စစ်ကောင်စီလက်ထက် ဘဝလုံခြုံမှုမရှိတော့တဲ့ ကလေးငယ်များ
2022.07.02
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကလေးငယ်တွေဟာ ဆိုးဆိုးဝါးဝါး အကြမ်းဖက် တိုက်ခိုက်ခံနေရတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲကြားမှာ အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရ၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရ၊ ပစ်ခတ်သတ်ဖြတ် ခံရသူတွေထဲ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြင်းဒေါင်းရွာက အသက် ၂ နှစ်အရွယ် မသုသုဝေဟာ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်လို့ လည်ပင်းကျည် ထိမှန်ခဲ့ရပါတယ်။
မိသားစုလိုက် လယ်ယာစိုက်ဖို့သွားရင်း ဖအေဖြစ်သူ ပခုံးထမ်းခေါ်လာတဲ့ မသုသုဝေဟာ အကြောင်းမဲ့ ပစ်ခတ်ခံရတာလို့ အဖိုးဖြစ်သူက RFA ကိုပြောပါတယ်။
"ဘာတိုက်ပွဲမှမရှိဘူး၊ ကျနော်တို့ ပျိုးခင်းသွားရှင်းချိန်မှာ ကျနော်တို့မိသားစုကို မြင်တော့ လှမ်းပစ်ခတ်တော့ ကျုပ်တို့လည်းကြောက်လို့ ပြေးရတာပေါ့၊ ကလေးကို ပုခုံးပေါ်တင်ပြီး ပြေးလာတာ ကလေးရဲ့ လည်ပင်းကို မှန်သွားတာပဲ။ အပြစ်မရှိတဲ့ ပြည်သူတွေကို ပစ်နေတော့ ဘယ်ကောင်းတော့မလဲ၊ သူတို့လုပ်ပုံတွေက ဘယ်လိုလုပ်နေမှန်းမသိဘူး။ ကျနော်တို့ တောသူတောင်သားတွေကို တွေ့တဲ့သူ လှည့်ပစ်နေတော့တာပဲ"
လည်ပင်းကျည် ထိမှန်ပေါက်သွားတဲ့ မသုသုဝေဟာ ကံကောင်းလို့ အသက်မသေဘဲ မန္တလေးမှာ ဆေးကုသခံယူနေရတယ်လို့ မိသားစုကပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့မှာလည်း အဲဒီဒေသမှာ အခြေစိုက်တဲ့ ခလရ ၂၇၄ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ညီအကိုနှစ်ယောက်ကို ထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ညီအကို နှစ်ယောက်ထဲက ၁၄ နှစ်သားလေးကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပြီး၊ ၁၁ နှစ်သားကတော့ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲမရှိပေမယ့် ခလရ ၂၇၄ တပ်ရင်းဟာ စစ်ပြေးဒုက္ခသည်တွေနဲ့ အရပ်သားတွေရှိတဲ့ နေရာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
"ခလရ ၂၇၄ ကနေ အနီးကရွာတွေကို သူတို့ကြိုက်တဲ့အချိန်မှာ ထုနေတာ၊ ထုချင်တဲ့အချိန်မှာ ထုတယ်။ တိုက်ပွဲဖြစ်လို့ ထုတာ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ အပစ်မဲ့ပြည်သူတွေ ရွာသားတွေ စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကို ထုနေတာ။ ကျနော်တို့လည်း ထပ်ရှောင်စရာ ဘာမှမရှိတော့ဘူး၊ ရွာမှရှောင်၊ တောတောင်တွေထဲမှာ ရှောင်နေရတာ၊ ကျနော်တို့ ထပ်ရှောင်စရာနေရာ မရှိတော့ဘူး။ လက်နက်ကြီးကတော့ ကံတရားပဲ၊ ကျလာရင်တော့ ကလေးတွေနဲ့ လူကြီးတွေအတွက် အခက်အခဲဆုံးပေါ့"
ဒီကိစ္စနဲ့ ပတ်သက်လို့ ခလရ ၂၇၄ ဘက်ကိုတော့ RFA က မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ အလားတူ ဒီဇွန်လကုန်ပိုင်းမှာပဲ ဘီးလင်းမြို့နယ်က ဘီးလင်းမြို့နယ် အစူးချောင်းရွာက ၁ နှစ် ၂ လသားအရွယ် ကလေးတစ်ဦးနဲ့ မိခင်ဖြစ်သူတို့ဟာ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။
လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ပန်ခုတ်ကျေးရွာမှာလည်း ဗုံးပေါက်ကွဲပြီး ၄ လ အရွယ် ကလေးတစ်ယောက်သေဆုံးပြီး ၇ နှစ်အရွယ် ကလေး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲတွေကြား ပြေးလွှားရင်း ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အဖြစ်အပျက်တွေ နေ့တိုင်းဆိုသလိုရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တိုက်ပွဲတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သန်းနဲ့ နှစ်သိန်းကျော်အထိ ရှိလာနေပါပြီ။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာဆိုရင် စစ်ပွဲတွေကြား ဒေသခံ ၈၅ဝဝ ကျော်လောက် ထွက်ပြေးနေကြရပါတယ်။
အဲဒီထဲမှာ ကလေးငယ် ၂ဝဝဝ ကျော်လောက်ပါတယ်လို့ ကရင်လူမှုအဖွဲ့တွေက ပြောပါတယ်။ ကလေးတွေဟာ အခုမိုးတွင်းကာလဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ခံစားနေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လှုမှုရေးရာအဖွဲ့ ဥက္ကဋ္ဌက RFA ကိုပြောပါတယ်။
"တိုက်ပွဲတွေစိပ်လာတော့ ရွာတော်တော်များများကရှောင်တယ်။ မိုးရာသီဖြစ်လို့ တောထဲသွားနေရတယ်၊ ခြင်အရမ်းပေါတယ်၊ တောင်ပေါ်ရေကလည်း နောက်နောက်နေရော၊ အထူးသဖြင့်ကလေးတွေမှာ ဝမ်းလျော၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တာတွေများလာတယ်၊ အမိုးအကာတွေလည်း မလုံလောက်ဘူး။ ခြင်ထောင်တို့ ခြင်ကာကွယ်ရေး ပစ္စည်းတွေက မရှိဘူး၊ တစ်ဖက်ကလည်း နေလို့ ထိုင်လို့ အဆင်မပြေဘူး။ တစ်ဖက်ကလည်း ကလေးတွေက ဒီလိုတွေ မကြုံဖူးဘူးဆိုတော့လေ"
လက်ရှိဒီကလေးတွေရဲ့ ကျန်းမာရေးကို KNU ဦးဆောင်ပြီး အရပ်ဘက် ကျန်းမာရေးအဖွဲ့တွေက ကြည့်ရှုထားတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကလေးငါးသန်း အကူအညီတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ကလေးများရံပုံငွေအဖွဲ့ UNICEF က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်လို့ ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေး ၃၈၂ ဦးထက်မနည်းဟာ သေဆုံးတာ ဒါမဟုတ် ကိုယ်လက် အင်္ဂါ ချွတ်ယွင်းပျက်စီးခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာတင်ပြခဲ့ပါတယ်။
ပဋိပက္ခအတွင်း ကလေးငယ် နှစ်သိန်းခွဲကျော် နေရာရွှေ့ပြောင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီနှစ်အတွင်း ကာကွယ်ဆေး ထိုးခွင့်မရလို့ သေဆုံးရတဲ့ ကလေး သုံးသောင်းသုံးထောင်လောက်အထိ ရှိလာနိုင်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးထားပါတယ်။