နိုင်ငံတစ်ဝန်း ရာဇဝတ်မှုတွေကို စစ်ကောင်စီ မထိန်းချုပ်နိုင်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားချိန် ကြာလာတာနဲ့အမျှ အနုကြမ်းစီးမှုတွေနဲ့ ဓားပြတိုက်လုယက် သတ်ဖြတ်မှုတွေ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာနေတယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေက RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က ဓားပြတိုက်ခံရသည့် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းရှိ ပထမထပ်တိုက် နေအိမ်အား တွေ့ရစဉ်။ Photo: Citizen Journalist

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားချိန် ကြာလာတာနဲ့အမျှ အနုကြမ်းစီးမှုတွေနဲ့ ဓားပြ တိုက်လုယက် သတ်ဖြတ်မှုတွေ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာနေတယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးလှုပ်ရှားသူတွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေ သူတွေနဲ့ လက်နက်ကိုင် ခုခံတော်လှန်သူတွေကို ပြင်းပြင်းထန်ထန် ဆက်တိုက်ဖမ်းဆီး ထောင်ချနေပေမယ့် အခုလို ရာဇဝတ်မှုတွေကတော့ လျစ်လျူရှုခံထားရတယ်လို့လည်း ပြောကြပါတယ်။

"လူတိုင်းက ကိုယ့်ကိုယ်ကို ဘေးကင်းအောင် မနည်းကြိုးစားနေရတဲ့ ဘဝတွေဖြစ်သွားတာကိုး”

ရန်ကုန်မြို့မှာ နေ့ခင်းဘက် အိမ်တံခါးကို ဖျက်ဝင်ပြီးလုယက်ဖို့လုပ်လာတာနဲ့ လမ်းပေါ်မှာ လုယက်တာတွေလည်း ကြုံတွေ့နေရတယ်လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့လ ၁၆ ရက်နေ့ကဖြစ်တာ။ သံဒင်းဈေးဆိုတာ နည်းနည်းဝေးတယ်။ ရပ်ကွက် နှစ်ခုတော့ ကျော်တယ်။ သူငယ်ချင်းဆိုင်မှာ မိုးကာသိမ်းပြီး ပြန်လာတာ။ ဘက်ထရီ စက်ဘီးနဲ့ပေါ့။ ဖုန်းကျတော့ ခါးမှာထိုးထားတယ်။ ခါးထိုးထားတာကို သံဒင်းတံတား အတက်နားမှာ အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး ပုခုံးကိုပုတ်လိုက်တယ်။ ပုတ်ပြီးတော့ လက်ကိုအောက်ဆွဲချပြီးတော့ ခါးကြားထဲက ဖုန်းကိုယူသွားတာ”

ရွှေပြည်သာမြို့နယ်မှာ ဆွဲကြိုး၊ ဆိုင်ကယ်၊ စက်ဘီး၊ ဖုန်း နေစဉ်လုယက်ခံနေရပြီး ရပ်ကွက် ရုံးနဲ့ ရဲစခန်းမှာ အရင်က တိုင်တန်းခဲ့ပေမယ့် အရေးတယူ မဆောင်ရွက်တဲ့အတွက် နောက်ပိုင်းမှာ မတိုင်တန်းကြတော့ဘူးလို့ သူက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကလည်း သူတို့ရပ်ကွက်ထဲမှာ မကြာ ခဏဆိုသလို စက်ဘီးတွေ အခိုးခံရတာနဲ့ တခြားအိမ်အသုံးဆောင် ပစ္စည်းတွေ ပျောက်တာ တွေ အခုနောက်ပိုင်း ပိုများလာတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်မိုင်ရွာနဲ့ ဂေါက်ကွင်း အကြားမှာလည်း စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ ဓားရှည်ကိုင်ထားတဲ့ ဆိုင်ကယ်လုယက်တဲ့ အမှုရှိ တယ်တယ်လို့ တာချီလိတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ငါးမျှားနေရင်းနဲ့ အဲနားမှာ ကောင်လေးတွေရှိတယ်။ ငါးမျှားနေတာ။ ဝမ်မိုင်ဘက်က သုံးယောက်လို့ ပြောတယ်။ ဓားတွေနဲ့ ဆိုင်ကယ်လုတာပေါ့။ တစ်ယောက်က နောက်ကျောကို နည်းနည်းထိသွားတယ်။ ထွက်ပြေးတာ။ နောက်ထပ်ဘေးကလူတွေ ဝိုင်းလိုက်တော့ ပွိုင့်မှာမိတယ် ပြောတယ်။ ဆိုင်ကယ်တွေ လုတာ၊ ဆိုင်ကယ်တွေခိုး တာတော့ရှိတယ် အခုလိုမျိုးကြီးတော့ မရှိဘူး။ အခုမှပဲကြုံရတာ”

ဒါဟာ တာချီလိတ်မြို့ပေါ်မှာ လုယက်မှုတွေ ပေါ်ပေါ်တင်တင်လုပ်လာတာဖြစ်ပြီး အရင်တုန်းက အခုလို လုယက်မှုမျိုး မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် နေ့တုန်းက သေနတ်ကိုင်ဆောင်ထားတဲ့ အမည်မသိ လူငါးဦးက သိန်းတရာရွှေဆိုင်ကို ဓားပြတိုက်သွားတာကြောင့် ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုးရှိတဲ့ ရွှေထည် ပစ္စည်းတွေ ပါသွားတယ်လို့ ရွှေဆိုင်တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

မုံရွာမြို့နယ်အတွင်းမှာ ခိုးဆိုး၊ လုနှိုက်၊ မုဒိမ်းမှုတွေကို ကျူးလွန်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်းက အဓိက ပါဝင်ပတ်သက်သူ တစ်ဦးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ စက်တင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ငြိမ်းချမ်းညီ (ခေါ်) ဂျပန်ကြီးကို စစ်ဆေးမေးမြန်းတဲ့အခါ အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း လူသတ်မှု ၃၄ မှု၊ မုဒိမ်းမှု ၂၄ မှု၊ နေအိမ်ထဲဝင်ရောက်စီးနင်းမှု ၁၁ မှု တို့ကို ကျူးလွန်ထားတာသိရပြီး မုဒိမ်းကျင့်ခဲ့သူတွေထဲမှာ အသက် ၁၄ နှစ်ကနေ ၃၈ နှစ်အတွင်း ပါဝင်တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့နယ်အတွင်း လုယူခဲ့တဲ့ ငွေကြေးခန့်မှန်းတန်ဖိုး ကျပ်သိန်း ၆၅၀၊ ဆိုင်ကယ် ၆၅ စီးရှိပြီး ရွှေလုယက်မှု ၂၃ မှုလည်းရှိခဲ့တဲ့အကြောင်း ဖမ်းဆီးခံရသူက ဖြောင့်ချက်ပေးခဲ့ တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မုံရွာမြို့မှာ မကြာခဏ ဓားပြတိုက်လုယက်မှုတွေ ကြုံနေရတာဟာ စစ်ကောင်စီက ပြည်သူတွေကို ဥပဒေအရ အကာကွယ်မပေးနိုင်တာကြောင့်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ခိုးဆိုးလုနှိုက်တွေကို အဓိက မဖြေရှင်းဘူးလို့ပဲ အစ်မတို့က ခံယူတယ်။ သူတို့အတွက် လည်း အလုပ်ရှုပ်တယ်။ ခံရတဲ့ ကာယကံရှင်တွေကလည်း အလုပ်ရှုပ်မှာပဲ။ သွားတိုင်တဲ့ အခါ ချက်ချင်းမဖြေရှင်းပေးတော့ အထပ်ထပ် ခံစားရတာပေါ့။ ရဲစခန်းဆိုကလည်းရှိနေ တာပဲ အလုပ်လုပ်မှဖြစ်တာကိုး။ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်မှ အားလုံးမခံစား ရအောင် လုပ်မှပေါ့။ မတိုင်ချင်တော့ဘူး တိုင်လည်းပဲ ဘယ်လိုဖမ်းမလဲ။ တိုင်လိုက်လို့ ကိုယ့်တောင်ရန်ရှာချင်လား ဘာဆိုတာ မသိဘူး။ လူတိုင်းက ကိုယ့်ကိုယ်ကို ဘေးကင်း အောင် မနည်းကြိုးစားနေရတဲ့ ဘဝတွေဖြစ်သွားတာကိုး”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှု တွေကို ခံစားနေရသလို အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ လုယက်မှုတွေ များပြားလာ တာကြောင့် အပြင်ထွက်ဖို့တောင် စိုးရိမ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ခိုးဆိုးလုယက်မှုတွေကို အရေးယူ ဆောင်ရွက်နေပြီးတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ အမည်ခံထားသူတွေထဲမှာ လူဆိုး လူမိုက်တွေ ပါဝင်နေပြီး သူတို့ရဲ့လက်ထဲ လက်နက်တွေရောက်သွားပြီးနောက် အခုလို လုယက်မှုတွေ များပြားလာတာလို့ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က RFA ကို ပြောဆိုထား ပါတယ်။

ရဲအရေးမပိုင်တဲ့အမှုတွေကို အုပ်ချုပ်ရေးရုံးတွေမှာ သွားရောက်တိုင်ကြားနိုင်ပြီး ရဲအရေး ပိုင်တဲ့ အမှုတွေကိုတော့ အမှုဖွင့်ပေးနေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ဒါပေမဲ့ မန္တလေးမြို့ ဒေသခံတချို့ကတော့ ခိုးမှုကျူးလွန်သူကို ဖမ်းဆီးရမိလို့ ရဲလက်ထဲ အပ်ရင်တောင် လမ်းတစ်ဝက်မှာတင်ပဲ ပြန်လွှတ်ပေးလိုက်တဲ့ ဖြစ်ရပ်တွေရှိတယ်လို့ ပြောပါတယ်။

မန္တလေးမြို့သစ်တွေဖြစ်တဲ့ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်မြို့နယ်တွေနဲ့ စက်မှုဇုံဘက် တွေမှာ ဆိုင်ကယ်၊ ဖုန်း၊ ရွှေနဲ့ ငွေတွေ လုယက်မှုအများဆုံးပဲလို့ မန္တလေး မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညခုနစ်နာရီနဲ့ ရှစ်နာရီဆို မန္တလေးတစ်မြို့လုံး ဘယ်သူမှ အပြင်မထွက်တော့ဘူး။ လုပ်ငန်းသိမ်း၊ ဆိုင်သိမ်းကြတယ်။ လူသွားလူလာ တော်တော်နည်းသွားတယ်။ မရှိ သလောက် ဖြစ်သွားတယ်။ တိုင်လည်းဘာမှမထူးတော့ တိုင်ကြားတာတွေနည်းတယ်။ နည်းတဲ့အခါကျတော့ သူတို့ မှုခင်းစာရင်းဇယားမှာ မှုခင်းမတိုးလာဘူးပေါ့ နည်းတယ် ပေါ့။ အမှန်က ဘယ်သူမှ မတိုင်ကြတော့တာ။ သူခိုးမိလို့ ရဲကိုသွားခေါ်ပြီး အပ်လိုက်ရင် တေင် ရဲက လမ်းတစ်ဝက်မှာတင် ပြန်ချထားပေးခဲ့တာပဲ။ စခန်းတွေဘာတွေ ခေါ်မသွား တော့ဘူး။ အဲဒါမျိုးတွေကရှိနေတာကို လက်တလောမှာ”

စစ်အာဏာမသိမ်းခင်တုန်းက မန္တလေးမြို့မှာ လှည့်ကင်းတွေနဲ့ ရာဇဝတ်မှုတွေကို ထိန်းချုပ် ထားနိုင်ပေမယ့် အခုချိန်မှာတော့ နိုင်ငံရေးလှုပ်ရှားသူတွေကလွဲလို့ ကျန်တဲ့ ရာဇဝတ်မှု တွေကို ထိထိရောက်ရောက် အရေးယူတာမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဖော့ကန်တွင် ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့က အမျိုးသမီးတစ်ဦးအား ဓားနှင့်လုယက်ရန် ကြိုးစားခဲ့သူအား အနီးနားရှိ ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးထားစဉ်။ (Photo: Citizen Journalist)

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ရာ တိုက်ခန်းတစ်ခန်းအတွင်းမှာ အသက် ၃၈ နှစ်အရွယ် အမျိူးသမီးတစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဒုစရိုက်မှုတွေများပြားလာတာဟာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ နောက်ဆက် တွဲ အကျိုးဆက်တွေအဖြစ် ပြည်သူတွေ ကြုံတွေ့နေကြရတာလို့ နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

“၂၀၀၈ ဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းလိုက်တဲ့အခါ အုပ်ချုပ်ရေးစနစ်၊ တရား ဥဒေစိုးမိုးရေး လုပ်ငန်းတွေပြိုကွဲ ဖရိုဖရဲဖြစ်သွားပါတယ်၊။ အဲဒီအခြေနေအောက်မှာ အခု တရားဥပဒေမဲ့ လူသတ်မှုတွေ၊ လုယက်မှုတွေပေါ့။ ရာဇဝတ်မှုဖြစ်လာရင် ဘယ်သွားတိုင် ရမှန်းတောင် မသိတော့ဘူး။ ဘယ်ရဲစခန်းမှလည်း လူတွေက အားကိုးချင်စိတ် မရှိတော့ ဘူး။ လူတွေက ဆင်းရဲကျပ်တည်းလာတဲ့အခါ ဒီလို ရာဇဝတ်မှုတွေ ထူပြောနေတာဖြစ် တယ်။ အဲလို တရားဥပဒေ စိုးမိုးမှုပြိုကွဲသွားတဲ့နောက် အဲဒါတွေက ပေါ်ပေါက်လာတဲ့ အတွက် စစ်ကောင်စီမှာ တာဝန်ရှိတယ်”

ပြည်သူတွေရဲ့ဘဝ နေ့စဉ်လုံခြုံမှုတွေအတွက် စစ်ကောင်စီက မဖြေရှင်းပေးနိုင်တော့တာ ကြောင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေက ကိုယ့်တာဝန်ကိုယ် ယူပြီး ရပ်ကွက်တွေ၊ လမ်းတွေထဲမှာ ကင်းစောင့်တာ၊ လုံခြုံရေးချတာတွေနဲ့ ကာကွယ် ရတော့မယ့် အခြေအနေရောက်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီကတော့ ပြည်သူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော် နေတယ်လို့ ပြောဆိုထားပေမယ့် ပြည်သူအများစုက မယုံကြည်ကြတော့တာကြောင့် ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေကို သွားရောက်တိုင်တန်းဖို့ထက် သူတို့ ကျူးလွန်ခံနေရတာကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာပဲ ရေသားနေကြတဲ့ အနေအထားဖြစ်လာနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org