယ်မရှိဘူးဆိုတာ အဲဒါသွားရှင်းပြတာပဲ"
အာဏာသိမ်းပြီးနောက် KNU က စစ်ကောင်စီတပ်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ရပ်တန့်ပြီး လက်နက်ကိုင်ခုခံမှုမှာ ပူးပေါင်းပါဝင်နေပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ၂၁ လအတွင်း စစ်တပ်နဲ့ KNU အကြား တိုက်ပွဲ ၇၀၀၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမဲ့ ကျန်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီတပ်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ မပြတ်ဆက်လုပ်နေပါတယ်။ BGF ဆိုရင် စစ်ကောင်စီရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိနေသလို ကရင်ပြည်နယ်အတွင်း KNU နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
DKBA နဲ့ KNLA (PC) ကတော့ နေပြည်တော်ကို မကြာခဏလာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စေ့စပ်ဆွေးနွေး နေပါတယ်။
ဒီလေးဖွဲ့အကြား ပုံစံတစ်မျိုးတည်းမသွားနိုင်သေးတာ ပြဿနာမရှိဘူးလို့ KNLA – PC က အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
"ကျနော်တို့ အားလုံးက အစပေါ့လေ။ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့လည်း လိုအပ်တယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ နားလည်မှု ကြားထဲက ဒီလိုမျိုး တိုင်းပြည်ရဲ့ ပုံမှန်အခြေအနေ မဟုတ်တဲ့ အခြေနေအရ လောလော ဆယ် ချဉ်းကပ်မှုအရ တစ်လမ်းတည်း၊ ပုံစံတစ်ခုတည်း မလုပ်နိုင်သေးတဲ့အပေါ်မှာတော့ ကြီးကြီးမားမား ပြဿနာမရှိလောက်ဘူးလို့ မြင်တယ်"
စစ်ကောင်စီတပ်က ကရင်ပြည်နယ်ကို လေကြောင်း၊ ကြည်းကြောင်းနဲ့ ထိုးစစ်ဆင်နေချိန် မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းနိုင်ရင် ပိုကောင်းလိမ့်မယ် လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"အဲလို တွေ့ဆုံဆွေးနွေးပွဲလုပ်တယ်၊ အဲထဲမှာ KNLA-PC လည်းပါတယ်။ PC ဆိုတာ ကတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်နေတဲ့ အဖွဲ့ပဲ။ အဲအဖွဲ့တွေ ကျန်တဲ့အဖွဲ့တွေ ပါဝင်တဲ့ လူထုတွေ့ဆုံပွဲ လုပ်တယ်ဆိုတာ ကျနော်က ကောင်းမွန် တယ်လို့ ယူဆပါတယ်။ ဘာလို့ဆို KNU အဖွဲ့ထဲမှာ မတည်ငြိမ်မှုတွေနဲ့ တိုက်ပွဲတွေက ရှိနေတော့ ဒီကာလမှာ ကရင်ဒေသကို အစိုးရက ကြည်းကြောင်းထိုးစစ်တွေ၊ လေကြောင်းထိုးစစ်တွေ အမျိုုးမျိုးလုပ်နေတဲ့အချိန်မှာ သူတို့တွေ လူထုတွေ့ဆုံပွဲ လုပ်တဲ့ကိစ္စပေါ်မှာ ကျနော်ကတော့ ကြိုဆိုတဲ့ သဘောရှိပါတယ်”
ကရင်အဖွဲ့တွေရဲ့ ဒီတွေ့ဆုံမှုက ငြိမ်းချမ်းရေးဘက်ကို ဦးတည်မလား၊ ဒါမှမဟုတ် စစ်ရေးဘက်ကို ဦးတည်မလား၊ စောင့်ကြည့်ရမယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
"အခု လောလောဆယ်မှာဖြစ်နေတဲ့ တိုက်ပွဲတော်တော်များများက လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ အပိုင်းတွေလေ့လာမယ်ဆိုရင် သဘောထားတင်းမာတဲ့ အဖွဲ့တွေ သူတို့ထဲမှာကလည်း နာမည်မျိုးစုံနဲ့ လမ်းကြောင်းမျိုးစုံ ကွဲနေတဲ့အခါကျတော့ KNU သဘောဆိုပြီး လုံးပြီးပြောလိုက်ဖို့က နည်းနည်းလေးခက်တယ်။ ဒါတော့ ဆက်စောင့် ကြည့်ရမယ့် အနေအထားပေါ့၊ သေချာတာကတော့ KNU ထဲမှာကိုက အပိုင်းနှစ်ပိုင်း ကွဲနေတာဖြစ်လို့ ပြည်သူလူထုနဲ့ တွေ့တယ်ဆိုတာက ဒီငြိမ်းချမ်းရေးဘက်ကို ဦးတည်သွားမလား၊ လက်နက်ကိုင်လမ်းစဉ်ဘက်ကို ဦးတည်သွားမလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပဲ"

တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးကတော့ ကရင်လက်နက်ကိုင်တွေ ပူးပေါင်းပြီး ကရင်ပြည်နယ်အတွင်း ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
"တချို့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ကြခိုက်ကြတာ၊ ပစ်ကြခတ်ကြတာ၊ သတ်ကြဖြတ်ကြတာ၊ လုကြယက်ကြတာ မရှိစေရတော့ဘူး။ အဲဒါကို ပြည်သူလူထုကို လိုချင်ပါသလားဆိုပြီးတော့ မေးတယ်ပေါ့။ ပြည်သူလူထုကလည်း အဲဒါကတော့ ဘာပြောကောင်းမလဲ လိုချင်တာပေါ့။ ဆိုတဲ့အခါကျတော့ ကရင်လက်နက်ကိုင်ကလည်း လေးဖွဲ့လုံးကလည်း ပါလာတဲ့အခါကျတော့ အများကြီး အထောက်အကူပြုတယ်လို့ ကျနော်ကတော့ လေ့လာသုံးသပ်မိတယ်လေ။ အဲဒီလိုပဲ ကရင်တစ်ပြည်နယ်လုံး၊ ပြီးတော့မှ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် သွားနိုင်ဖို့အတွက် ကျနော်တို့ အများကြီး မျှော်လင့်တယ်"
လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ KNU ဟာ ၁၉၉၄ မတိုင်ခင်အထိ ခိုင်မာအားကောင်းခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာ ဗုဒ္ဓဘာသာကရင်တွေခွဲထွက်ပြီး DKBA ကိုထူထောင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၇ ခုနှစ်မှာလည်း တပ်မဟာ (၇) ခေါင်းဆောင်တွေက KNU က ခွဲထွက်ပြီး KNLA- PC ကို ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒီသုံးဖွဲ့စလုံးဟာ အစိုးရနဲ့ အတူတကွ NCA လက်မှတ်ရေးထိုးခဲ့ကြတာပါ။
BGF ကတော့ ၂၀၀၈ ခုနှစ်ကတည်းက DKBA ကနေ ခွဲထွက်ပြီး စစ်တပ်ထိန်းချုပ်မှုအောက် ကို လုံးဝခိုဝင်ခဲ့တာဖြစ်ပါတယ်။