နွေဦးတော်လှန်ရေးအတွင်း မြန်မာနိုင်ငံအထက်ပိုင်းက လက်နက်ကိုင်တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် အိန္ဒိယနယ်ခြားဒေသကို သွားရောက်ဆေးကုသမှုခံယူနေကြတဲ့ လူငယ်တချို့ကို RFA က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။ တစ်ဦးကတော့ ပခုက္ကူခရိုင်က ရဲဘော် အော်ရီဒူးပါ။
“၂၄ ရက် ၉ လ ၂ဝ၂၂ မှာ ကျွန်တော်တို့ဘက်ကို စစ်ကြောင်းလာထိုးတော့ အဲဒီစစ်ကြောင်းကို မိုင်းထောင်ရင်းနဲ့ မတော်တဆဖြစ်ခဲ့ပါတယ်။ ကျွန်တော်စဖြစ်တုန်းကတော့ ဘယ်ဖက်ခြေထောက် ကျိုးတယ်။ ညာဖက်လက်မောင်းအရိုးကြေတယ်၊ အခုလက်ရှိမှာတော့ ဘယ်ဖက်မျက်စိ ဆုံးရှုံးထားတယ်။ နယ်စပ်မှာဆေးကုသမှုခံယူနေတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ အတော်အဆင်ပြေနေပါပြီ။ ပျောက်ကင်းသွားရင် တော်လှန်ရေးမှာ တတ်စွမ်းသမျှ ပါဝင်မှာပါ။”
နောက်တစ်ဦးကလည်း ပခုက္ကူခရိုင်ကပါပဲ။
“ကျွန်တော်ရွာကို စစ်ကြောင်းထိုးတော့ ကျွန်တော်မိုင်းသွားထောင်ခဲ့ပါတယ်။ ကျွန်တော်မိုင်းနဲ့ကျွန်တော် မတော်တဆဖြစ်ခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ် တစ်လပိုင်းက ဖြစ်ခဲ့တာပါ။ မြေပြန့်မှာ ကျွန်တော်ဖြစ်နိုင်သမျှ ကုသခဲ့ပြီး အခုနောက်ဆုံး နယ်စပ်ကို ခက်ခဲစွာနဲ့ လာရောက်ပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်။ ကျွန်တော် အခုအချိန်အထိ မျက်စိပြန်မမြင်သေးပါဘူး။ ကျွန်တော်လိုဒဏ်ရာရသူအများအပြား ဒီမှာအခုရှိပါတယ်။ ဆေးကုသမှုအောင်မြင်ပြီး ကျန်းမာရေးကောင်းခဲ့ရင် ကျွန်တော် တော်လှန်ရေးမအောင်မချင်း စိတ်ဓာတ်မကျဘဲ တတ်နိုင်သမျှပါဝင်သွားမယ်လို့ ကတိပြုပါတယ်။”
နောက်တစ်ဦးကတော့ စစ်ကိုင်းတိုင်း အလယ်ပိုင်းက ရဲဘော်ငှက်ကြီး ပါ။
“လေးလပိုင်း ခုနစ်ရက် ၂ဝ၂၃ ခုနှစ်က ဖြစ်တဲ့တိုက်ပွဲမှာ စကစဘက်က ပစ်လိုက်တဲ့ ၆ဝ မမကျည်ကြောင့် ကျွန်တော် ညာဖက်ခြေထောက် အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ မြေပြင်မှာ ခြေထောက်ဒဏ်ရာကုသဖို့ အခက်အခဲတွေရှိလို့ အခုနယ်စပ်ကိုလာပြီး ဆေးကုသနေတာပါ။ ဒီခြေထောက်ကုသပြီးရင် ကျွန်တော် တော်လှန်ရေးကို မပြီးမချင်းဆက်လုပ်သွားမှာပါ။"
အခုလို လက်နက်ကိုင်တော်လှန်ရေးမှာ ထိခိုက်ဒဏ်ရာရသူတွေကို မိမိတို့အစွမ်းကုန်ကုသပေးနေပေမယ့် လက်လှမ်းမမီတာတွေလည်း ရှိပါတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
သူတို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ၂ဝ၂၁ ခုနှစ် ဧပြီလက စပြီး အခု ၂ဝ၂၃ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံတစ်ဝန်းမှာ ခွဲစိတ်ကုသမှု အကြီးအသေးစုစုပေါင်း လေးသောင်းငါးထောင်ခန့်ကို ပြုလုပ်ခဲ့ရာမှာ နှစ်သောင်းခန့်ဟာ တိုက်ပွဲတွေကြောင့် ဒဏ်ရာရခဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဲဒီလိုခန္ဓာကိုယ်ထိခိုက်နစ်နာခဲ့ရသူတွေကို ဘဝတစ်ခုလုံး တာဝန်ယူဖို့အတွက်လည်း မိမိတို့မှာ အစီအစဉ်ရှိပါတယ်လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက RFA ကိုပြောပါတယ်။

အခုလို ဒဏ်ရာရရှိလို့ အိန္ဒိယနယ်စပ်ဒေသ သွားရောက်ကုသနေရသူတွေကို ကူညီပေးနေတဲ့ တာဝန်ခံတစ်ဦးကတော့ ကိုဝင်းထွဋ် ဆိုသူဖြစ်ပါတယ်။
“ကျွန်တော်က ပညာရေး CDM တစ်ဦးဖြစ်ပြီး ၂ဝ၂၁ ခုနှစ်ကတည်းက တော်လှန်ရေးမှာပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီနယ်စပ်ဒေသမှာ ဆေးကုသနေတဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့စားဝတ်နေရေး၊ ကုသရေး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေရတဲ့ တာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။ နယ်စပ်မှာအခုလို ရဲဘော်တွေကို အခုလို ဆေးကုသရတဲ့အကြောင်းရင်းကတော့ ၂ဝ၂၂ ခုနှစ်အတွင်းမှာ စစ်ကောင်စီစစ်တပ်က ကျွန်တော် တို့ မကွေးတိုင်းအတွင်းမှာရှိတဲ့ ဆေးရုံဆေးခန်းအတော်များများကို လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ လေယာဉ်နဲ့ပစ်ခတ်တာတွေအပြင် ဝင်ရောက်စီးနင်းပြီးတော့ ဆေးရုံဆေးခန်းတွေမှာရှိတဲ့ ပစ္စည်းပစ္စယတွေနဲ့ ဆေးရုံဆေးခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေရှိတဲ့အတွက် ကောင်းမွန်စွာကုသဖို့ အခက်အခဲရှိခဲ့လို့ အခုလို နယ်စပ်ဒေသမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကြိုးစားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီဘက်ကိုလာရတဲ့အခါမှာ အဓိက အခက်အခဲတွေကတော့ သွားလာရေး၊ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိတယ်၊ ဒီဘက်ရောက်တော့လည်း နေရေးထိုင်ရေးစားသောက်ရေး အခက်အခဲများစွာရှိပါတယ်။ နောက်ပြီး ဆေးရုံးဆေးခန်းသွားလာပြီး ကုသရေးလည်း အခက်အခဲရှိပါတယ်။”
အခုလို ကုသမှုကိုခံယူရင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကတော့ များစွာရှိနေဆဲပါပဲ။ လတ်တလောမှာတင် ချင်းတောင်တန်းပေါ်က လမ်းတစ်နေရာမှာ သူတို့လိုက်ပါတဲ့ ကားတစ်စီး ချောက်ထဲကျသွားခဲ့လို့ ထပ်မံပြီး ဒဏ်ရာတွေရရှိသွားခဲ့ပါသေးတယ်။
ထိခိုက်ဒဏ်ရာရသူတွေ ကိုယ်ခန္ဓာဆုံးရှုံးရတဲ့ လူငယ်တွေအားလုံးက နွေဦးတော်လှန်ရေးကို ပြီးဆုံးတဲ့အထိ သူတို့ဆက်လက်ပါဝင်မယ်လို့ ပြောဆိုပါတယ်။ ခွဲစိတ်အထူးကုပါရဂူတစ်ဦးလည်းဖြစ်တဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ဒီလူငယ်တွေရဲ့ ပြောစကားဗီဒီယိုဖိုင်တွေကိုကြည့်ပြီး သူယူကြုံးမရဖြစ်ရသလို သူ့ဘဝကျန်ရှိတဲ့အချိန်တွေကို အဲဒီသူတွေ ဘဝပြန်လည်ထူထောင်ရေးအတွက် အသုံးပြုမယ်လို့လည်း ပြောပါတယ်။
မြေလတ်ဒေသ အထူးစစ်ဆင်ရေးပြောက်ကြားတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်ကြုံး ဟာ စစ်တပ်အာဏာမသိမ်းခင်ကတော့ ရုပ်ရှင်မင်းသားသစ် လူငယ်လေးတစ်ယောက်ပါ။ သူက ကဗျာတွေလည်းရေးပါတယ်။ အခုတော့ အာဏာရှင်စနစ်ဖယ်ရှားပြီးမှ အနုပညာလောကကို သူပြန်မယ်လို့ ပြောပါတယ်။ ဒဏ်ရာရလူငယ်တွေကို ဆေးကုသပေးဖို့ပို့ဆောင်ရင်း တောင်ပေါ်လမ်းတစ်နေရာကနေ လူငယ်တွေရဲ့စွန့်လွတ်မှုနဲ့ပတ်သက်ပြီး သူက အခုလို ရင်ဖွင့်ပါတယ်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဗဟိုကွပ်ကဲရေးဌာနက ဗိုလ်အာကာကလည်း ပြည်သူတွေဟာ သူတို့ရဲ့အားပါပဲတဲ့။
အခုလို နွေဦးတော်လှန်ရေးမှာ မိမိတို့ရဲ့ဘဝတွေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပေးဆပ်စွန့်လွတ်နေကြရတဲ့ လူငယ်တွေဟာ တကယ်တော့ ကျောင်းစာသင်ခန်းတွေနဲ့ မိမိတို့ဝါသနာပါရာလုပ်ငန်းခွင်တွေမှာ တိုင်းပြည်တည်ဆောက်ရေးအတွက် ရောက်ရှိနေရမယ့်သူတွေဖြစ်ပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် သူတို့ရဲ့ဘဝတွေကို ဘယ်လောက်ထပ်မံပြီး စတေးကြရဦးမှာလဲ။ အတိအကျ ဘယ်သူမှ မပြောနိုင်ပေမဲ့ အကောင်းမြင်သူတချို့ကတော့ မြန်မာပြည်ဟာ မကြာတော့တဲ့ ကာလတစ်ခုအတွင်း အာဏာရှင်စနစ်အောက်က ထာဝရ လွတ်မြောက်နိုင်တယ်လို့ ရှုမြင်သုံးသပ်နေကြပါတယ်။