ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေသာမက ဗုဒ္ဓဘာသာဝင်တွေလည်း တိုက်ခိုက်ခံနေရ
နိုင်ငံတကာဖြစ်ရပ်ကြီးတွေကို ကမ္ဘာကျော်စာစောင်တွေမှာ ရေးသားနေတဲ့ အလွတ် သတင်းထောက် Jonathan Gorvett က ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ်ကို သမိုင်းနောက်ခံတွေ၊ ဖြစ်ရပ်တွေ၊ ကုလသမဂ္ဂအရာရှိတွေနဲ့ ဒေသခံတွေရဲ့ ပြောဆို ချက်တွေ၊ ပြည်ပသတင်းတွေမှာ ဖော်ပြခဲ့တာတွေကို ကိုးကားပြီး နာမည်ကျော် Foreign Policy မဂ္ဂဇင်းမှာ အောက်တိုဘာလ (၃၁) ရက်နေ့က ရေးသားလိုက်ပါတယ်။
-
နေရိန်ကျော်
2019-11-01 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတကာဖြစ်ရပ်ကြီးတွေကို ကမ္ဘာကျော်စာစောင်တွေမှာ ရေးသားနေတဲ့ အလွတ်သတင်းထောက် Jonathan Gorvett က ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို သမိုင်းနောက်ခံတွေ၊ ဖြစ်ရပ်တွေ၊ ကုလသမဂ္ဂအရာရှိတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေ၊ ပြည်ပသတင်းတွေမှာ ဖော်ပြခဲ့တာတွေကို ကိုးကားပြီး နာမည်ကျော် Foreign Policy မဂ္ဂဇင်းမှာ အောက်တိုဘာလ (၃၁) ရက်နေ့က ရေးသားလိုက်ပါတယ်။
သူ့ဆောင်းပါးအစမှာတော့ အခုလို ဖော်ပြထားပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ တစ်နှစ်တာပွဲတော်မှာ ဒုတိယအထွတ်အမြတ်အထားဆုံးလို့ ပြောလို့ရမယ့် အောက်တိုဘာလ သတင်းကျွတ်ပွဲတော်ကာလရောက်ပါပြီ။ အဲဒီလိုအချိန် ဒုက္ခနဲ့အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်က မြောက်ဦးမြို့မှာတော့ သီတင်းကျွတ်ပွဲတော်ဟာ အဖြစ်သဘောလောက်ပဲ တွေ့ရပါတယ်။ ပုံမှန်အချိန်တွေ ဆိုရင်တော့ သီတင်းကျွတ်လပြည့်ညမှာ မီးပုံတွေထွန်းကြ၊ အဆို၊ အက ပြဇာတ်တွေတင်ဆက်ကြ၊ သီချင်းဆိုတဲ့ စတိတ်စင်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပလေ့ ရှိပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ ဘာပွဲမှမရှိပါဘူး။ သီတင်းကျွတ်ပွဲတော်အစား ည ၉ နာရီကျော်ရင် အပြင်မထွက်ရဆိုတဲ့ ကာဖျူးမိန့်ကြောင့်၊ လမ်းပေါ်မှာ မြန်မာ့တပ်မတော်လို့ခေါ်ဝေါ်တဲ့ မြန်မာစစ်တပ်က တပ်သားတွေပဲတွေ့ရပြီး သူတို့က လမ်းကိုပိတ်ဖို့ သံဆူးကြိုးတွေဆွဲပြီး လမ်းကိုပိတ်နေကြပါတယ်။ ဈေးဆိုင်တွေလည်းပိတ်ပြီး လမ်းတွေဟာ လူသူကင်းမဲ့လို့ မီးရောင်မှိတ်တုတ်တုတ်တွေလည်း ပျောက်ကွယ်ကုန်ပါတယ်။
အိမ်နီးပါးချင်း သွားလာဆော့ကစားနေတဲ့ သားသမီးတွေကို မိဘတွေက လက်နှိပ်ဓါတ်မီးတွေနဲ့ ရှာဖွေပြန်ခေါ်ပြီး၊ အိမ်အောက်မှာတူးထားတဲ့ ဗုံးခိုကျင်းလိုနေရာတွေဆီ ဝင်သွားပါတယ်။ အဲဒီဗုံးခိုကျင်းတွေ ဆိုတာလည်း ပီပီပြင်ပြင်တော့မဟုတ်လှပါဘူး။ မြွေရေခွံအိတ်ဟောင်းထဲ သဲတွေထည့်ပြီးကာထားကြတာမျိုးပါ။ တပ်မတော်နဲ့ သူပုန်အဖွဲ့တွေ အပြန်အလှန်တိုက်လို့ ကျလာနိုင်တဲ့ ကျည်ဆန်တွေ၊ ဗုံးဆံတွေ၊ လက်နက်ကြီးစတွေကို ကာကွယ်နိုင်ဖို့ပါ။
“ညမှောင်ပြီဆိုရင် ဘာဖြစ်မလဲဆိုတာ ကျနော်တို့မသိဘူး၊ အားလုံးကြောက်နေကြတယ်” လို့ အမည် မဖော်ရဲတဲ့ ဒေသခံတယောက်က သူ့ကိုပြောတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ရခိုင်ဒေသဟာ မြန်မာပြည်က အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်နေသလို၊ အကြမ်းဖက်မှုတွေနဲ့လည်း မစိမ်းတော့တဲ့ နယ်မြေတစ်ခုဖြစ်နေပါတယ်တဲ့။ ၂၀၁၂ ခုနှစ်ကဆိုရင် ရိုဟင်ဂျာမွတ်စလင်နဲ့ ရခိုင်တိုင်းရင်းသားတွေကြားမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခကြောင့် လူပေါင်း တစ်သိန်းနှစ်သောင်းရှစ်ထောင်လောက် အိုးမဲ့အိမ်မဲ့ဘဝနဲ့ ပြည်တွင်းဒုက္ခသည် စခန်းတွေထဲ ရောက်သွားခဲ့ပါတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ UNOCHR အဖွဲ့ရဲ့ စာရင်းကို ကိုးကားပြီး ဆောင်းပါးရှင်က ဖော်ပြပါတယ်။ တစ်ခါ ၂၀၁၆-၂၀၁၇ မှာ အစ္စလာမ်အစွန်းရောက် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို အကြောင်းပြုပြီး၊ တပ်မတော်က ရိုဟင်ဂျာတွေကို အကြမ်းဖက်မောင်းထုတ်လို့ အဲဒီအချိန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီးဖြစ်နေတဲ့ ဇိုက်ဟူစိန်က ဒီဖြစ်ရပ်ဟာ လူမျိုးစု သုတ်သင်ရှင်းလင်းတဲ့ ဥပမာတစ်ခုအနေနဲ့ ဖော်ပြနိုင်တဲ့ပြဌာန်းစာအုပ်လို ဖြစ်ခဲ့တယ်လို့ ပြောတဲ့အကြောင်း ဆောင်းပါးရှင်က ထောက်ပြပါတယ်။
အဲဒီလိုဖြစ်လို့မှ မကြာခင်မှာ နောက်ထပ် တတိယအကြမ်းဖက်မှုလှိုင်းကြီး ပေါ်လာပါတော့တယ်။ ဒီတစ်ခါတော့ လက်နက်တပ်ဆင်ပြီးသား ပျောက်ကျားအင်အား ၄ ထောင်လောက်ရှိတဲ့ ဗုဒ္ဓဘာသာ အဖွဲ့ဖြစ်တဲ့ AA ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်ရဲ့ တိုက်ပွဲတွေပါပဲတဲ့။
တစ်ချိန်က ကိုယ်ပိုင်နိုင်ငံအနေနဲ့ရပ်တည်ခဲ့တဲ့ ရခိုင်ပြည်ဟာ ၁၇၈၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ် ကျရောက်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဗဟိုအစိုးရ၊ စစ်တပ်နဲ့ စီးပွားရေးမှာ လူများစု ဗမာတွေက ကြီးစိုးထားတဲ့ အပေါ်ဖြစ်နေတဲ့ မကျေနပ်ချက်ကို AA အဖွဲ့က ကောက်ကိုင်လိုက်ပါတယ်တဲ့။ အဲဒီလို လူမျိုးနဲ့ပတ်သက်တဲ့ မကျေနပ်မှုကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားရေးဝါဒီတွေရဲ့ပါတီက နေရာအများစု အနိုင်ရခဲ့ပါတယ်။ သူတို့ရဲ့မျှော်လင့်ချက်ကလည်း နိုင်ငံတော်အဆင့် အာဏာမှာ မသာရရင်တောင် ဒေသအဆင့် အာဏာမှာ လွှမ်းမိုးနိုင်ဖို့ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ အများစုအနိုင်ရတဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို သူ့ရဲ့ညွှန်ကြားချက်တွေ လိုက်နာမယ့် ဦးညီပုကို ပေးလိုက်တဲ့အတွက် ရခိုင်အများစုရဲ့ ဆန္ဒနဲ့ဆန့်ကျင်ဘက်ဖြစ်သွားပါတယ်တဲ့။
ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် Laetitia van den Assum က - “ဒေါ်အောင်ဆန်းစုကြည်ဟာ သူထိန်းချုပ်ချင်တယ်။ သူပြောတာကို အကောင်အထည် ဖော်မယ့်သူကိုပဲ ခန့်ချင်တယ်”လို့ ပြီးခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်းက ဆောင်းပါးရှင်ကို ပြောပြတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်ဟာ စိုက်ပျိုးမွေးမြူရေးအတွက် မြေခံရေခံကောင်းသလို၊ သဘာဝ သယံဇာတ ကြွယ်ဝပြီး၊ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ဒေသဖြစ်နေပါတယ်။ မြန်မာပြည်ဟာ ဆင်းရဲမွဲတေမှုနှုန်း ၇၈ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရ ဝင်ငွေအတွက် သူတို့ရဲ့ သယံဇာတတွေကို အသုံးချနေတယ်လို့ ရခိုင်ဒေသခံအများစုက ယုံကြည်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တရုတ်ရဲ့ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းငှားရမ်းခ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ တခြားစီမံကိန်းကြီးတွေကလည်း ဝင်ငွေတွေရနေပါတယ်။ အခု ၂၀၁၉ ခုနှစ် ပထမခြောက်လမှာတင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲဖိုး ဓာတ်ငွေ့တွေ တရုတ်ကိုပို့ပြီးလို့ ရိုက်တာသတင်းကို ကိုးကားပြီး ဆောင်းပါးရှင်က ရေးပါတယ်။
“ကျနော်တို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပြားမှသုံးတာ မတွေ့ရဘူး၊ သဘာဝဓာတ်ငွေ့အားလုံး တရုတ်ကိုပို့နေပြီး၊ ရတဲ့ငွေတွေက မြန်မာအစိုးရနဲ့ တပ်မတော်ဆီပဲ ရောက်နေတယ်။ ကျနော်တို့ ဒေသခံတွေအတွက်တော့ အလုပ်အကိုင်တွေလည်းမရ၊ ဆုံးရှုံးတဲ့လယ်မြေတွေအတွက်လည်း ထိုက်တန်တဲ့ လျော်ကြေးမရဘူး။ ကျနော်တို့ဆီကထွက်တဲ့ သဘာဝဓာတ်ငွေ့က ရတဲ့ငွေတွေနဲ့ စစ်တပ်က လက်နက်တွေ၊ ကျည်ဆန်တွေဝယ်ပြီး ကျနော်တို့ကို ပြန်ဆန့်ကျင်နေတယ်”လို့ အောင်မူ လို့ အမည်လွှဲပေးထားတဲ့ ကျောက်ဖြူ စီးပွားရေးသမားတစ်ယောက်လည်းဖြစ်၊ AA အဖွဲ့ကိုလည်း ထောက်ခံသူက သူ့ကိုပြောတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
အခုလိုကာလတာရှည်ဖြစ်နေတဲ့ စိတ်နာကျင်မှုတွေက AA အဖွဲ့ကို အလုံးအရင်းနဲ့ ထောက်ခံမှုရလာစေပြီး၊ ဒီအပေါ်မှာ AA အဖွဲ့ကလည်း အခွင့်ကောင်းကိုဆုတ်ကိုင်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်ဆန်းက လွတ်လပ်ရေးနေ့မှာ ရဲစခန်း လေးခုနဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို ဝင်တိုက်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်သားနဲ့ရဲ ၁၃ ယောက် သေဆုံးပြီး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြမ်းဖက်မှုဆိုရင် ပြတ်ပြတ်သားသား ချေမှုန်းရမယ်လို့ တပ်မတော်ကို ညွှန်ကြားလိုက်တဲ့ကိစ္စကို ဆောင်းပါးရှင်က ရေးပါတယ်။ အဲဒီနောက် ကိုးလအတွင်း AA အဖွဲ့က ဒေသထဲမှာ အခိုင်အမာဖြစ်လာတဲ့ ပုံစံပြလာပါတော့တယ်တဲ့။
ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလတစ်ခုတည်းမှာတင် AA အဖွဲ့ဝင် ၁၈ ယောက်က အားကစားသမား အသွင်ဆောင်ပြီး မြောက်ဦးကိုသွားတဲ့ ဘတ်စ်ကားတစ်စီးကို စီးနင်းပြီး လူ ၃၁ ယောက်ကို ဖမ်းခေါ်သွားတဲ့အကြောင်းနဲ့ အဲဒီနောက် မှာတော့ တပ်မတော်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အကြောင်း၊ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာလည်း တပ်မတော်က ဟယ်လီကော်ပတာတွေနဲ့ လက်နက်ကြီးကျည်တွေကို ရွှေ့ပြောင်းနေတာ တွေ့ရတဲ့အကြောင်း ဆောင်းပါးရှင်ကရေးပါတယ်။
AA အဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၂၀၂၀ မှာ မြောက်ဦးမှာ AA အဖွဲ့ရဲ့ ဌာနချုပ်တည်နိုင်ရမယ်လို့ ကြွေးကြော်ထားသလို၊ တပြိုင်နက်တည်းမှာပဲ တပ်မတော်ဘက်က ကူးပြောင်းလာတဲ့ အရာရှိတွေရဲ့ ရုပ်သံတွေ ကိုလည်း အင်တာနက်ဝက်ဘ်ဆိုဒ်တွေမှာ တင်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
“ကျနော်ထင်တယ် AA အဖွဲ့အင်အားကောင်းအောင် အဓိကလူစုပေးနေတာက တပ်မတော်ပဲဖြစ်တယ်”လို့ ပင်မန်းလို့ အမည်ပြောင်းပေးထားသူ မြောက်ဦးသား တစ်ယောက်က ပြောတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ ရွာတွေမှာ စစ်သားတွေက ပစ္စည်းတွေအဓမ္မယူတာ၊ လူတွေကို ထင်သလိုဖမ်းဆီးထိန်းသိမ်း နှိပ်စက်တာ၊ ခြိမ်းခြောက်တာ စတဲ့ဖြစ်ရပ်တွေကြောင့်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ရန်ကုန်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးတဲ့ လေးနှစ်ပြည့်အခမ်းအနား ကျင်းပတဲ့အချိန်ဖြစ်ပါတယ်တဲ့။
ရခိုင်ပြည်နယ်မှာ အခုဆိုရင် စစ်ပြေးဒုက္ခသည် ဘယ်လောက်ရှိပြီလဲဆိုတာ အတိအကျပြောဖို့ ခက်ပေမယ့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC ရဲ့ ဌာနေတာဝန်ခံ Stephan Sakalian က အောက်တိုဘာလထဲမှာတင် လူဦးရေ ငါးသောင်းကျော်အတွက် သူတို့ကူညီထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒေသကိုလဲ ICRC နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကလွဲလို့ မြန်မာအစိုးရက ဘယ်သူ့ကိုမှ သွားလာခွင့်မပြုတာကိုလည်း ဆောင်းပါးရှင်က ရေးပါတယ်။
အခုလို ဒေသတွင်း အဆက်အသွယ်ရဖို့ အခက်အခဲရှိနေတာရယ်၊ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ပဲ နိုင်ငံတကာက အာရုံစိုက်တာရယ်က ရခိုင်ပြည်နယ်ဟာ တကယ့်စစ်မြေပြင်ဖြစ်နေတယ်ဆိုတာ တစ်ယောက်မှ သတိထားမိကြ ဟန်မပေါ်ဘူးလို့ ကုလသမဂ္ဂရဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် Laetitia van den Assum က ပြောပါတယ်။
စစ်တွေလေဆိပ်ဟာ အခုဆိုရင် ဝမ်းနည်းကြေကွဲစရာ မြင်ကွင်းတွေတွေ့ရတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်မဆိုက်ခင်မှာတင် အရေးပေါ်လူနာတင်ကား ရောက်လာမယ်၊ ဒဏ်ရာရထားတဲ့ စစ်သားတွေနဲ့ အရပ်သားတွေ ပါလာမယ်၊ ပြီးတော့ လေယာဉ်ပေါ် တင်ပေးလိုက်မယ်။ စစ်တွေဆေးရုံ မှာ မနိုင်တဲ့အတွက် ရန်ကုန်ကို ပို့လိုက်မယ်။
“ရခိုင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ဗီယက်နမ်လိုဖြစ်လာတော့မယ်” လို့ ကုလအရာရှိ Assum က သူ့ကို ပြောပြတယ်လို့ ဆောင်းပါးရှင်က ရေးထားတာကို တင်ပြလိုက်ပါတယ်ခင်ဗျား။
(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြသည်)