ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်တိုးချမှတ်မှုတွေကို နိုင်ငံတကာ ရှုတ်ချ
ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်ကောင်စီက ထပ်တိုးထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြု စော်ကားလိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့လည်း အမေရိကန်က တောင်းဆိုလိုက်ပါတယ်။
-
RFA Burmese
2022-12-30 -
-
-
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက နောက်ဆုံးလက်ကျန် အဂတိမှု ငါးမှုအတွက် ဒီဇင်ဘာ ၃ဝ ရက်နေ့က ထောင်ဒဏ် ၇ နှစ် ထပ်တိုးချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ကျခံရဖို့ရှိနေပါတယ်။
"တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြု စော်ကားလိုက်တဲ့လုပ်ရပ်ဖြစ်တယ်"
မနေ့က အမိန့်ချလိုက်တဲ့အမှုတွေဟာ NLD အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စီး ငှားရမ်းဝယ်ယူ ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ငွေကြေးနစ်နာဆုံးရှုံးမှု ရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုတွေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်ကောင်စီက ထပ်တိုးထောင်ဒဏ်တွေ ချမှတ်လိုက်တာကို ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူက ပြောပါတယ်။
ဒါဟာ "တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြု စော်ကားလိုက်တဲ့လုပ်ရပ်ဖြစ်တယ်" လို့ မှတ်ချက်ပြုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်နိုင်ငံက တောင်းဆိုကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။
"နိုင်ငံတကာအနေနဲ့ စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေ ထိခိုက်အောင် မဖြတ်တောက်ဘဲ အပြောနဲ့ပဲ ဝေဖန်ရှုတ်ချနေမယ်ဆိုရင် စစ်ခေါင်းဆောင်တွေက အရေးမစိုက်ဘဲ နေပါလိမ့်မယ်။ ပြီးတော့ မတရားမှု အမျိုးမျိုးကို အရေးယူမခံရဘဲ ဆက်ကျူးလွန်နေပါလိမ့်မယ်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် ဆက်ပြီး ချုပ်နှောင်ထားပါလိမ့်မယ်။"
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့အတွက် မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲကြိုးပမ်းလျက်ရှိတယ်လို့လည်း ပြောခွင့်ရှိသူကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ်ပြီး စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ထားတာကို ရှုတ်ချကြောင်း ဥရောပသမဂ္ဂ (EU) ပြောခွင့်ရှိသူကလည်း ပြောဆိုလိုက်ပါတယ်။
ဒါကိုကြည့်ရင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ကနေ လုံးဝဖယ်ရှားဖို့ ကြိုးစားနေတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်နေရတယ်လို့ အဲဒီပြောခွင့်ရှိသူက ပြောဆိုကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုချက်တွေဟာလည်း "နိုင်ငံရေးအရ လုပ်ကြံဖန်တီးမှု သက်သက်ဖြစ်တယ်"လို့ သူက ဝေဖန်ပါတယ်။ တရားခွင်တွေဟာလည်း တရားဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ ဆိုပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း မြန်မာစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို တစ်သက်လုံး ထောင်ထဲက မထွက်ရတော့အောင်၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်မရှိတဲ့ စွဲချက်တွေ တင်ပြီး မတရားသဖြင့် အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
"ဒီအမိန့်ကို နှစ်သစ်ကူးရုံးပိတ်ရက်ကာလမှာ ချလိုက်ခြင်းအားဖြင့် နိုင်ငံတကာက ဒီသတင်းကို ထိထိရောက်ရောက် ရေးသားဖော်ပြတာတွေ မလုပ်နိုင်ကြဘဲ ပြီးသွားလိမ့်မယ်လို့ စစ်ခေါင်းဆောင်တွေက မျှော်လင့်နေတာပါ။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် တရားစီရင်မှုတွေရဲ့ နောက်ဆုံးရလဒ်ကို နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိမှု မရှိဘဲ ပြီးသွားမယ်လို့ထင်နေတာပါ။ ဒီလို မဖြစ်ရအောင် နိုင်ငံတကာအနေနဲ့ ထိရောက်ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခြင်းအားဖြင့် တုံ့ပြန်ကြဖို့ လိုပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေ ရင်းမြစ်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူကြပါ။ အထူးသဖြင့် အမေရိကန် အစိုးရအနေနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ လိုပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေ ထိခိုက်အောင် မဖြတ်တောက်ဘဲ အပြောနဲ့ပဲ ဝေဖန် ရှုတ်ချနေမယ်ဆိုရင် စစ်ခေါင်းဆောင်တွေက အရေးမစိုက်ဘဲ နေပါလိမ့်မယ်။ ပြီးတော့ မတရားမှု အမျိုးမျိုးကို အရေးယူမခံရဘဲ ဆက်ကျူးလွန်နေပါလိမ့်မယ်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် ဆက်ပြီး ချုပ်နှောင်ထားပါလိမ့်မယ်။" လို့ Phil Robertson က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝမကျတဲ့ ပြစ်မှုတွေထဲက နောက်ဆုံးပြစ်မှုကို စစ်ကောင်စီက အာဏာသိမ်းနှစ်ပတ်လည်နီးလာချိန်မှာ စီရင်ချက်ချလိုက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဇင်ဘာ ၃ဝရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုနဲ့ နောက်ဆုံးထောင် ၇ နှစ်ချလိုက်တာနဲ့ပတ်သက်ပြီး AI အဖွဲ့က ဒေသဆိုင်ရာ ဒါရိုက်တာ Meg de Ronde က ဆွဲဆိုထားတဲ့ အမှုတွေအားလုံး စလယ်ဆုံး တရားမျှတမှု၊ ဆီလျော်မှု၊ ပွင့်လင်းမြင်သာမှုမရှိဘဲ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပြီး အလားတူ ပြစ်မှုတွေနဲ့ ထောင်နဲ့ချီရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းထောင်တွေစစ်ကြောရေးစခန်းတွေမှာရှိနေကြတယ်လို့ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအချိန်အတွင်း ထောင်တွေ တရားရုံးစနစ်တွေကို လူအခွင့်အရေးစံနှုန်းတွေနဲ့အညီမဟုတ်တဲ့ ပြောင်းလဲမှုတွေလုပ်လိုက်ပြီး နိုင်ငံရးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေကို အမြင်မတူတာကို ငြိမ်းချမ်းစွာထုတ်ဖော်မိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်သွင်းအကျဉ်းချထားတာဖြစ်တယ်လို့ဆိုပါတယ်။
နော်ဝေအခြေစိုက် လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကလည်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ စွဲချက်တွေဟာ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်တဲ့အကြောင်း သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ စွဲဆိုထားတဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး အပြစ်ပေးတဲ့အခါမှာ စီရင်ချက်အမိန့်တွေ ချတဲ့အခါမှာ သီးခြားစီခွဲပြီးချတဲ့ဟာတွေ ရှိသလို တစ်ပေါင်းတည်းကျခံစေဆိုပြီး ချတဲ့ဟာတွေလည်း ရှိပါတယ်။ တချို့ဟာတွေက အမှုတစ်မှုတည်း ဖြစ်ရပ်တစ်ခုတည်းပေါ်မှာ အမှုမျိုးစုံခွဲပြီး စွဲပြီး အမိန့်ချတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် အဲဒါတွေကတော့ ဥပဒေနဲ့မညီဘူးလို့ ပြောချင်ပါတယ်။”
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပုဒ်မ ၁၉ ခုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်တွင်းက သီးခြားအဆောက်အဦးတစ်ခုမှာ ထိန်းသိမ်းခံနေရပါတယ်။