အကြမ်းဖက်မှုတွေကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ထိခိုက်နိုင်

ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)
2022.04.15
အကြမ်းဖက်မှုတွေကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ထိခိုက်နိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရား။
Photo: RFA

မြန်မာနိုင်ငံဟာ သူ့ရဲ့ နယ်နိမိတ်ပတ်လည်အတွင်း တမူထူးတဲ့ သွားရောက်လည်ပတ်စရာနေရာတွေ အများအပြားရှိနေတာကြောင့် ကံအကြောင်းလှတယ်ဆိုရမှာပါ။

ဒါပေမဲ့ ကိုဗစ် ကပ်ရောဂါနဲ့ အတူ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်ပဧည့်သည်ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ရပါတယ်။

ဒါပေမဲ့ နယ်စပ်တွေကို ကာလကြာရှည် ပိတ်ထားခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကစပြီး ပြည်ပခရီးသည်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ မြန်မာဟာ သွားရောက်လည်ပတ်ထိုက်တဲ့ နိုင်ငံဖြစ်ပေမယ့် တစ်ဘက်မှာလည်း ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး စဉ်းစားစရာတွေရှိနေကြောင်း The Interpreter သတင်း က ဖေါ်ပြပါတယ်။

တစ်ကိုယ်ရေ ပြည်ပ ဧည့်ခရီးသွားတွေအတွက် ပထမဆုံး အန္တရာယ်က Covid-19 ဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာ ကူးစက်မှု ရှိနေဆဲဖြစ်ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလ နဲ့ မတ်လအတွင်း Omicron ကူးစက်မှု လှိုင်းကြောင့်ကူးစက်ခံရသူ အရေအတွက် အမြင့်ဆုံးဖြစ်သွားခဲ့တဲ့အတွက် လာရောက်မယ့် ခရီးသွားတွေ ကာကွယ်ဆေးထိုးဖို့ သီးခြားနေပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါ့ပြင် ကူးစက်မှုကိုအကြောင်းပြုပြီး ဒေသတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာနိုင်ပြီး ခရီးသွားလုပ်ငန်း အပါအဝင် ထိခိုက်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခှနှစ်ကစပြီး စစ်တပ်ဟာ စီးပွားရေး၊ ငွေကြေး၊ အာဏာနဲ့ ပတ်သက်နေခဲ့တာပါ။ လက်ရှိမှာလည်း စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေက ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး နဲ့ ခရီးသွားလုပ်ငန်း စတဲ့ ဌာနတွေကနေ တိုက်ရိုက်ရော သွယ်ဝိုက်လို့ပါ အကျိုးအမြတ် ကြီးကြီးမားမား ရရှိနေကြတာဖြစ်ပါတယ်။

ဒီအတွင်း ၂၀၁၀ ပြည့်နှစ်ကစပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဒီမိုကရေစီ အရိပ်အရောင် အနည်းငယ် ပြသခဲ့ပေမယ့် နိုင်ငံရေးအာဏာကနေ လုံးဝ ဆုတ်ခွာသွားတာတော့ မဟုတ်ခဲ့ပါဘူး။

စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကလည်း အထိအခိုက်မရှိ ဆက်လက်လည်ပတ်နေတာပါ။ အဓိက လုပ်ငန်းကြီးနှစ်ခုကတော့ မြန်မာ့ စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက် နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလီမိတက် တို့ဖြစ်ပါတယ်။ ဦးပိုင် ကုမ္ပဏီက ပိုပြီး ကြီးမားပါတယ်။ အဲဒီ ကုမ္ပဏီ နှစ်ခုလုံး ကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူထားတာပါ။

မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ ရှေ့တန်းမှာ ပါဝင်တဲ့ အဓိက အခြေခံအဆောက်အအုံတွေ၊ ရန်ကုန်က လူသိများတဲ့ မိုးလုံ လေလုံ လေထီးခုန်ဌာနတွေ၊ ချောင်းသာက Azura ကမ်းခြေလို နေရာတွေဟာ ဦးပိုင် လီမိတက် နဲ့ ဆက်စပ်နေပြီး၊ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်နေတာလည်းဖြစ်ပါတယ်။

ဒီအတွင်း ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ပြည်ပက နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို မြန်မာကျပ်ငွေ နဲ့ ချက်ခြင်း လဲလှယ်ရောင်းချပေးရမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။

အဲဒီညွှန်ကြားချက်ဟာ ဧပြီလ ၃ ရက်နေ့က စတင်အကျိုးသက်ရောက်ခဲ့တာပါ။ အဲဒီရက်မတိုင်ခင် ရရှိထားတဲ့ နိုင်ငံခြားသုံးငွေကိုလည်း အခုညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး ကင်းလွတ်ခွင့်ပြုမယ့် ကိစ္စရပ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် သီးခြားထုတ်ပြန် ဆောင်ရွက်ပေးမယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။

အဲဒီအတွက် ငွေကျပ်လဲလှယ်နှုန်း အဖြစ် အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နဲ့ သတ်မှတ်ပေးလိုက်ပြီး တခြားငွေလဲလှယ်ဈေးတွေကိုလည်း ၁၈၅၀ ကျပ်နဲ့သာ အခြေခံတွက်ချက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet ကတော့ - မြန်မာ့ စီးပွားရေးဟာ ပြိုလဲလု အနေအထားမှာရှိနေပြီး၊ နိုင်ငံ့ လူဦးရေ ၁၄ သန်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း၊ လာမယ့်လတွေအတွင်း စားနပ်ရိက္ခာ ပြဿနာနဲ့ ရင်ဆိုင်ရ ဖွယ်ရှိကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။