စစ်ကောင်စီတပ်တွေ လူသားဒိုင်းအသုံးပြုမှု တိုးလာနေ

စစ်ကောင်စီတပ်ဖွဲ့တွေ အခုလို လူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်တာဟာ ခေတ်အဆက်ဆက် မြန်မာစစ်တပ်က အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။ Citizen Journalist

စစ်ကောင်စီတပ်ဖွဲ့တွေက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လယ်ခြားကျေးရွာ ဒေသခံ ရွာသားသုံးဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ကန့်ဘလူခရိုင် စကျင်ကျေးရွာက ပြည်သူ ၁၀ ဦးလောက်လည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် ခံထားရပါတယ်။

ဧပြီလ ၂၅ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာ အုပ်စု လယ်ခြားကျေးရွာ ဒေသခံ ရွာသား သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လူသားဒိုင်းအဖြစ် အသုံးပြု ဖမ်းဆီးခေါ်ဆောင်သွားတာကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF ဖယ်ခုံက ရုပ်သံဖိုင် ရရှိထားပါတယ်။

ဖမ်းဆီးခံရသူလေးဦး ဖြစ်နိုင်ပြီး ဒီသတင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖယ်ခုံ KNDF ပြန်ကြားရေး တာဝန်ခံက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ ယူဆရတာကတော့ အားလုံးက လေးယောက်ဖြစ်လိမ့်မယ် တစ်ယောက်ကိုတော့ သူသတ် လိုက်ပြီးတော့ ကျန်တဲ့သုံးယောက်ကို သူ့ခရီးလမ်းမှာ လူသားဒိုင်းအဖြစ်အသုံးပြုပြီးတော့ ခေါ်ဆောင်သွားတာလို့ ကျွန်တော်တို့က ယူဆရတယ် သူတို့ဖမ်းသွားတဲ့ သုံးယောက်ကို ကျွန်တော်တို့က ဒရုန်းနဲ့ မှတ်တမ်းယူပြီးမှ ကျွန်တော်တို့ တွေ့ပြီးမှအဲဒီရွာကို ဝင်ရောက်ပြီးတော့ ရှာဖွေရင်းနဲ့ ဒီရုပ်အလောင်းကို တွေ့မြင်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်ဗျ။ အဲဒီသုံးယောက်ကတော့ ကျွန်တော်တို့ အခြေအနေမသိရဘူး သတ်လိုက်ပြီလား ဘယ်လိုဖြစ်သွားပြီလဲဆို ဆက်ပြီးတော့ စုံစမ်းဆဲပါ။”

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လယ်ခြားကျေးရွာကို ဧပြီလ ၂၆ ရက် မနက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံထားရတဲ့ အရပ်သား အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတစ်ခုကို တွေ့ရှိရတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။

ပစ်သတ်ခံထားရတဲ့သူမှာ မျက်လုံးတွေပါ ဖောက်ထုတ်ခံထားရပြီး အဲဒီနေရာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲခဲ့တဲ့ တောင်မဲသင်းနဲ့ မြောက်စလုံး ရွာကြားမှာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီလူဟာ ဖမ်းဆီးခံရသူတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် စကျင်ကျေးရွာက ဒေသခံပြည်သူ ၁၀ ဦးလောက်ကိုလည်း ခြေမြန်တပ်ရင်း ၃၆၁ နဲ့ တပ်မ ၈၈ လက်အောက်ခံ တပ်တွေက လူသားဒိုင်းအဖြစ် ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။

“ကျွန်တော်ထင်တယ် တော်တော်နဲ့ ပြန်လွှတ်အုံးမယ့်ပုံ မပေါ်ဘူးဗျ သူတို့လုပ်နေကျ အလေ့အကျင့်တွေက ပြည်သူတွေ ဖမ်းတယ် အချို့လည်း သတ်ထားခဲ့တာတွေ ရှိတယ်။ တစ်ချို့ဆိုရင်လည်း လူသားဒိုင်းအဖြစ် ခေါ်သွားပြီးတော့မှ လွတ်လွတ်ကင်းကင်းဖြစ်ပြီ စိတ်ချရပြီဆိုမှ ပြန်လွှတ်တာမျိုးတွေလည်း ရှိတယ်ဗျ။”

ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို ဧပြီလ ၂၉ ရက်နေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။ အဲဒီတပ်ဖွဲ့တွေဟာ ဧပြီလ ၂၈ ရက်နေ့မှာ တရော်ကိုင်းကျေးရွာက နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေ အခုလို လူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်တာဟာ ခေတ်အဆက်ဆက် မြန်မာစစ်တပ် က အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

“ကျွန်တော်မြင်တာကတော့ သူတို့လူတွေဘက်က ထိခိုက်ကျဆုံးမှု အရမ်းများလာတယ် အုပ်ချုပ်မှု လျော့နည်း ဖြစ်စဉ်လို့ သူတို့ကခေါ်မှာပေါ့ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်တွေအရမ်းများလာတယ် ပြီးတော့ စစ်ပြေးမှုတွေ များလာတယ် ပြေးတာကိုလိုက်ဖမ်းဖို့အတွက် သွားတဲ့လူကိုယ်တိုင် ထပ်ပြေးတဲ့အဆင့်တွေ သူတို့ဖြစ်နေတယ် ပြီးတော့ တိုက်တိုင်းရှုံးနေတယ် ပတ်ပတ်လည်ဝိုင်းနေတဲ့ ဘယ်အချိန်ဘယ်နားက ပစ်လိုက်မှန်းမသိတဲ့ အခြေအနေမှာ သူတို့ရဲ့စိုးရိမ်စိတ်က အရမ်းကြောက်ပြီးတော့ ကြောက်ကန်ကန်တဲ့သဘောနဲ့ ပြည်သူတွေကို အခုလိုမျိုး လူသားဒိုင်းအဖြစ်ကာပြီး သူတို့အသက်ကို ရန်ရှာတာ လျော့နည်းသွားလိုသွားငြားဆိုတဲ့ လုပ်တယ်လို့ ကျွန်တော် သုံးသပ်တယ် သူတို့ခေါင်ကြီးကိုယ်တိုင်က နိုင်ငံတကာရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာ သိသိနဲ့ စွပ်စွဲခံခြင်းကမှ ကင်းလွတ်နေတာပဲ စစ်ရာဇဝတ်မှု ဖြစ်တဲ့ လူသားဒိုင်းတွေ ပြုလုပ်ဖို့ ဖမ်းဆီးပြီးလို့ရှိရင် ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုတာ ကျင့်သားရသွားတယ် အဆိုးဝါးဆုံး ရာဇဝတ်မှုကျူးလွန်တဲ့ ဓားပြဂိုဏ်းတစ်ခုဖြစ်ပေါ် သွားတာကို တွေ့ရပါတယ်။”

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ မခံရအောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်မှုတွေအပြင် အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုတွေ၊ လူပေါင်းရာနဲ့ချီ ဖမ်းဆီးမှုတွေကို နိုင်ငံတစ်ဝန်း ပြုလုပ်နေပါတယ်။

စစ်ကောင်စီ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဒေသခံပြည်သူတွေကို မတ်လနဲ့ ဧပြီလမှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးတဲ့လူတွေထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိတယ်လို့ ကချင်ပြည်နယ် ဖားကန့် မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

“တစ်ချို့တော့ ပြန်လွှတ်တယ်ပေါ့နော် ပြန်လွတ်ခဲ့တဲ့ လူတွေကလည်း အထဲမှာ တော်တော်လေးကိုမှ ရက်ရက်စက်စက် လုပ်ခံခဲ့ရတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်ပေါ့နော် တစ်ချို့တစ်ဝက်ပြန်လွတ်လာတယ် ကျန်နေသေးတဲ့ တစ်ချို့တစ်ဝက်အတွက်ကျတော့ စိုးရိမ်စရာကောင်းတယ်ပေါ့နော် သူတို့က တစ်ဦး တစ်ယောက်ချင်းဆီကို ဖမ်းဖို့ခက်တဲ့အချိန်မှာပေါ့နော် တစ်ရွာလုံးနီးပါး အဲလိုဖမ်းပြီးမှ တစ်ယောက်ချင်းဆီရဲ့ ဖုန်းတွေကို စစ်တာမျိုးဆိုတာက စကားပြောထားတာတွေ မဖျက်မိရင်လည်း တွေ့နိုင်တာပေါ့နော် လွတ်တဲ့လူတွေကလည်း လွတ်ခဲ့ပြီ မလွတ်တဲ့သူတွေအတွက်တော့ ကျွန်တော်တို့ ပိုပြီးတော့ စိုးရိမ်တယ်ခင်ဗျ။”

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ပြည်သူ ၁၀၀ ကျော်ဖမ်းဆီးမှုတွေ၊ ဧပြီ ၁၉ ရက်နေ့က ၅၀ နီးပါးနဲ့ ဧပြီ ၂၅ ရက်နေ့က လူပေါင်း ၂၀၀ လောက်ကို တစ်ပြိုင်တည်း ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်တာတွေ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ပေမယ့် ဖုန်းခေါ်ဆိုလို့ မရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org