တရားသူကြီးချုပ်အပြောင်းအလဲ တရားစီရင်ရေး ပိုဆိုးလာနိုင်ကြောင်း လေ့လာသူတွေပြော
အာဏာသိမ်းစစ်ကောင်စီက ဩဂုတ်လ ၂ ရက်နေ့မှာ သူတို့အဖွဲ့ဝင်သုံးဦးနဲ့ ပြည်ထောင်စုအဆင့်ရှိသူ ရှစ်ဦးကို ရာထူးကနေ ဖယ်ရှားမှုနဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
-
RFA Burmese
2023-08-03 -
-
-
အာဏာသိမ်းစစ်ကောင်စီက ဩဂုတ်လ ၂ ရက်နေ့မှာ သူတို့အဖွဲ့ဝင်သုံးဦးနဲ့ ပြည်ထောင်စု အဆင့် ရှိသူ ရှစ်ဦးကို ရာထူးကနေဖယ်ရှားမှုနဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဖယ်ရှားခံရတဲ့သူတွေထဲမှာ စစ်ကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊ လျှပ်စစ် စွမ်းအားဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးနဲ့ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့နဲ့အတူ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာဌေးအောင်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးလှမြင့်တို့လည်း ပါဝင်ပါတယ်။
အရေးပေါ်ကာလသက်တမ်း ခြောက်လထပ်တိုးပြီး ရက်ပိုင်းအကြာမှာပဲ အခုလို အပြောင်း အလဲတွေ ပြုလုပ်ခဲ့တာပါ။
အခုအပြောင်းအလဲမှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဖယ်ရှားခံလိုက်ရတဲ့ တရားသူကြီးချုပ်ဦးထွန်းထွန်းဦးဟာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ဒုတိယပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်နဲ့ စတင်ဆောင်ရွက်ခဲ့ပြီး အခု စစ်ကောင်စီလက်ထက်အထိ ပြည်ထောင်စုတရားသူကြီးချုပ် ရာထူးနဲ့ ဆက်ပြီးတည်ရှိနေ ခဲ့သူ ဖြစ်ပါတယ်။
"အရာရာကို စစ်ခေါင်းဆောင်တွေက ဆုံးဖြတ်နေပြီးတော့ တရားသူကြီးချုပ်ဆိုတာလည်း ရုပ်သေးရုပ်သာသာပါပဲ"
မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများသမဂ္ဂအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် တရား လွှတ်တော်ရှေ့နေ စောဘဦးလေးကတော့ ပြည်ထောင်စုတရားသူကြီးချုပ်ရာထူး အပြောင်းအလဲဟာ စစ်ဥပဒေချုပ်ရုံးကပဲ ခန့်အပ်နိုင်ခြေရှိတာကြောင့် တရားစီရင်ရေးစနစ် ပိုပြီးဆိုးရွားလာမယ်လို့ ပြောပါတယ်။
“တရားရေးဟာ လွတ်လပ်တဲ့မဏ္ဍိုင်ဝင်မဖြစ်ဘဲနဲ့ အုပ်ချုပ်ရေးကနေ ဝင်ရောက် စွက်ဖက်တဲ့ တရားစီရင်ရေး စနစ်မျိုး၊ ဒါက ဘယ်အခြေအနေမှာမှ မကောင်းဘူး။ လက်ရှိမှာ အခုထက်ပိုဆိုးလာနိုင်တဲ့ တရားစီရင်ရေးတွေ ဖြစ်လာနိုင်တယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ စစ်ဥပဒေချုပ်ရုံးကနေပြီးတော့ အသက် ၆၀ ပြည့်ကာနီးလူမျိုးတွေ၊ ခိုင်းလို့ရမယ့် လူမျိုးတွေပဲရောက်လာမယ်လို့မြင်တယ်”
တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၃၀၁၊ (က) အရ အသက် ၇၀ နီးပါးဖြစ်လာတာကြောင့် တာဝန်ကနေ အနားပေး လိုက်တာဖြစ်နိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေတွေက သုံးသပ်ပါတယ်။
ဦးထွန်းထွန်းဦးဟာ စစ်ဥပဒေချုပ်ရုံးမှာ လက်ထောက် စစ်ဥပဒေချုပ်ရာထူးနဲ့ ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၀၇ ခုနှစ်ကစလို့ ဒုတိယပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ ရတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် ဦးထွန်းထွန်းဦးဟာ ပြည်ထောင်စုတရားသူကြီးချုပ် ရာထူး မှာပဲဆက်ရှိနေပြီး တရားဥဒေစိုးမိုးရေး ယုတ်လျော့လာစေတာနဲ့ ဒီမိုကရေစီအင်အားစု တွေကို ဖိနှိပ်ခဲ့တာတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ အမေရိကန်က သူ့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့သလို နိုဝင်ဘာမှာလည်း ဥရောပသမဂ္ဂ (အီးယူ)က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရသူပါ။
ပြည်ထောင်စုတရားသူကြီးချုပ်ဟာ တရားစီရင်ရေးစနစ်ရဲ့ အချုပ်ဖြစ်ပြီး အယူခံအမှုတွေနဲ့ ပတ်သက်လို့ အပြီးသတ် စီရင်ဆုံးဖြတ်ခွင့်ရှိသူ ဖြစ်ပါတယ်။
တရားစီရင်ရေးတစ်ခုလုံးမှာလည်း ထိန်းကျောင်းကွပ်ကဲရတာဖြစ်တဲ့အတွက် အသစ် ခန့်အပ်မယ့် တရားသူကြီးချုပ်ဟာ စစ်ကောင်စီအလိုကျ ဆက်ပြီးလုပ်ဆောင်မယ့်သူ ဖြစ်နိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် လူပုဂ္ဂိုလ် အပြောင်းအလဲ တွေဟာ စစ်ကောင်စီအတွင်း မကြေလည်မှုတွေဖြစ်လာနေတာလို့ ရှုမြင်ပါတယ်။
NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က တရားသူကြီးချုပ်ဟာ စစ်ခေါင်းဆောင် တွေရဲ့ ကြိုးဆွဲရာ ကမယ့် ရုပ်သေးရုပ်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“တရားသူကြီးချုပ် ဘယ်သူဆိုတဲ့ကိစ္စက သိပ်ပြီးမမူတည်တော့ပါဘူး၊ ဘာ့ကြောင့်လဲ ဆိုတော့ အစောကတည်းက တရားစီရင်ရေးက ပျက်နေပြီးတော့ လုပ်ချင်တိုင်းလုပ်နေ ကြတာပဲလေ။ အရာရာကို စစ်ခေါင်းဆောင်တွေက ဆုံးဖြတ်နေပြီးတော့ တရားသူကြီးချုပ် ဆိုတာလည်း ရုပ်သေးရုပ်သာသာပါပဲ။ စစ်တပ်ကလာတဲ့ အမိန့် အတိုင်းပဲ စီရင်ဆောင်ရွက်နေရတာဖြစ်တယ်။ အဲဒီအတွက် ထူးထွေပြီး ပြောင်းလဲမှာ တော့ မဟုတ်ဘူး။ အစကတည်းကပျက်နေတာတွေက ဆက်ပြီးတော့ ပျက်စီး၊ ဆိုးရွား ဖို့ပဲရှိပါတယ်”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရားသူကြီးချုပ်ဟာ တရားစီရင်ရေးမှာ အမြင့်ဆုံး အာဏာပိုင်ဖြစ်ပေမယ့်လည်း စစ်အာဏာရှင်လက်ထက်မှာတော့ ဘာမှ ထူးခြား ပြီး ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“တရားသူကြီးချုပ်ဆိုတာက တရားစီရင်ရေးမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့။ ဒါပေမဲ့ အဲဒီထက်ပိုမြင့်တာက ဗမာပြည်က ဒီမိုကရေစီတိုင်းပြည် မဟုတ်ဘူးလေ။ စစ်ကောင်စီဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေးရော၊ ဥပဒေပြုရေးရော၊ အုပ်ချုပ်ရေးရော အာဏာသုံးရပ်လုံးကိုခုထိုင်ထားတဲ့အတွက် ဟိုလူ၊ ဒီလူဖြုတ်တယ် ဆိုတာ ရှုံးနိမ့်နေလို့ပါ။ အဲဒီအနေအထားကို ပြန်ပြီးဆယ်တင်လို့မရပါဘူး”
တစ်ဆက်တည်းမှာပဲ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင်မယ်ဆိုတဲ့အချက်ကို တွန်းလုပ်ရင်း နိုင်ငံတကာသံတမန်ရေးအပိုင်းမှာ မအောင်မြင်တဲ့ အပြင် စီးပွားရေးလည်းကျဆင်းလာ တဲ့အတွက် စစ်အုပ်ချုပ်ရေးဆက်လုပ်ဖို့ လူအပြောင်းအလဲ ပြန်လုပ်တဲ့သဘောဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း အမည်ရှိ Free Expression Myanmar ကတော့ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးစနစ်မှာ ပြည်သူတွေဟာ "နိုင်လိုမင်းထက်”တရားစီရင်ရေး စနစ်နဲ့ ကြုံနေရပြီလို့ ပြီးခဲ့တဲ့ ဇူလိုင်လထဲထုတ်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာ့တရားစီရင်ရေးဟာ ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်မှုတွေ ကြောင့် လွတ်လပ်တဲ့တရားစီရင်ရေး တစ်ခုဖြစ်မလာတဲ့အပြင် တစ်ကျော့ပြန်အာဏာသိမ်း နောက်ဆက်တွဲအဖြစ် အာဏာရှင်တရားစီရင်ရေးအဖြစ် ပြောင်းလဲသွားပြီလို့ အစီရင်ခံစာ က ဆိုပါတယ်။
စစ်တပ်က အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ တရားသူကြီးချုပ်ပြောင်းလဲတာဟာ လူပြောင်းတာဖြစ်ပြီး တရားစီရင်ရေးနဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ ဥပဒေအတိုင်းပဲသွားမှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“တာဝန်ယူထားတဲ့လူကြီးတွေက သူတို့အတွေ့အကြုံအရ ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေလုပ်ခဲ့ပြီးပြီ။ အဲတော့ နောက်တစ်ခါကျတော့ လူသစ်တွေနဲ့ ပြန်ပြီးတော့ အစားထိုးတဲ့သဘောပဲ။ တရားသူကြီးချုပ်ပြောင်းတယ်ဆိုတာ လူပြောင်း တာပဲရှိတာ တရားစီရင်ရေးစနစ်ကတော့ သူ့ချမှတ်ပြီးသား ဥပဒေတွေအတိုင်းပဲ သွားမှာ ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး အပြောင်းအလဲရှိမယ်လို့ ကျွန်တော်တို့ ပြောလို့မရဘူး။ ဝေဖန် သူတွေကတော့ ဝေဖန်တဲ့ ပုံစံအမျိုးစံရှိမှာပဲ။ ကျွန်တော့်အနေနဲ့ကတော့ တရားစီရင်ရေး ဟာ ပုံမှန်လည်ပတ်နေတယ်လို့ သုံးသပ်လို့ရပါတယ်”
စစ်ကောင်စီဟာ သူ့ရဲ့အဖွဲ့ဝင်တွေကိုလည်း အရင်က လူပုဂ္ဂိုလ် ၂၀ ရှိရာကနေ ၁၈ ဦးအထိ လျှော့ချပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။
အသစ်ခန့်အပ်မယ့် ပြည်ထောင်စုတရားသူကြီးချုပ် ဘယ်သူလဲဆိုတာတော့ စစ်ကောင်စီက ဩဂုတ်လ ၃ ရက်နေ့လယ် ပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။