မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းမရောင်းချဖို့ အိန္ဒိယကို Justice For Myanmar အဖွဲ့တောင်းဆို

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့မှု ပိတ်ဆို့ဖို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ Sandeep Metalcraft လို့ခေါ်တဲ့ အိန္ဒိယအခြေစိုက် လေကြောင်းနဲ့ကာကွယ်ရေးသုံး သတ္တုအစိတ်အပိုင်းကုမ္ပဏီကနေ မြန်မာစစ်တပ်ကို စနက်တံဖျူးစ် (fuzes) တွေ ထောက်ပံ့နေတယ်လို့ Justice For Myanmar က ဇူလိုင် ၁၅ ရက် (ဒီကနေ့) အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပခဲ့စဥ် Photo: Myanmar Military
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့မှု ပိတ်ဆို့ဖို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ Sandeep Metalcraft လို့ခေါ်တဲ့ အိန္ဒိယအခြေစိုက် လေ ကြောင်းနဲ့ ကာကွယ်ရေးသုံး သတ္တုအစိတ်အပိုင်းကုမ္ပဏီကနေ မြန်မာစစ်တပ်ကို စနက်တံဖျူးစ် (fuzes) တွေ ထောက်ပံ့နေတယ်လို့ Justice For Myanmar က ဇူလိုင် ၁၅ ရက် (ဒီကနေ့) အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
 
အဲဒီ စနက်တံဖျူးစ်တွေကို မြန်မာစစ်တပ်က ဗုံးနဲ့ လက်နက်ကြီးအမြောက်တွေ ပစ်ခတ်ရာမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ CDM ဗိုလ်ကြီး လင်းထက်အောင်က မြန်မာစစ်တပ်နဲ့ အိန္ဒိယ ကြား လက်နက်ပစ္စည်းရောင်းချတာ ရှိနိုင်တဲ့အကြောင်း RFA ကို အခုလို ပြောပါတယ်။
 
"အဲဒီ ဖျူးစ်တွေက လေတပ်နဲ့ ရေတပ်မှာသုံးတဲ့ ပစ္စည်းတွေလို့ ကျနော်ထင်တယ်။ ဒီဗုံးထုတ်လုပ်ရေးတွေ၊ ဖျူးစ်တွေ အတွင်းပစ္စည်းတွေက မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်မှု နည်းတယ်။ အိန္ဒိယစစ်တပ်နဲ့ မြန်မာစစ်တပ်က ဆက်ဆံရေးကောင်းတယ်။ စစ်သင်တန်းတွေ ဘာတွေလည်း ရှိတယ်၊ ပညာသင်တွေနဲ့ ကူးလူးဆက်ဆံနေတော့ စစ်လက်နက်ပစ္စည်း ရောင်းတာကတော့ ရှိမှာပဲ။ ဗုံးတွေ ဒုံးကျည်တွေ၊ တိုပီဒိုလို အကြီးစားလက်နက်တွေကတော့ အရောင်းအဝယ်ရှိမှာပဲလို့ ကျနော်တို့ ပြောနိုင်တယ်"
 
ကမ္ဘာ့ကုန်သွယ်ရေး အချက်အလက်ဆိုင်ရာ Panjiva ကုမ္ပဏီရဲ့ ဖော်ပြချက်အရ… ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ စနက်တံပေါင်း သုံးထောင်ကျော်ကို Sandeep Metalcraft ကုမ္ပဏီ ကတဆင့် မြန်မာစစ်တပ်အတွက် စက်ပစ္စည်းတွေ တင်သွင်းပေးနေတဲ့ MySpace International ကုမ္ပဏီကို တင်ပို့ခဲ့ကြောင်း Justice For Myanmar အဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
Sandeep Metalcraft အိန္ဒိယကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်မှာ စနက်တံ ၅ ခု၊ ၂ဝ၂ဝ ပြည့်နှစ်မှာ စနက်တံပေါင်း တစ်ထောင် မြန်မာစစ်တပ်ကို တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၂ဝ နဲ့ ၂ဝ၂၂ ခုနှစ်မှာ တင်ပို့ခဲ့တဲ့ စနက်တံဖျူးစ် (fuzes) တွေဟာ ဘာအမျိုးအစားတွေလဲဆိုတာ မသိရပေမယ့်၊ ၂ဝ၁၉ ခုနှစ်က တင်ပို့ခဲ့တဲ့ ဖျူးစ် fuzes ဟာ Carl Gustaf အမျိုးအစား ၈၄ မမ-ဒုံးပစ်‌လောင်ချာ (Carl Gustaf 84mm) အတွက်သုံးတဲ့ fuze တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Carl Gustaf အမျိုးအစား ဒုံးပစ်‌နောက်က်ပွင့်လောင်ချာတွေဟာ တိုင်းရင်းသားဒေသတွေကို မြန်မာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေ ဖြစ်ပါတယ်။
 
ဒီနောက်ပွင့်လောင်ချာတွေကို ဆွီဒင်အခြေစိုက် Saab Group ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး၊ အခုလို အိန္ဒိယက မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်လို့ Saab Group ကုမ္ပဏီ ကို မေးမြန်းထားပေမယ့် အကြောင်းပြန်တာ မရှိဘူးလို့ Justice For Myanmar အဖွဲ့က ပြောပါတယ်။ 
ဆွီဒင်လုပ် နောက်ပွင့်လောင်ချာတွေနဲ့ လောင်ချာကျည်ဆံတွေကို အိန္ဒိယနိုင်ငံမှာ လိုင်စင်ယူ ထုတ်လုပ်ပြီး မြန်မာနိုင်ငံကို ပြန်ရောင်းချနေတာ ဆယ်စုနှစ်တစ်စုလောက်ရှိပြီဆိုတဲ့ အထောက် အထားတွေ တွေ့ရှိရတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးမှူး Mike Lewis က RFA ကို အီးမေးလ်နဲ့ ပြောပါတယ်။
 
"အိန္ဒိယရဲ့ နိုင်ငံခြားကုန်သွယ်မှု မူဝါဒက လက်နက်တင်ပို့တာနဲ့ ပတ်သက်လို့ အခြေခံ လူ့အခွင့်အရေးတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေအရ ကန့်သတ်ထားတာ မရှိဘူး။ လူ့အခွင့်အရေးချိုးဖောက်နေသူတွေ၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသူတွေလက်ထဲကို ဒီလက်နက်တွေ မရောက်ဖို့ဆိုရင် ဆွီဒင်နိုင်ငံနဲ့ မူရင်း ဆွီဒင်ကုမ္ပဏီတွေထက် လက်နက် တင်ပို့ရာမှာ ကန့်သတ်မှုမရှိတဲ့ အိန္ဒိယက ပိုအဓိကကျပါတယ်"
 
Sandeep Metalcraft ကုမ္ပဏီက တင်ပို့တာတွေကို လက်ခံယူနေတဲ့ MySpace International ကုမ္ပဏီဟာ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်း ဒေါက်တာကျော်ကျော်ထွန်းနဲ့ ဇနီးဒေါ်ဇာဖြူ တင်စိုးတို့ ပိုင်ဆိုင်ပြီး၊ ဒေါ်ဇာဖြူတင်စိုးဟာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းရဲ့သမီး ဖြစ်တယ်လို့ ဆိုပါတယ်။
 
Justice For Myanmar ရဲ့ ပြောခွင့်ရသူ မရတနာမောင်က… အိန္ဒိယကုမ္ပဏီက အခုလို ဖျူးစ်တွေ ထောက်ပံ့နေတာကို လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ပြောပါတယ်။ ဒီလိုထောက်ပံ့ပေး တာဟာ မြန်မာစစ်တပ်က အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ထောက်ခံအားပေးရာရောက်တာကြောင့် အိန္ဒိယအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပြီး စစ်တပ်ကို လက်နက်တင်ပို့မှု ပိတ်ဆို့ဖို့ လိုတယ်လို့ မရတနာမောင်က ပြောပါတယ်။
 
မြန်မာစပ်တပ်ကို အိန္ဒိယက အခုလို လက်နက်တင်ပို့တာတွေ မရပ်မချင်း Carl Gustaf ဒုံးပစ်‌လောင်ချာ ထုတ်လုပ်တဲ့ ဆွီဒင်ကုမ္ပဏီအနေနဲ့ အိန္ဒိယကို စက်ပစ္စည်းတွေ မရောင်းချဖို့လည်း Justice For Myanmar က တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org