ဒေသတွင်း ရာဇဝတ်ကွန်ရက်တွေမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ပါဝင်နေကြောင်း JFM ထုတ်ပြန်

မြန်မာစစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ်ရဲ့ လုပ်ငန်းတွေဆီကနေ ဝင်ငွေရနေတဲ့အတွက် ရာဇဝတ်မှုတွေကို ခွင့်ပြုပေးထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူအား တွေ့ရစဥ်။ KIC

ကရင်ပြည်နယ် မြဝတီမြို့အနီးက စစ်ကောင်စီ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ ကျားဖျန့်လို့ခေါ်တဲ့ အင်တာနက် လိမ်လည်မှုတွေ၊ လူကုန်ကူးမှုနဲ့ အခြား ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်ရာမှာ ပါဝင်နေပြီး စီးပွားရေးလုပ်ငန်း အဆက်အသွယ်တွေကို တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေအထိ ဖြန့်ကျက်နေတဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း Justice for Myanmar အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။

၁၉၉၀ ပြည့်နှစ်တွေက ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ခွဲထွက်လာတဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ ဗိုလ်မှူးကြီး စောချစ်သူ လက်အောက်မှာ တရားမဝင် ကာစီနိုလောင်းကစားရုံတွေ၊ အွန်လိုင်း လောင်းကစားဝိုင်းတွေနဲ့ အင်တာနက်ပေါ်က ငွေလိမ်လုပ်ငန်း အမျိုးမျိုးကို ဦးစီးလုပ်ကိုင်နေပြီး ကမ္ဘာအရပ်ရပ်ကနေ လူကုန်ကူးပြီး ခေါ်ဆောင်လာတဲ့သူတွေကို အတင်းအကျပ် စေခိုင်းထားတဲ့အကြောင်း၊ လူကုန်ကူးခံထားရသူတွေကို ညှဉ်းပန်းနှိပ်စက်တာနဲ့ ခြိမ်းခြောက်တာတွေ လုပ်ပြီး အလုပ်စေခိုင်းနေတဲ့အကြောင်း Justice for Myanmar ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ်ရဲ့ လုပ်ငန်းတွေဆီကနေ ဝင်ငွေရနေတဲ့အတွက် ရာဇဝတ်မှုတွေကို ခွင့်ပြုပေးထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ်ရဲ့ အခြားအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးတင်ဝင်းကတော့ သူတို့မှာ အသေးစားလုပ်ငန်းအချို့ပဲ ပိုင်ဆိုင်ပြီး ငွေလိမ်လုပ်ငန်းတွေ မလုပ်တဲ့အကြောင်း၊ အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ကာစီနို လောင်းကစားရုံတွေ ဖွင့်လှစ်ဖို့ မြေနေရာငှားရမ်းထားပြီး၊ ဒီလောင်းကစားရုံတွေမှာ ဘာတွေ လုပ်နေသလဲ မသိရတဲ့အကြောင်းနဲ့ သူတို့အဖွဲ့ဟာ လူကုန်ကူးခံထားရသူတွေကို အတင်းအကျပ် စေခိုင်းနေတယ်ဆိုတာလဲ မမှန်ကန်တဲ့အကြောင်း ဧရာဝတီသတင်းဌာနကို ဖြေကြားထားတာ တွေ့ရပါတယ်။ ဒီ Justice for Myanmar ရဲ့ အစီရင်ခံစာပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကရင်နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးစောချစ်သူနဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိပါဘူး။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က မယ်သဝေါရွာအနီးတွင် တွေ့ရစဉ်။ (Photo : Citizen Photo)

ထိုင်း-မြန်မာနယ်စပ်အနီးမှာ တည်ရှိတဲ့ ရွှေကုက္ကိုဟာ ကရင်နယ်ခြားစောင့်တပ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူထားတဲ့ တရုတ်လုပ်ငန်းရှင် ရှီဇီကျန်းရဲ့ Yatai International Holding Group ကုမ္ပဏီနဲ့ ပူးပေါင်းပြီး တည်ဆောက်လည်ပတ်နေတာ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

Yatai International ဟာ ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့လေဆိပ်မှာ ဆိုင်ခန်းဖွင့်လှစ်ထားတယ်လို့ လေဆိပ်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပြီး ထိုင်းလေကြောင်း ဌာနကတော့ Yatai International ကုမ္ပဏီဆီကဖြစ်စေ၊ ကရင်နယ်ခြားစောင့်တပ်ဆီကဖြစ်စေ ငွေကြေးရယူထားတာ ရှိမရှိ ဖြေကြားဖို့ ငြင်းဆိုထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်မှာလည်း ဒေါင်မိန် ဥယျာဉ်လို့ခေါ်တဲ့ ကျားဖျန့် လုပ်ငန်းတွေကို လူကုန်ကူးခံထားရတဲ့သူတွေက လုပ်နေတဲ့ နေရာတစ်ခုလည်း ရှိနေပါတယ်။ ဒီ ဒေါင်မိန် ဥယျာဉ်ကိုတော့ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားတဲ့ တရုတ်လုပ်ငန်းရှင် ဝမ်ကွပ်ကွိုင် ခေါ် ရင်ဂေါင်ဂျူ ဆိုသူရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ တစ်ချိန်က ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တရုတ်လုပ်ငန်းရှင် ရင်ဂေါင်ဂျူကို မလေးရှားရဲတပ်ဖွဲ့က အလိုရှိနေသူဖြစ်တယ်လို့ Justice for Myanmar ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်လုပ်ငန်းရှင် ရင်ဂေါင်ဂျူဟာ အဆက်အသွယ်ကောင်းတဲ့ မလေးရှားနိုင်ငံသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဒေါင်မိန် ဥယျာဉ်လုပ်ငန်းကို တည်ဆောက်ခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေထဲမှာ မလေးရှားနိုင်ငံက ထိပ်တန်း နိုင်ငံရေးသမားအချို့ပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ (Photo : RFA)

ဒီအထဲမှာ မလေးရှား အာဏာရပါတီ UNMO က ဝါရင့် အမျိုးသမီးနိုင်ငံရေးသမားနဲ့ ဒုဝန်ကြီးဟောင်း မာရှီတာ အီဗရာဟင်နဲ့ ခင်ပွန်းဖြစ်သူတို့လည်း ပါဝင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

RFA ရဲ့ ညီနောင် သတင်းဌာန Benar News ကနေ ကျားဖျန့်လုပ်ငန်းလုပ်နေတဲ့ တရုတ်လုပ်ငန်းရှင်နဲ့ ဆက်စပ်မှုအကြောင်း မေးမြန်းဖို့ မာရှီတာ အီဗရာဟင်ရဲ့ မိုဘိုင်းဖုန်းကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ပြန်ဖြေဖို့ စိတ်မဝင်စားကြောင်းသာ အကြောင်းပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း မာရှီတာ အီဗရာဟင်ဟာ အရင်က လူမှုကွန်ရက်တွေပေါ်မှာ ရေးသားတာတွေအရ တရုတ်လုပ်ငန်းရှင် ရင်ဂေါင်ဂျူနဲ့ သိကျွမ်းတာ သေချာပြီး ဒေါင်မိန် ဥယျာဉ်လုပ်ငန်းနဲ့ ဆက်စပ်မှု ရှိနိုင်တဲ့အကြောင်း Justice for Myanmar က သုံးသပ်ထားပါတယ်။

အလားတူပဲ ထိုင်း-မြန်မာနယ်စပ်က ကျားဖျန့်လုပ်ငန်းနဲ့ မလေးရှားနိုင်ငံသားအချို့ရဲ့ ဆက်စပ်မှုအကြောင်း မေးမြန်းဖို့ မလေးရှားရဲချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးတို့ကို ဆက်သွယ်ခဲ့ရာမှာလည်း အကြောင်းမပြန်ပါဘူး။

ဒီ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး အာရှနိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ စီးပွားရေးလုပ်ငန်း ကွန်ရက်ဟာ ကရင်ပြည်နယ်က ဒေသခံတွေ၊ မြန်မာနိုင်ငံက လုပ်သားတွေနဲ့ ကမ္ဘာအရပ်ရပ်က လူကုန်ကူးခံရသူတွေကို ကျေးကျွန်လို အခြေအနေနဲ့ အတင်းအကျပ် အလုပ်လုပ်ခိုင်းထားပါတယ်။ သူတို့ရဲ့ လိမ်ညာမှုတွေကိုလည်း တစ်ကမ္ဘာလုံးက အင်တာနက်သုံးနေသူတွေ ခံစားကြရပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်နေသူတွေကို သက်ဆိုင်ရာ နိုင်ငံအားလုံးက စစ်ဆေးပြီး အရေးယူကြဖို့၊ တရုတ်၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံက အာဏာပိုင်တွေကို Justice for Myanmar က တောင်းဆိုထားပါတယ်။

(RFA အင်္ဂလိပ်ဌာန၏ သတင်းဆောင်းပါးအား ရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org