စစ်ကောင်စီဥက္ကဋ္ဌ ခရစ္စမတ်နေ့ ငြိမ်းချမ်းရေးမိန့်ခွန်း EAOs အဖွဲ့တွေ မေးခွန်းထုတ်

RFA Burmese
2023.12.29
စစ်ကောင်စီဥက္ကဋ္ဌ ခရစ္စမတ်နေ့ ငြိမ်းချမ်းရေးမိန့်ခွန်း EAOs အဖွဲ့တွေ မေးခွန်းထုတ် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က နေပြည်တော်တွင် ခရစ္စမတ်ပွဲတွင် တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Myanmar Military

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားသလို တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးအတွက် အသင့်ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ကျရောက်တဲ့ ခရစ္စမတ်နေ့မှာ ပြောခဲ့တာပါ။

အာဏာသိမ်း ကာလတစ်လျှောက်လုံး စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးစကား ပြောခဲ့ပေမယ့် လက်တွေ့ မြေပြင်မှာတော့ သူဦးဆောင်တဲ့ စစ်တပ်ဟာ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ရပ်မသွားဘူးလို့ အတိုက်အခံ အင်အားစုတွေက ထောက်ပြဝေဖန်ပါတယ်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်ကတော့ အခုအခြေအနေက ငြိမ်းချမ်းရေး စကားပြောဖို့ အချိန်ကောင်း မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

“ငြိမ်းချမ်းရေးအတွက် စကားပြောမယ်ဆိုရင် ဘာအတွက် ပြောမှာလဲ၊ ဘာကိုအခြေခံပြီး ပြောမှာလဲ သိချင်တယ်။ ၂၀၀၈ ကို ကျွန်တော်တို့က လုံးဝ လက်ခံနိုင်တဲ့ အနေအထား မရှိဘူး။ ၂၀၀၈ ကို အခြေခံပြီး ပြောမယ့်ဟာ မရှိဘူး။ NCA ကို အခြေခံပြီး ပြောမယ့်ဟာ မရှိဘူး။ ဆိုတော့ ဒီနေ့ အချိန်အခါကတော့ ရှင်းရှင်းပြောမယ်ဆိုရင် တိုင်းပြည်ကို နိုင်ငံတော်သစ် သွားချင်တာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီနေ့ အနေအထားအရ စစ်ကောင်စီနဲ့ ပြောမယ့်အချိန်အခါ မဟုတ်ဘူးလို့ ပြောချင်တယ်”

နှစ်ကုန်ပိုင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ချတာတွေ များလာတာကြောင့် စစ်တပ် ပြိုကွဲတော့မယ်လို့ လေ့လာသူတွေက သုံးသပ်နေချိန်မှာပဲ စစ်ခေါင်းဆောင်ဘက်က အခုလို ပြောဆိုသံ ထွက်လာတာပါ။

“ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုလည်း ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး”

ပြည်သူတွေကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတွေကနေ စစ်ရေးပစ်မှတ်သဖွယ် အသုံးချ အကြမ်းဖက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေတာကြောင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်တွေဟာ လက်တွေ့မှာ အလုပ်မဖြစ်ဘူးလို့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

စစ်ကောင်စီဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်အနီး လိုင်ဇာမြို့ကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး စကားဟာ မစစ်မှန်ဘူးလို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ခိုင်မာတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် သူ ပြောသွားတဲ့ ငြိမ်းချမ်းရေး ဆိုတာက ပါးစပ်နဲ့ပြောပြီးတော့ လက်တွေ့မှာ တခြားလုပ်နေတဲ့ ပုံစံမျိုး အမြဲ အဲဒီလို ဖြစ်နေတာ”

ဒါ့အပြင် စစ်ကောင်စီက သတင်းစာတွေကနေ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပေါ် အကြမ်းဖက် သောင်းကျန်းသူတွေလို့ မကြာခဏ ဆိုသလို သဘောထား အမှန်ကို ထုတ်ဖော်ပြောဆိုနေတယ်လို့လည်း သူက ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ အင်အားကြီးမားတဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU)ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်က နောက်ကျသွားပြီလို့ သုံးသပ်ပါတယ်။

“နိုင်ငံတကာ တွက်ထားသလို သူတို့ တွက်ထားသလို အဖြေက လုံးဝထွက်မလာဘဲနဲ့ အဖြေက ပြောင်းပြန်ကြီး ဖြစ်နေတယ်။ အထူးသဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့သူတွေက တစ်နှစ်အတွင်းမှာ လုံးဝ မပျောက်သွားဘဲနဲ့ မပျက်ဘဲနဲ့ အားကောင်းမောင်းသန်နဲ့ ဆက်ပြီး ချီတက်နေတယ်။ သုံးနှစ်နီးပါး ဖြစ်လာတဲ့အခါမှာ စစ်ခေါင်းဆောင်က အရှုံးကြီး ရှုံးနေပြီဆိုတာ သိနေပြီလေ။ သူ ဘယ်လမ်းကို သွားမယ်ဆိုတာ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပြီလေ။ အထူးသဖြင့် ၂၀၂၃ ကုန်ခါနီးဆို ပြောစရာမလိုဘူး။ သူ ဘယ်သွားတော့မယ် ဆိုတာကို အခုလောက်ဆို တွက်ချက်နေလောက်ပြီ။ သူ ပြောတဲ့ ငြိမ်းချမ်းရေး ဆိုတာကတော့ ကျွန်တော်တို့ မြင်ရတာ အချိန်ကတော့ မရှိတော့ဘူးလေ”

ဒီ့အပြင် စစ်ကောင်စီ တပ်အနေနဲ့ နိုင်ငံရေးက ထွက်ခွာဖို့၊ အသွင်ကူးပြောင်းရေး ကာလမှာ တရားမျှတမှုကို လက်ခံဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို လက်ခံဖို့နဲ့ အနာဂတ်မှာ ထွက်ပေါ်လာမယ့် နိုင်ငံရေး ဆွေးနွေးမှုတွေကို နိုင်ငံတကာက ပါဝင်ပတ်သက်ဖို့ စတဲ့ တောင်းဆိုချက် လေးချက်ကို လက်ခံလိုက်လျောရမယ်လို့ သူက ဆိုပါတယ်။

ဒီတောင်းဆိုချက်တွေကို လိုက်လျောမှု မရှိရင် နွေဦးတော်လှန်ရေး အဆုံးသတ်တဲ့အထိ တိုက်ပွဲ ဝင်သွားမယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေး၊ စစ်ရေးအရ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ပြည်သူလူထု ဝေဝါးစေနိုင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာနိုင်တယ်လို့ ကရင် အမျိုးသား အစည်းအရုံး (KNU) ဘက်က နိုဝင်ဘာလအတွင်းမှာ သတိပေးထားပါတယ်။

ချင်း အမျိုးသား တပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီကတော့ နိုင်ငံရေးထွက်ပေါက် ပိတ်နေတဲ့ စစ်ကောင်စီက နိုင်ငံတကာကို ငြိမ်းချမ်းရေး အကြောင်းပြပြီး ထွက်ပေါက်ရှာဖို့ ပြင်ဆင်နေတာလို့ ဝေဖန်ပါတယ်။

“သူ့ရဲ့ နိုင်ငံရေး ထွက်ပေါက်အတွက် ကျွန်တော် မှန်တယ်ဆိုတဲ့ ထွက်ပေါက်အတွက် ပြီးတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ စစ်တပ်အာဏာရှင် ရေရှည် ဆက်လက် ရပ်တည်ရေးဆိုတဲ့ အခြေခံ စဉ်းစားချက်ကနေ သူက ပြောနေတာဖြစ်တယ်။ အဲဒါကြောင့် သူက ပြောထားတာလည်း ကြာပါပြီ။ ဒါပေမဲ့ သူ့ကို ဘယ်သူမှ အယုံအကြည် မရှိဘူး။ သူ ဆက်ပြောနေလည်း အလကားပဲ ဖြစ်မှာပါ။ ပြောချင်တာကတော့ နိုင်ငံတကာ မျက်နှာစာမှာ မျက်နှာရရှိရေး၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကနေ ဖယ်ခွာမသွားရေး ရေရှည် ရပ်တည်ရေးအတွက်ပါပဲလို့ ကျွန်တော်တို့ မြင်ပါတယ်”

ချင်းပြည်နယ်မှာဆိုရင် ရိခေါ်ဒါရ်၊ ဝေဘူလ၊ ဆူရ်ခွား၊ နှာရိန်၊ ရေဇွာ၊ လိုင်လင်းပီ၊ ပကွီအိမ်နူးမြို့တွေကို စစ်ကောင်စီ တပ်ဖွဲ့တွေ လက်လွှတ်ခဲ့ရပြီး ချင်းဒေသ ကာကွယ်ရေးတပ်တွေက သိမ်းယူထားတယ်လို့ သူက ဆိုပါတယ်။

စစ်တပ် အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးကတော့ စစ်ကောင်စီခေါင်းဆောင်က ငြိမ်းချမ်းရေးကို တကယ် စိတ်ရင်းနဲ့ ဖိတ်ခေါ်နေတာ တွေ့ရတယ်လို့ သုံးသပ်ပါတယ်။

“KIA ဌာနချုပ် လိုင်ဇာဆိုရင် စစ်ကိုင်းတိုင်းအတွင်းမှာ KIA ထုတ် သေနတ်တွေ အားလုံး ပြန့်သွားတဲ့အထိကို ဌာနချုပ်ကို သူ ဗုံးမကြဲခဲ့ဘူး။ ပလောင်ဌာနချုပ်ကြီးလည်း သူသိနေတာပဲ။ အခု နမ့်ခမ်းတို့ ဘာတို့ စခန်းတွေကျကုန်မှ အဲဒီလောက် ဆိုးဆိုးရွားရွားဖြစ်မှပဲ ဗုံးကြဲတာ။ ပလောင်ဌာနချုပ်ဆိုလည်း တရုတ်ပြည်နယ်စပ်မှာ ရှိတာမှမဟုတ်တာ ကိုယ့်ပြည်အတွင်းမှာ ရှိတာပဲ။ အချိန်မရွေး လုပ်လို့ရတာပဲ။ အဲဒါကို သူ မလုပ်ဘူး။ သူက တော်တော်ကို ချုပ်တည်းနေတယ်ဆိုတာ ပေါ်လွင်တယ်။ သူ့အနေနဲ့ တကယ်ကို ငြိမ်းချမ်းရေး လိုချင်နေတယ်”

အာဏာသိမ်း ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးစကားအပေါ် အတိုက်အခံ အင်အားစုတွေရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ (Photo: AFP)
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ (Photo: AFP)

နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ယုံကြည်စရာ မရှိတာကြောင့် အခုတစ်ခေါက် ပြောဆိုတဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုလည်း ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူလူထုကို သတ်ဖြတ်ခဲ့တာက ထောင်နဲ့ချီ ရှိတယ်။ အိမ်တွေ မီးရှို့ခဲ့တာကလည်း ခုနစ်သောင်းကျော် ရှစ်သောင်းလောက်ရှိတယ်။ ဒီနေ့အထိလည်း လုပ်နေတုန်းပဲ။ အဲဒီတော့ စစ်ရေး အကျပ်အတည်း ဆိုက်လာတဲ့အချိန်ကျမှ အကြမ်းဖက်သမားတွေလို့ ဆိုတဲ့စကားလုံးကို မသုံးတော့ဘဲနဲ့ ယေဘူယျ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို အခု ထပြောလာတဲ့အခါကျတော့ ဘယ်သူကမှ မယုံကြည်ပါဘူး။ ဘယ်သူကမှလည်း သူနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ မစဉ်းစားကြပါဘူး”

မကြာသေးခင်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေဟာ ငြိမ်းချမ်းရေးကို အမြတ်ထုတ်နေတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး နောက်ကွယ်မှာ အင်အား စုစည်းတာ၊ လက်နက်ခဲယမ်းတွေကို အပြိုင်အဆိုင် တည်ဆောက်ထုတ်လုပ်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေကို သင်တန်းပေးတာနဲ့ လက်နက်ခဲယမ်းတွေကို ရောင်းချပေးနေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အတိုက်အခံ အင်အားစုတွေက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို အယုံအကြည် မရှိသလို စစ်ရေးအရပဲ အဆုံးအထိ ရင်ဆိုင်သွားမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။