အာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူထောင်ပေါင်းများစွာကို ဖမ်းထားတဲ့ စစ်ကောင်စီဟာ အကျဉ်းထောင်၊ အချုပ်ထောင်သစ်တွေကို ထပ်ပြီးဆောက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ထဲမှာ အကျဉ်းထောင်တစ်ခုကို ဆောက်နေပြီး၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲမှာလည်း အချုပ်ထောင်တစ်ခုဆောက်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ ထိပ်ပိုင်းအရာရှိတွေ၊ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
"သတင်းအမှောင်ချပြီး သတင်းလည်းဖုံးဖိလို့ကောင်းမယ့် နေရာကို ရွေးချယ်ပြီးတည်ဆောက်တယ်လို့ ယူဆပါတယ်"
မွန်ပြည်နယ်ထဲမှာ ကျိုက်မရော ဗဟိုအကျဉ်းထောင်၊ မော်လမြိုင် အချုပ်ထောင်နဲ့ သထုံ အကျဉ်းထောင်တို့အပြင် ရဲဘက်စခန်း (၇) ခုရှိနေပြီးဖြစ်ပါတယ်။ ဒီကြားထဲမှာ ထောင်အသစ် ထပ်ဆောက်တာဟာ အာဏာရှင်ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့ ပြင်ဆင်နေတာလို့ မွန်ပြည်နယ်တော်လှန်ရေးအဖွဲ့ (MSRO) ရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
“ပြည်သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ တည်ဆောက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ လူနေကျဲပြီး တောထူထပ်တဲ့နေရာမှာ ထောင်အသစ်တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင် တွေဟာ ကျွန်တော်တို့လို တော်လှန်ရေး သမားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ၅၀၅-က၊ ခ သမားတွေ၊ မတရား ဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ပြည်သူတွေကို အဲဒီထောင်ပြောင်းပြီးတော့ ဖိနှိပ်မယ်၊ နှိပ်စက်မယ်။ စစ်အာဏာရှင်တွေရဲ့ အောက်တန်းကျတဲ့လုပ်ရက်နဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ပစ်မယ်။ သတင်းအမှောင်ချပြီး သတင်းလည်းဖုံးဖိလို့ကောင်းမယ့် နေရာကို ရွေးချယ်ပြီးတည်ဆောက်တယ်လို့ ယူဆပါတယ်“
အမည်မဖော်လိုတဲ့ စစ်ကောင်စီ ထိပ်ပိုင်းအရာရှိတစ်ဦးရဲ့ ပြောဆိုချက်အရ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းရွာမှာ မော်လမြိုင် အကျဉ်းထောင်အသစ် ဆောက်နေတာ ပြီးတော့မယ်လို့ RFA ကို ပြောပါတယ်။
နှစ်ထပ်အိပ်ဆောင်၊ ထမင်းစားဆောင်၊ ဗဟိုကင်းသုံးထပ်ပါ အဆောက်အအုံနဲ့ ဝန်ထမ်းအိမ်ယာတွေ ပါဝင်တဲ့ အကျဉ်းထောင်အသစ်ကို ဇွန်လ ၂၃ ရက်မှာ ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း ထုတ်ပြန်ထားပါတယ်။
ဒီလိုအကျဉ်းထောင်တွေ ဆောက်လုပ်နေတာဟာ လူတွေကိုပိုဖမ်းဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်ဖို့ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မော်လမြိုင် ထောင်အသစ်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်က တိုက်ရိုက် အုပ်ချုပ်ဖို့ စီစဉ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့သူတစ်ယောက်က ပြောပါတယ်။
“သထုံထောင်မှာရှိတဲ့ ကလေးနဲ့ ကျိုက်မရောထောင်မှာရှိတဲ့ ကလေးတွေကို အဲဒီထောင်ကိုပြောင်းမယ်လို့ပြောတယ်။ ထောင်ပြောင်းရမယ်၊ အပြောင်းပါမလား မသိဘူး။ ပြောနေကြတာတော့ အသံကြားတယ်။ စနစ်တကျ ဆောက်ထားပြီးတော့ စနစ်တကျ သူတို့ ကလေးတွေကို လုပ်ဖို့ပေါ့။ သူတို့ ဘောင်ထဲ သူတို့ သွတ်သွင်းမယ်။ ထွက်လို့မရအောင် လှုပ်လို့မရအောင် စစ်တပ်နဲ့ အုပ်ချုပ်ထားမယ် နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလိုမျိုးပေါ့။ အခုဆိုလို့ရှိရင် ရောနေတယ်လေ။ အခုသူတို့ လုပ်နေကြပေမယ့် ဖရဲသီးတွေရှိတယ်။ ဖရဲသီးတွေနဲ့ ကလေးတွေကို ခွဲထုတ်တာ သာယာဝတီမှာဆို အဲဒီလိုပဲ ဟို မော်လမြိုင်မှာဆိုလည်း သီးသန့်လုပ်ပစ်တာ။ အဲဒီလိုလုပ်ချင်လို့ အဲဒီလိုလုပ်တာ”
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အနောက်တောင်ပိုင်း စစ်ဌာနချုပ်နဲ့ တပ်မတော် အမှတ် (၆) လေ့ကျင့်ရေးစခန်းနားမှာလည်း စစ်ကောင်စီက အချုပ်ထောင်အသစ်တစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း အပါအဝင် ဒေသခံ လေးယောက်က RFA ကို ပြောပါတယ်။
၁၈ ပေ အမြင့်ရှိမယ့်အုတ်တံတိုင်းနဲ့ ဆောက်မယ့် အဲဒီအချုပ်ထောင်မှာ ခြောက်ခန်းတွဲ နှစ်ထပ်ဆောင် တစ်ဆောင်၊ ဗဟိုကင်း သုံးထပ်မျှော်စင်တစ်ခုတို့ ပါဝင်မှာဖြစ်ပြီး မြေရှင်းလင်းရေးလုပ်နေပြီလို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
၁၈၈၉ ခုနှစ်ကရှိခဲ့တဲ့ ပုသိမ်အကျဉ်းထောင်ဟာ အကျဉ်းသားဦးရေ တစ်ထောင်ထား နိုင်ပေမယ့် အခုတော့ တစ်နှစ်ကို အကျဉ်းသား ၁၃၀၀ ကနေ ၁၆၀၀ လောက်အထိ ရှိနေတာကြောင့် အချုပ်ထောင်အသစ်ကို စစ်ကောင်စီက တည်ဆောက်လာတာလို့ သူက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ ထောင်ဝင်စာပို့ကြမယ်အဖွဲ့က တာဝန်ရှိသူ တစ်ယောက်ကတော့ ထောင်သစ်တွေပြီးရင် အဖမ်းအဆီးတွေ ပိုများလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ထောင်အသစ်ဆောက်ထားတာကတော့ ကျွန်တော့်တစ်ဦးတည်းအမြင်အရ အဲဒီလို သီးသန့်ကြီး နိုင်ငံရေးသမားတွေကို သီးသန့်ထားဖို့တော့ မဖြစ်နိုင်ဘူး။ တခြား ဥပမာ အင်းစိန်တို့၊ အိုးဘိုတို့ အဲဒီထဲကနေ အကျဉ်းသားတွေများလာခဲ့လို့ရှိရင် ပို့ဖို့ထောင်အသစ်ဆောက်တယ်လို့ ကျွန်တော် တွေးတယ်ပေါ့နော်။ သူတို့ကတော့ ဘာရည်ရွယ်ချက်နဲ့ တွေးလဲတော့ မသိဘူးပေါ့။ နောက်ပိုင်းတော့ ထပ်ပြီးဖမ်းဖို့ အစီအစဉ်တွေရှိလို့နေမှာပေါ့”
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရ ဦးတိုးဝင်းနဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အကျဉ်းဦးစီးဌာနက ပြောခွင့်ရ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းဆက်တော့လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို သေဆုံးတဲ့အထိ နှိပ်စက်တာ၊ တိုက်ပိတ်ထားတာ၊ ရုံးထုတ်တဲ့အချိန်မှာ သံခြေချင်းခတ်တာအပြင် ထောင်ထဲမှာပါ သံခြေချင်းနဲ့ ထားတဲ့အထိ ဖိနှိပ်တာတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်းမှာ ထောင်ကနေထွက်ပြေးတာ ၃ ကြိမ်ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံထောင်က နိုင်ငံရေးအကျဉ်းသား နှစ်ဦး ထောင်ဖောက်ပြေးခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ မကွေးတိုင်း ပခုက္ကူ အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ငါးယောက် ထွက်ပြေးသွားသလို၊ အခု ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့မှာ ပဲခူးတိုင်း၊ တောင်ငူ အကျဉ်းထောင်က ဆယ်ယောက် ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။
ဒါကြောင့် ဘားအံထောင်မှာ အုတ်တံတိုင်းအသစ်၊ ကင်းမျှော်စင်အသစ်တွေ ထပ်ဆောက်ပြီး ပါဆယ်ဌာနကိုလည်း ထောင်ထဲကို ရွှေ့လိုက်ပါတယ်။ ထောင်အရှေ့မှာလည်း စစ်တပ်ဘန်ကာတွေ ထပ်ပြီးတည်ဆောက်လိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် အဖမ်ခံရတဲ့သူ နှစ်သောင်းသုံးထောင်ကျော် (၂၃,၆၅၁ ဦး) ရှိပြီး အဲဒီထဲကတချို့ ပြန်လွတ်ခဲ့တဲ့အတွက် လက်ရှိမှာ နှစ်သောင်းနီးပါး (၁၉,၂၉၅ ဦး) ဆက်ပြီး ထိန်းသိမ်းခံထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
စစ်ကောင်စီဟာ နှစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၁၂ ကြိမ်အထိ ကြေညာခဲ့ပြီး အကျဉ်းသား ခုနစ်သောင်းကျော် ပြန်လွှတ်ခဲ့တယ်လို့ ဆိုပေမယ့် အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်ပဲပါတယ်လို့ AAPP ရဲ့ စာရင်းမှာ တွေ့ရပါတယ်။