အစ္စရေးဟာ မြန်မာအာဏာရှင်အဆက်ဆက်ကို ကူညီနေတယ်လို့ လူ့အခွင့်အရေးရှေ့နေပြော
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာစစ်တပ်ဟာနိုင်ငံတွင်းမှာ အင်အားအကြီးဆုံးနဲ့ အာဏာအရှိဆုံး အဖွဲ့အစည်းအဖြစ် ကြီးထွားလာတာဟာ အစ္စရေးနိုင်ငံရဲ့နောက်ကွယ်က ပံ့ပိုးမှုတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
-
ရဲခေါင်မြင့်မောင် ( ဝါရှင်တန်ဒီစီ )
2022-10-13 -
-
-
အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့အခြေစိုက်ရှေ့နေနဲ့တက်ကြွလှုပ်ရှားသူ အိုင်တေးမတ်ခ်ဟာ အစ္စရေးအစိုးရကနေ ကမ္ဘာအရပ်ရပ်က အာဏာရှင်နိုင်ငံတွေကို လက်နက်နဲ့နည်းပညာတွေ တင်ပို့ရောင်းချမှုတွေအကြောင်း အများသိအောင် ဖော်ထုတ်နေတဲ့အတွက် နိုင်ငံတကာသတင်းမီဒီယာတွေမှာ လူသိများလာသူ ဖြစ်ပါတယ်။
လူ့အခွင့်အရေးရှေ့နေအိုင်တေးမတ်ခ်ဟာ အစ္စရေးအစိုးရနဲ့ မြန်မာနိုင်ငံအကြားသံတမန်ဆက်ဆံရေး အခြေအနေကိုဖော်ပြတဲ့ စာရွက်စာတမ်းတွေကို တရားဝင်ထုတ်ပြန်ပေးဖို့ အစ္စရေးအစိုးရကို အစဉ်တစိုက် တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။
အခုအချိန်မှာ အစ္စရေးအစိုးရဆီကနေ သူရရှိထားတဲ့ စာရွက်စာတမ်းတွေအရ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာစစ်တပ်ဟာနိုင်ငံတွင်းမှာ အင်အားအကြီးဆုံးနဲ့ အာဏာအရှိဆုံး အဖွဲ့အစည်းအဖြစ် ကြီးထွားလာတာဟာ အစ္စရေးနိုင်ငံရဲ့နောက်ကွယ်က ပံ့ပိုးမှုတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
“ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနဲ့အစ္စရေး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဖော်ပြတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို အစ္စရေးအမျိုးသားမှတ်တမ်းဌာနဆီကနေ ရယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ အချိန်ကနေ ၁၉၈၀ ခုနှစ်တွေအထိ ဆက်သွယ်ပြောဆိုခဲ့တဲ့ စာရွက်စာတမ်းစာမျက်နှာ ၂၅၀၀၀ လောက်အထိ ရထားပြီး ဖြစ်ပါတယ်။ ဒီစာရွက်စာတမ်းတွေထဲမှာ မြန်မာနဲ့ အစ္စရေးနှစ်နိုင်ငံအကြားမှာ သံတမန်ရေး၊ စီးပွားရေ နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အမျိုးမျိုး ရှိခဲ့ပေမယ့် အဓိကကတော့ မြန်မာစစ်တပ်ကို စစ်ရေးအကူအညီပေးဖို့ ဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ ကုလသမဂ္ဂမှာ အစ္စရေးရဲ့ ရပ်တည်ချက်ကို မြန်မာနိုင်ငံက သံတမန်ရေးအရ ထောက်ခံပေးဖို့ ဖြစ်ပါတယ်။ ဒီ စာရွက်စာတမ်းတွေ အရဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက မြန်မာစစ်တပ်ကို ခေတ်မီစစ်တပ် တစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ခေတ်မီလက်နက်နဲ့ နည်းပညာတွေ၊ စစ်သင်တန်းတွေပေးခဲ့တဲ့ အဓိက နိုင်ငံတစ်နိုင်ငံ ဖြစ်တာတွေ့ရပါတယ်။ မြန်မာစစ်တပ်ဟာ အစ္စရေးအကူအညီနဲ့ နိုင်ငံအတွင်းမှာ အင်အားအကောင်းဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာပြီးတဲ့နောက် ၁၉၅၈နဲ့ ၁၉၆၂ ခုနှစ်တွေမှာ နိုင်ငံအာဏာသိမ်းယူခဲ့တာလို့ ကျွန်တော်သုံးသပ်ထားပါတယ်။”
မြန်မာနိုင်ငံဟာ ၁၉၄၉ ခုနှစ်မှာ အစ္စရေးနိုင်ငံပေါ်ထွက်လာတာကို အစောဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အဲဒီအချိန်ကတည်းက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တာ ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်မှာ အစ္စရေးနဲ့မြန်မာနိုင်ငံအကြားမှာ rice agreement လို့ခေါ်တဲ့ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ရာမှာ အစ္စရေးက မြန်မာစစ်တပ်အတွက် လက်နက်ခဲယမ်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အမြောက်အများတင်ပို့ဖို့နဲ့ စစ်သင်တန်းတွေပေးရမှာဖြစ်ပြီး၊ အပြန်အလှန်အနေနဲ့ မြန်မာဘက်က ဆန်တန်ချိန်ထောင်ပေါင်းများစွာကို ပြန်ပေးပို့ဖို့ဖြစ်ပါတယ်။
အစ္စရေးအစိုးရအရာရှိတွေပေးပို့တဲ့ ကြေးနန်းစာတွေအရ ရာထူးအဆင့်အမျိုးမျိုးနဲ့ မြန်မာစစ်ဗိုလ်တွေဟာ အစ္စရေးကို လာရောက်ပြီး စစ်သင်တန်းတွေ တက်ရောက်ခဲ့ကြကြောင်း၊ မြန်မာစစ်တပ်ရဲ့ စစ်မြေပြင်သုံး ဗျူဟာတွေဟာ အစ္စရေးရဲ့နည်းဗျူဟာတွေကို အခြေခံထားတာ ဖြစ်တဲ့အကြောင်း၊ အစ္စရေးထောက်လှမ်းရေး မော့ဆက်ရဲ့ နည်းစနစ်တွေကို အခြေခံပြီး၊ မြန်မာစစ်ထောက်လှမ်းရေးအဖွဲ့ကိုတည်ထောင်ခဲ့တာ ဖြစ်တဲ့အကြောင်း အိုင်တေးမာ့ခ်က သုံးသပ်ထားပါတယ်။
၁၉၅၈ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖမ်းဆီး ထိန်းသိမ်းပြီး သတင်းမီဒီယာတွေ ကန့်သတ်တာတွေ လုပ်နေတဲ့အကြောင်း၊ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေပေမယ့်၊ နှစ်နိုင်ငံဆက်ဆံရေး ကျဆင်းသွားမှာမဟုတ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ အစ္စရေးအတွက်အခိုင်မာဆုံး မိတ်ဆွေတွေဟာ စစ်တပ်အသိုင်းအဝိုင်းထဲက ဖြစ်တယ်လို့ အဲဒီအချိန်က အစ္စရေးနိုင်ငံခြားရေးဌာနကို သံတမန်တွေပေးပို့တဲ့ ကြေးနန်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဟာ ကာကွယ်ရေးမှာတင်မဟုတ်ဘဲ စစ်မှုထမ်းဟောင်းတွေကို တိုင်းရင်းသားလူနည်းစုဒေသတွေမှာ အခြေချနေထိုင်စေပြီး သြဇာအာဏာချဲ့ထွင်တဲ့ နည်းဗျူဟာကို ကျင့်သုံးခဲ့တာဟာလည်း အစ္စရေးရဲ့နည်းဗျူဟာကို ပုံတူကူးခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
၁၉၅၉ ခုနှစ်က အစ္စရေးနိုင်ငံခြားရေးဌာနက ပေးပို့တဲ့ ကြေးနန်းတစ်စောင်ထဲမှာ မြန်မ စစ်တပ်ဟာ အစ္စရေးရဲ့ နည်းဗျူဟာကို အတုယူပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆမ်ဒေသတစ်ဝိုက်မှာ စစ်မှုထမ်းဟောင်းတွေ အဓိကပါဝင်တဲ့ သူတွေကို အခြေချနေထိုင်စေတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နေတဲ့အကြောင်း၊ အဲဒီဒေသမှာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နိုင်ဖို့ အစ္စရေးစိုက်ပျိုးရေးကျွမ်းကျင်သူတွေကို စေလွှတ်ခဲ့တဲ့အကြောင်း ဖော်ပြထားပြီး ၁၉၅၈ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးရဲ့ ကြေးနန်းစာထဲမှာဆိုရင် အခုလို တိုင်းရင်းသားဒေသတွေမှာ စစ်မှုထမ်းဟောင်းတွေကို အခြေချနေထိုင်စေတဲ့ အစီအစဉ်ကို ဒေသခံတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပေမယ့် မြန်မာစစ်တပ်က ဆက်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်တပ်ကထပ်ပြီး အာဏာသိမ်းတာမဖြစ်ခင်ကတည်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းဟာ အစ္စရေးသံအမတ်နဲ့တွေ့ဆုံပြီး အာဏာသိမ်းတော့မယ့်အကြောင်း ကြိုတင်အသိပေးခဲ့တဲ့အကြောင်း၊ အာဏာသိမ်းဆန့်ကျင်သူတွေကိုလည်း ဗုဒ္ဓဘာသာ၊ ရဟန်းတော်တွေ ဖြစ်ရင်တောင် ပစ်ခတ်နှိမ်နှင်းဖို့ အသင့်ပဲလို့ ဗိုလ်ချုပ်နေဝင်းက အစ္စရေး သံအမတ်ကို ပြောခဲ့တဲ့အကြောင်း၊ အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲဖျက်ဆီးပြီး ဆန္ဒပြ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်အပြီးမှာလည်း၊ ဗိုလ်ချုပ်နေဝင်းနဲ့ တွေ့ဆုံရာမှာ သူကိုယ်တိုင် အပြင်းထန်ဆုံးလက်နက်တွေ အသုံးပြုပြီး ဆန္ဒပြကျောင်းသားတွေကို ဖြိုခွဲဖို့ အမိန့်ပေးလိုက်တာလို့ အစ္စရေးသံအမတ်ကို ပြောခဲ့တဲ့အကြောင်း အဲဒီအချိန်ကပေးပို့တဲ့ ကြေးနန်းစာတွေမှာ ပါရှိတယ်လို့ ဆိုပါတယ်။
အစ္စရေးနိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ နည်းပညာတွေ စတင်ထောက်ပံ့ခဲ့ချိန်မှာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်စတင်ဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးနဲ့ တိုက်ခိုက်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စစ်လက်နက်နည်းပညာ ထိပ်တန်းအဆင့်ရှိတဲ့ အစ္စရေးဟာ မြန်မာစစ်တပ်ကို နည်းအမျိုးမျိုးနဲ့ ကူညီထောက်ပံ့နေပေမယ့် အစ္စရေးနိုင်ငံလို ပြည်ပကျူးကျော်မှုရန်ကို ကာကွယ်နိုင်ဖို့မဟုတ်ဘဲ ပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေကို နှိမ်နှင်းပြီး စစ်တပ်ရဲ့သြဇာအာဏာ တည်ထောင်ဖို့ ဖြစ်နေတယ်လို့လည်း အိုင်တေးမာ့ခ်က သုံးသပ်ထားပါတယ်။
အစ္စရေးနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ်ဘန်ဂူရွန်ရဲ့ ၁၉၅၂ ခုနှစ်ကပေးပို့တဲ့ ကြေးနန်းစာတစ်စောင်ထဲမှာ မြန်မာနိုင်ငံဟာ အဲဒီအချိန်က နိုင်ငံ့ဘဏ္ဍာရဲ့ ၅၅ ရာခိုင်နှုန်းလောက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အသုံးပြုနေပြီး ပြည်တွင်းစစ်ကြောင့် သေဆုံးသူသုံးသောင်းကျော် ရှိနေကြောင်းရေးထားတာကို ထောက်ပြပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆီကို ဦးတည်နေတဲ့အကြောင်းသိရက်နဲ့ အစ္စရေးဟာ မြန်မာစစ်တပ်ကို ဆက်ပြီး ထောက်ပံ့နေခဲ့တယ်လို့ သုံးသပ်ထားပါတယ်။
အလားတူပဲ ၁၉၅၄ခုနှစ်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနထိပ်ပိုင်းခေါင်းဆောင်တစ်ဦးရဲ့ ကြေးနန်းစာမှာ ဆိုရင်လည်း မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အစ္စရေးအတွက် သစ္စာအရှိဆုံး မိတ်ဆွေနိုင်ငံဖြစ်တဲ့အတွက် မြန်မာစစ်တပ်နဲ့ စစ်တပ်ချင်းဆက်ဆံရေး တည်ထောင်ထားနိုင်ဖို့ အလွန်အရေးကြီးတဲ့အကြောင်း၊ အခုအချိန်မှာ အစ္စရေးနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ဘက်က တောင်းဆိုမှုတွေကို ငြင်းဆန်ဖို့ မဖြစ်နိုင်သလောက် ဖြစ်တဲ့အကြောင်း ရေးသားထားပါတယ်။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေပေမယ့် အစ္စရေးနဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ကျဆင်းသွားတာ မရှိတဲ့အကြောင် နဲ့ အစ္စရေးဟာ မြန်မာစစ်တပ်ကိုဆက်ပြီး အကူအညီပေးနေခဲ့တဲ့အကြောင်း အဲဒီသံအမတ်က ပေးပို့တဲ့ ကြေးနန်းစာထဲမှာ ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံဟာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တဲ့အတွက် မြန်မာစစ်အာဏာရှင်တွေကို လက်နက်နဲ့ နည်းပညာတွေ ရောင်းချတာကို မရပ်တန့်ခဲ့တဲ့အကြောင်းကိုလည်း အိုင်တေးမက်ခ်က အခုလို သုံးသပ်ပါတယ်။
“အစ္စရေးနိုင်ငံဟာ မြန်မာစစ်တပ်ကို ဆက်ပြီး ကူညီထောက်ပံ့နေခဲ့တဲ့ အကြောင်းပြချက် နှစ်ခုရှိပါတယ်။ ပထမက နိုင်ငံရေး ရည်ရွယ်ချက်အတွက်ပါ။ အစ္စရေးနိုင်ငံဟာ လက်နက်ရောင်းတာကို အကြောင်းပြုပြီး ကုလသမဂ္ဂမှာ ထောက်ခံမဲ ရအောင်စည်းရုံးပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်း နယ်မြေတွေကို ဝင်ရောက် သိမ်းပိုက်ထားတာကို ထောက်ခံဖို့ ၁၉၆၇ ခုနှစ်နောက်ပိုင်းကတည်းက လက်နက်အရောင်းအဝယ်နဲ့ ထောက်ခံမဲ ဝယ်ခဲ့ပါတယ်။ ဂွါတီမာလာနိုင်ငံအစိုးရကိုလည်း မြန်မာစစ်တပ်ကို ကူညီသလို လက်နက်တွေ ရောင်းခဲ့ပါတယ်။ အဲဒီနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်လာတဲ့အချိန်မှ လက်နက်ရောင်းတာကို ရပ်လိုက်ဆိုင်းခဲ့ပါတယ်။ နောက်အကြောင်းပြချက်က စီးပွားရေးအတွက်ပါ။ အစ္စရေးစစ်တပ်နဲ့ စစ်ရေးပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အကျိုးအမြတ်ရဖို့အတွက်ပါ။ ဒါပေမယ့် အဓိကအကြောင်းပြချက်က နိုင်ငံရေးအတွက်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ္စရေးကနေ လက်နက်ရောင်းပေးတဲ့ နိုင်ငံတွေက ဆင်းရဲပါတယ်။ တန်ဖိုးကြီး လက်နက်ပစ္စည်းတွေ မဝယ်နိုင်ပါဘူး။ ဒါကြောင့် အဓိကက နိုင်ငံရေးထောက်ခံမှုနဲ့ ကုလသမဂ္ဂမှာ ထောက်ခံမဲ ရဖို့အတွက်လို့ သုံးသပ်ပါတယ်။ ”
အိုင်တေးမတ်ခ်ဟာ အစ္စရေးနိုင်ငံအနေနဲ့ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချမှုတွေကို လုံးဝရပ်တန့်ဖို့ တောင်းဆိုလှုပ်ရှားမှုတွေကို စတင်ခဲ့ပေမယ့် အစ္စရေးအစိုးရဘက်က တုန့်ပြန်မှုမရှိခဲ့ဘဲ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ စစ်ဆင်ရေးတွေဖြစ်လာပြီးနောက်မှသာ အစ္စရေးနိုင်ငံတရားရုံးချုပ်က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချနေတာကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
အစ္စရေးနိုင်ငံဘက်မှာလည်း အစ္စရေးအစိုးရရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ရှုံ့ချသူတွေရှိနေပြီး၊ ကမ္ဘာအရပ်ရပ်က အာဏာရှင်အစိုးရတွေကို အားပေးထောက်ခံရာရောက်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့တောင်းဆို လှုပ်ရှားမှုတွေ ရှိနေတဲ့အကြောင်း အိုင်တေးမာ့ခ်က အခုလိုပြောပါတယ်။
“အစ္စရေးအစိုးရဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို ရှုတ်ချကြောင်း ကြေညာတာ မရှိသေးပါဘူး။ မရှုတ်ချတဲ့အတွက် နှစ်နိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေးက ဆက်ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချတာတွေကတော့ မရှိတော့ပါဘူး။ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခဲ့တာကိုလည်း တော်တော်ကြာတဲ့အထိ ဘာမှမပြောဘဲနေခဲ့ပါတယ်။ ဒီလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း တရားဝင်ထုတ်ပြန်ဖို့ အစ္စရေး ပြည်သူတချို့က တော်တော်ကြာအောင် တောင်းဆိုလှုပ်ရှားမှုတွေ လုပ်ခဲ့ပြီးမှ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ”
အစ္စရေးနိုင်ငံဟာ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်သတ်ဖြတ်မှုတွေကို ပြစ်တင်ရှုံ့ချရာမှာ မပါဝင်သေးတဲ့ တစ်ခုတည်းသော အနောက်နိုင်ငံအဖြစ်ကျန်နေဆဲဖြစ်ပြီး၊ မြန်မာစစ်တပ်ရဲ့ အရပ်သား ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေ ပိုဆိုးလာတာနဲ့အမျှ အစ္စရေးနိုင်ငံအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုနေပြီလို့ ပြောပါတယ်။