ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ကချင်နယ်စပ်ကုန်သွယ်ရေး ခက်ခဲနေ

RFA Burmese
2024.05.28
ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ကချင်နယ်စပ်ကုန်သွယ်ရေး ခက်ခဲနေ တရုတ် - မြန်မာ လွယ်ဂျယ် - လားရင်းနယ်စပ်ဂိတ်အား တွေ့ရစဉ်။
Chinese Embassy in Myanmar

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို ဧပြီ ၉ ရက်နေ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သိမ်းပိုက်ပြီးနောက် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းကတစ်ဆင့် ကုန်သွယ်နေတာတွေ အားလုံးရပ်တန့်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်‌။

"နောက်လာမယ့်နှစ်ဆိုရင်တော့ ကုန်စည်စီးဆင်းမှုက ပြတ်တောက်သွားမယ်လို့ ကျွန်တော် ယူဆတယ်“

လွယ်ဂျယ်စခန်းဘက်ကတစ်ဆင့် ကုန်သွယ်မှုက တိုက်ပွဲတွေဖြစ်ပြီး လမ်းကြောင်းတွေ ပိတ်သွားတယ်လို့ ဗန်းမော်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

“လွယ်ဂျယ်က အခု ကုန်စည်စီးဆင်းမှုက ၉၀ ရာခိုင်နှုန်း ရပ်တန့်သွားတာပေါ့နော်။ ကန်ပိုက်တီဘက်ကတော့ ကားတွေ နည်းနည်းပါးပါးတော့ သွားကြပါတယ် ဒါပေမဲ့ ကျီးလန့်စာ စားပါပဲ။ အခု ပြည်တွင်းစစ်ဖြစ်တဲ့ ကာလမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပေါများလာတော့ အကောက်အခွန်တွေလည်း ကုန်ကျစရိတ်တွေ တအားများလာတဲ့အခါကျတော့ စိုက်ပျိုးထုတ်လုပ် တောင်သူတွေကလည်း အရင်ခေတ်ကောင်းတဲ့အချိန် စိုက်ပျိုးထားတဲ့သီးနှံတွေမို့လို့ မဖြစ်မနေ သယ်ထုတ်ပြီး ငွေဖြစ်အောင် အားစိုက်နေကြတာပေါ့။ ရှေ့လျှောက်သီးနှံထပ်စိုက်မယ့် တောင်သူကတော့ မရှိတော့ပါဘူး။ နောက်လာမယ့်နှစ်ဆိုရင်တော့ ကုန်စည်စီးဆင်းမှုက ပြတ်တောက်သွားမယ်လို့ ကျွန်တော် ယူဆတယ်“

ဗန်းမော်-လွယ်ဂျယ်လမ်းကိုလည်း ပုံမှန်သွားနေကြ မိုးမောက်-စိန်လုံ-လွယ်ဂျယ်လမ်းက သွားမရတော့ဘဲ မံစီဘက်က သွားနေရတာကနေ အခုမံစီမြို့ဘက်လည်း တိုက်ပွဲပြင်းထန်နေတဲ့အတွက် လုံးဝသွားလို့မရတော့ဘူးလို့ ဆိုပါတယ်။

လွယ်ဂျယ်စခန်း ကုန်သွယ်ရေး ရပ်သွားတာကြောင့် လက်ရှိ ကုန်သည်တွေက ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ကန်ပိုက်တီစခန်းကတစ်ဆင့် ကုန်သွယ်နေကြပေမဲ့ လုံခြုံရေးစိုးရိမ်နေရတယ်လို့ ကန်ပိုက်တီ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပုံမှန်တော့ သွားနေကြတယ်၊ သွားလို့ရပါတယ်။ ဒါပေမဲ့ လုံခြုံရေးက ပြောလို့မရဘူးလေနော်။ ဘယ်သူမှ အရမ်းလုံခြုံအောင် တာဝန်ယူထားတဲ့ဟာ မရှိတဲ့အခါကျတော့ ဖြစ်လာရင်တော့ ခံပေါ့။ ဒါပေမဲ့ အဲဒီကြားထဲမှာ ရောက်အောင် သွားလာနေကြတာပေါ့။ အခုသွားလာနေကြတဲ့ ကားတွေက ငှက်ပျောကားရှိမယ်၊ ဖရဲသီး ပြီးရင် ကြက်သွန်နီ ထွက်တာရှိမယ်။ ဒီလိုမျိုးတော့ ပုံမှန် သွားနေတယ်၊ လောလောဆယ်တော့”

ဝိုင်းမော်မြို့နယ်မှာလည်း လတ်တလော တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကုန်ကားအသွားအလာ နည်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကန်ပိုက်တီစခန်းရဲ့ နေ့စဥ်ကုန်သွယ်မှု ပျှမ်းမျှတန်ဖိုးဟာ ဒေါ်လာ လေးသိန်းနီးပါးရှိပြီး KIA ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်စခန်းကတော့ ဒေါ်လာ သုံးသိန်းခွဲရှိတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဧပြီလ ၁၃ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နယ်မြေလုံခြုံမှု မရှိသလို မြစ်ကြီးနား-ကန်ပိုက်တီ လမ်းမှာလည်း ပြည်သူ့စစ်၊ အုပ်ချုပ်ရေး၊ နယ်ခြားစာင့်တပ် ဂိတ်တွေနဲ့ KIA ဂိတ်တွေ အနည်းဆုံး ၁၅ ခုလောက်ရှိပြီး ဂိတ်အားလုံးကို ပိုက်ဆံပေးပြီး ဖြတ်သွားရတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက… လွယ်ဂျယ်နယ်စပ်ဂိတ် ဖွင့်ထားပြီဖြစ်ပေမဲ့ ကုန်စည်စီးဆင်းမှု မရှိသေးဘူးလို့ ပြောပါတယ်။

“လွယ်ဂျယ်ရဲ့ ဂိတ်ဝတံခါးကိုတော့ ဖွင့်လိုက်ပါပြီ ဒါပေမဲ့ ဒီ တကယ့်ကုမ္ပဏီတွေ ကုန်စည်စီးဆင်းမှုတွေကတော့ မရှိဘူး။ ဒေသထွက်တဲ့ ပစ္စည်းတွေက အစပေါ့ အဲဒါတွေ သယ်ယူပို့ဆောင်တာတွေတော့ ရှိပါတယ်။ ကုမ္ပဏီအချင်းချင်း ဖလှယ်တဲ့အဆင့်ပေါ့နော်။ ကုန်သွယ်စီးဆင်းတဲ့ အဆင့်ကတော့ မရှိသေးပါဘူး”

ကချင်ပြည်နယ်မှာ မိုးမောက်၊ မံစီ၊ ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့လည်း ဗိုလ်မှူး‌ကြီး နော်ဘူက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေး အခြေအနေ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Twitter/ FreeKachin)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Twitter/ FreeKachin)

ကုန်သွယ်ရေးရပ်တန့်နေတာကြောင့် ငှက်ပျော၊ ဖရဲလုပ်ငန်းရှင်တွေ အရှုံးပေါ်နေတယ်လို့ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်က ငှက်ပျောကုန်သည်တစ်ဦးက ပြောပါတယ်။

“ကျွန်တော့်ဆိုက်ကတော့ တရုတ်ငွေ သိန်းနှစ်ဆယ် (ကျပ်ငွေ သိန်းပေါင်း တစ်သောင်းကျော်) လောက်ကတော့ ပျှမ်းမျှအနည်းဆုံးပေါ့၊ အဲလောက်တော့ ဆုံးရှုံးသွားပြီ။ ကျွန်တော်တို့တွေ ငှက်ပျောသီးက အကုန်လုံး တိုက်ပွဲကြောင့် ဒီစိန်လုံလမ်းပိတ်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ လမ်းကဆက်သွယ်မှုတွေ လုံးဝပြတ်တောက်သွားအချိန်မှာ ငှက်ပျောတွေက အကုန်မှည့်သွားတာပေါ့နော်။ အခုလိုမျိုးပဲ ဖြစ်နေမယ်ဆိုတော့ နောက်နှစ်တွေလည်း ကုန်သည်တွေလည်း ခက်ခဲမှုတွေဖြစ်လာမယ်၊ လမ်းပိုင်းဆက်သွယ်ရေးတွေမှာ ကြန့်ကြာမှုကြောင့် စီးပွားရေးတွေ အဆင့်ဆင့်ပေါ့ဗျ။ အထက်ကနေ အောက်အထိ ဒါကအခက်အခဲအများကြီးပဲ”

ငှက်ပျော၊ ဖရဲလို လယ်ယာထွက်ကုန်တွေကို ကန်ပိုက်တီစခန်းကနေ ပို့တဲ့အခါ ကုန်ကျစရိတ်ပိုများတာကြောင့် တောင်သူတွေ လုပ်ငန်းတွေရပ်နားဖို့ စဉ်းစားနေကြပြီလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈ သန်းကျော်ရှိပြီး ကန်ပိုက်တီကတော့ ဒေါ်လာ ၂၀၈ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ လွယ်ဂျယ်နယ်စပ်စခန်းက ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၅ သန်းကျော် ရှိခဲ့သလို ကန်ပိုက်တီကလည်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။