အင်တာနက် ဖြတ်တောက်ခံရမှုတွေကို ကျော်လွှားနိုင်ဖို့ NUG ကြိုးပမ်းနေ
စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်ထားတဲ့ ကယားပြည်နယ်က ဒေသတချို့မှာ Starlink အင်တာနက်စနစ် သုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-12-19 -
-
-
[Update: 1:21 AM, Dec 20, 2023]
စစ်ကောင်စီ အင်တာနက် ဖြတ်ထားတဲ့ဒေသတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အင်တာနက် ဆက်သွယ်ရေးရအောင် ကြိုးပမ်းနေပါတယ်။
NUG အစိုးရ လက်အောက်ခံအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်း၊ မကွေး၊ ကယားနဲ့ ကချင်ပြည်နယ်က နေရာ ၆၀ ကျော်မှာ အင်တာနက်ဆက်သွယ်ရေးစနစ် တပ်ဆင်ထားနိုင်ပြီလို့ NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီဇင်ဘာလ ပထမပတ်ထဲမှာ RFA ကို ပြောပါတယ်။
"ဒီလိုဖွံ့ဖြိုးနေတဲ့ ကမ္ဘာကြီးမှာ ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား ဒီလိုမျိုး ပြစ်မှုကျုးလွန်တာတွေကို ဖုံးကွယ်ဖို့ ကြိုးစားပေမယ့်လည်း မရဘူးလို့ ကျွန်တော် ပြောချင်တယ်”
နောက်ထပ် ငါးမြို့နယ်မှာလည်း အင်တာနက် တိုးချဲ့တပ်ဆင်နိုင်ဖို့ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး "Federal Net Campaign" ဖက်ဒရယ်ကွန်ရက် လှုပ်ရှားမှုကို တစ်လကြာ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
အင်တာနက်ရအောင် ဂြိုဟ်တုနည်းပညာကို အသုံးပြုပြီးဆောင်ရွက်နေတာလို့ NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ကိုလင်းက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဖက်ဒရယ်နက်ကန်ပိန်းလည်း လုပ်နေတယ်။ အဓိက နည်းပညာကတော့ ဂြိုလ်တုနည်းပညာကို သုံးပါတယ်။ ဂြိုဟ်တုနည်းပညာတစ်ခုတည်းတော့ မဟုတ်ပါဘူး ကျန်တဲ့ဟာတွေလည်း ရနိုင်အောင် ကြိုးစားနေတဲ့ အပိုင်းတွေလည်းရှိပါတယ်။ တော်လှန်ရေး စိုးမိုးတဲ့နယ်မြေတွေ တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေ ၅၂ နေရာလို့ ဝန်ကြီးက ပြောသွားတာပေါ့နော်။ ဝန်ကြီးဖြေတဲ့ အချိန်မှာတော့ ၅၂ နေရာပေါ့နော်။ အခုဆိုရင်တော့ ၅၂ နေရာ မကတော့ပါဘူး။ ၆၀ ကျော်ဖြစ်နေပါပြီ။ ကျွန်တော်တို့က ဒီဟာကို တိုးတိုးပြီးတော့ပဲ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရှေ့ဆိုရင်လည်း ဒီထက်ပိုများမယ်၊ ပိုကျယ်ပြန့်မယ်၊ ပိုထိရောက်မယ့်၊ ပိုကောင်းမယ့် ဟာတွေကို ကျွန်တော်တို့ လုပ်မှာဖြစ်ပါတယ်”
ဘယ်လိုနည်းပညာ အသုံးပြုတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူက မပြောပါဘူး။ လက်ရှိမှာ NUG အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရေးအတွက်ပဲ သုံးနိုင်သေးပေမယ့် နောက်ပိုင်းမှာ ပြည်သူလူထုပါ သုံးနိုင်အောင် ကြိုးစားနေတယ်လို့လည်း ကိုလင်းက ပြောပါတယ်။
စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ အင်တာနက်လိုင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားတာလို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီလိုဖြတ်တောက်မှုဒဏ်ကို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူလူထုကပါ ခံစားနေရတဲ့အကြောင်း ရေဦးမြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။
“အင်တာနက်တွေရှိတုန်းကတော့ ဖေ့စ်ဘွတ်ခ်တို့ ဘာတို့ အကုန်သုံးလို့ရတာကိုး။ သာရေး၊ နာရေးကအစ ပျော်ရွှင်စရာအဆုံးပေါ့နော်။ ပြောဆို၊ ဆက်သွယ်လို့ရတယ်။ အခုတော့ အဲဒါတွေ လုံးဝမရရှိသလို ဖြစ်နေတဲ့အခါကျတော့ တော်တော်လေးကို အခက်အခဲတွေ့တာပေါ့။ တချို့သုံးချင်တဲ့လူတွေတောင်မှ အင်တာနက်မိတဲ့ နေရာသွားပြီးတော့ကို သုံးရတာ။ အဲဒါတောင် ပြတ်တောင်း၊ ပြတ်တောင်းနဲ့ စိတ်မရှည်နိုင်တဲ့သူတွေဆိုရင် သုံးကိုမသုံးချင်တော့တဲ့ အခြေအနေ။ ကျွန်တော်ဆို လုံးဝကို မသုံးတော့တဲ့ အခြေအနေဖြစ်သွားတယ်”
ကယားပြည်နယ်မှာတော့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့နဲ့ လွိုင်လင်လေး စတဲ့ ဒေသတွေမှာ စစ်ကောင်စီက ဖုန်းလိုင်းရော အင်တာနက်ပါ ဖြတ်တောက်ထားတာကြောင့် အဲဒီဒေသမှာ Starlink အင်တာနက်ကဖေးကို ဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Starlink ဟာ အမေရိကန် ပြည်ထောင်စုက ဘီလီယံနာသူဌေး အီလွန်မာ့စ်ခ်ရဲ့ SpaceX ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ဂြိုဟ်တုအင်တာနက်ဖြစ်ပြီး ပုံမှန်အင်တာနက်သုံးစွဲခထက် ကုန်ကျစရိတ်ကြီးပါတယ်။
စစ်ကောင်စီကတော့ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းနဲ့ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေကို ခွင့်ပြုချက် မရှိဘဲသုံးရင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၇ နဲ့ အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ကြေညာပါတယ်။
လိုင်စင်မရှိဘဲသုံးရင် အရေးယူခံရမှာမို့လို့ ပြည်သူလူထုသိအောင် ကြေညာပေးတာလို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက RFA ကို ပြောပါတယ်။
“တရားဝင်လိုင်စင်မရှိဘဲ သုံးနေမှာစိုးလို့ ပြည်သူလူထုသိအောင် announce လုပ်ပေးတဲ့ သဘောပါ။ ဒီဥပဒေအရ အားလုံးက လိုင်စင်ရယူပြီးသုံးရမယ့် ပစ္စည်းတွေ၊ service provider ကလည်း ပေးမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ပေးချင်တယ်ဆိုတဲ့အကြောင်း လျှောက်ထားရမှာပေါ့နော်။ တချို့လည်း satellite ဖုန်းတွေသုံးနေတာရှိတယ်။ satellite internet packages service provider တွေရှိတယ်။ provider တွေအနေနဲ့ကလည်း ဒီမှာ လျှောက်ထားဖို့အတွက်လိုတယ်။ သုံးတဲ့သူတွေကလည်း တရားဝင် မှတ်ပုံတင်ရမယ်။ ဒီဟာကိုသိအောင် ကြေညာပေးတဲ့ သဘောပါပဲ”
ဆက်သွယ်ရေး ဥပဒေကလည်း ယခင်ကတည်းက ရှိပြီးသားဖြစ်တာကြောင့် တရားမဝင် အသုံးပြုတာတွေကို ဥပဒေအရ အရေးယူမယ်လို့လည်း သူက ဆိုပါတယ်။
Starlink ဂြိုဟ်တုအင်တာနက်စနစ်ကိုလည်း မြန်မာပြည်မှာ အသုံးပြုလာကြပြီဖြစ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ပြောဆိုချက်နဲ့ပတ်သက်ပြီး SpaceX ကုမ္ပဏီကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။
ကယားပြည်နယ်ထဲမှာ Starlik အင်တာနက်သုံးလို့ရတဲ့အကြောင်း စပြီးအသိပေးခဲ့တဲ့ Free Burma Rangers အဖွဲ့ကတော့ ....
“လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဆက်သွယ်ခွင့်ဟာ လူတိုင်းအတွက် အခြေခံရပိုင်ခွင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဘယ်အစိုးရမဆို လူတွေရဲ့ဆက်သွယ်ရေးကို ချုပ်ကိုင်ဖို့ ကြိုးစားတာဟာ သူတို့ရဲ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ မလုပ်ကောင်းတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ မြန်မာအစိုးရမှာ စိတ်ကောင်းရှိလာအောင်ရော၊ တကယ်စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားပြုအစိုးရ ပေါ်ပေါက်လာဖို့ကိုပါ ကျွန်တော်တို့ ဆုတောင်းနေပါတယ်။ ပြီးတော့ သည်းခံခွင့်လွှတ်ခြင်းတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ဖြစ်လာဖို့လဲ ဆုတောင်းနေပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီအခြေအနေတွေက စစ်ပွဲတွေ၊ လူသတ်တာတွေ၊ အမုန်းတရားတွေထက် ပိုကောင်းမွန်လို့ပါ။ အင်တာနက်သုံးခွင့်ရအောင် ဆောင်ရွက်ပေးတာနဲ့ ပတ်သက်လို့တော့ ကမ္ဘာနဲ့ ဆက်သွယ်ပြီး ပြည်တွင်းမှာ ဘာဖြစ်နေလဲဆိုတဲ့ အမှန်တရားကို ပြောပြချင်နေတဲ့ မြန်မာပြည်သူတွေ၊ ဆက်သွယ်ရေးကောင်းအောင် ကူညီတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လဲ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်။ ပြီးတော့ မေတ္တာနဲ့ ကူညီခွင့်ရလို့လဲ ကျေးဇူးတင်ပါတယ်” လို့ အဖွဲ့ခေါင်းဆောင် ဒေးဗစ် ယူဘန့် (David Eubank) က RFA ကို ပြောပါတယ်။
ဆက်သွယ်ရေးကို လိုင်စင်မရှိဘဲသုံးရင် အရေးယူမယ်လို့ စစ်ကောင်စီအနေနဲ့ ထုတ်ပြန်တာဟာ မသင့်တော်ဘူးလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ယောက်က RFA ကို ပြောပါတယ်။
“စစ်ရေးအရအားပြိုင်နေတဲ့ နိုင်ငံရေးအင်အားစုတွေကြားထဲမှာ ပြည်သူလူထုတွေက အဆက်အသွယ်တွေ ပြတ်တောက်ပြီးတော့မှ စစ်ဘေးဒုက္ခ အကြီးအကျယ်ကြုံနေရတဲ့ အချိန်မှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်မယ်၊ အခြားနည်းသုံးစွဲရင်လည်း ဥပဒေနဲ့အညီအရေးယူမယ်လို့ ထုတ်ပြန်ခြင်းသည် လျော်ကန်သင့်မြတ်တဲ့ကိစ္စ မဟုတ်ဘူး”
အရှေ့တောင်အာရှ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က ဦးဇော်ဝင်းကတော့ အင်တာနက်အသုံးပြုခွင့်ကို လိုက်လံပိတ်ပင်နေယုံနဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်လို့မရနိုင်ဘူးလို့ ပြောပါတယ်။
“အင်တာနက် သူတို့ ဖြတ်ရင်လည်း တခြားနေရာမှာ အင်တာနက်ရှိတာကိုး။ အဲဒါကြောင့် ဒီလိုဖွံ့ဖြိုးနေတဲ့ ကမ္ဘာကြီးမှာ ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား ဒီလိုမျိုး ပြစ်မှုကျုးလွန် တာတွေကို ဖုံးကွယ်ဖို့ ကြိုးစားပေမယ့်လည်း မရဘူးလို့ ကျွန်တော် ပြောချင်တယ်”
အင်တာနက်သုံးစွဲခွင့် ပိတ်ပင်တာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ ဖော်ပြထားတဲ့ လူတိုင်း နယ်စည်းမခြားဘဲ သတင်းတွေကို ရရှိခွင့်၊ သိုမှီးခွင့်၊ ဖြန့်ဖြူးခွင့် ရရှိရမယ်ဆိုတဲ့ အချက်ကို ချိုးဖောက်ရာရောက်တယ်လို့ လူ့အခွင့်အရေး သမားတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကယား၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်က ဒေသတချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး တချို့မြို့နယ်တွေမှာတော့ မိုဘိုင်းဖုန်းလိုင်း တွေပါ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့ Freedom on the Net ၂၀၂၃ ခုနှစ် အင်တာနက် လွတ်လပ်စွာသုံးစွဲခွင့် အစီအရင်ခံစာအရ မြန်မာဟာ အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
(မှတ်ချက်။ ဤသတင်းဆောင်းပါးတွင် Free Burma Rangers အဖွဲ့ခေါင်းဆောင် ဒေးဗစ် ယူဘန့် (David Eubank) ၏ ပြောဆိုချက်အား ဖြည့်စွက်ရေးသားထားပါသည်။)