စစ်ကောင်စီကို တရားစွဲရေး အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ ကြိုးပမ်း
2022.09.08

မြန်မာနိုင်ငံအတွင်း၊ အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အရေးယူနိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့၊ ရှေ့နေချုပ်ဟောင်းတစ်ဦး ပါဝင်တဲ့၊ အင်ဒိုနီးရှား လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က အင်ဒိုနီးရှားနိုင်ငံရဲ့ အခြေခံဥပဒေတရားရုံးကို တင်ပြတောင်းဆိုလိုက်ပါတယ်။
အဲဒီကိစ္စ အောင်မြင်တယ်ဆိုရင်၊ အရှေ့တောင်အာရှဒေသတွင်းက တရားရုံးတစ်ရုံးအနေနဲ့၊ မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ များပြားလှတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအပေါ်၊ ပထမဆုံးအကြိမ် တရားစွဲဆိုနိုင်မှာဖြစ်ပါတယ်။
သက္ကရာဇ် နှစ်ထောင်ပြည့်နှစ်မှာ ပြဌာန်းထားတဲ့ အင်ဒိုနီးရှား လူ့အခွင့်အရေးဆိုင်ရာ တရားရုံးဥပဒေအရဆိုရင်၊ လူ့အခွင့်အရေးချိုးဖောက်မှုကို အင်ဒိုနီးရှားနိုင်ငံသားတွေ ကျူးလွန်ထားမှသာအရေးယူနိုင်ပါတယ်။
တကယ်လို့ အင်ဒိုးနီးရှားနိုင်ငံသားက နိုင်ငံပြင်ပမှာ လူ့အခွင့်အရေးချှိုးဖောက်မှု ကျူးလွန်ထားရင် သူတို့ကိုတရားစီရင်ဖို့ ခုံရုံးဖွဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီဥပဒေဟာ အင်ဒိုနီးရှားရဲ့အခြေခံဥပဒေကို ချိုးဖောက်ရာရောက်နေတယ်လို့ ပြင်ဆင်ခွင့်တင်ဖို့ အဆိုပြုတဲ့သူတွေက စောဒကတက်နေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ အခြေခံဥပဒေအရဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ အာမခံထားတာဖြစ်ကြောင်းနဲ့ ဒီပြဌာန်းအရဆိုရင် မည်သူ့ကိုမဆို အရေးယူဖို့ ဖြစ်ကြောင်း၊ ဒါကြောင့် ၁၉၄၅ လူ့အခွင့်အရေး ကာကွယ်မှုဥပဒေအရ အင်ဒိုနီးရှားနိုင်ငံသားဖြစ်မှ အရေးယူရတာမျိုး မဟုတ်ကြောင်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံသားများအတွက်ဆိုတဲ့ စကားစုကို ဖယ်ထုတ်လိုက်မယ်ဆိုရင်တောင် မူလ အနှစ်သာရ ပျက်ပြယ်သွားမှာ မဟုတ်ကြောင်းနဲ့ ဘယ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်သူကိုမဆို၊ အင်ဒိုနီးရှားမှာရှိတဲ့ တရားရုံးမှာ တရားစွဲနိုင်မှာဖြစ်ကြောင်း၊ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ Fery Amsari က ပြောပါတယ်။
အခုဥပဒေပြင်ဆင်ဖို့ တိုက်တွန်းကြိုးစားနေတဲ့အဖွဲ့မှာ ၁၉၉၉ ကနေ ၂၀၀၀ပြည့်နှစ်အထိ အင်ဒိုနီးရှား ရှေ့နေချုပ် အဖြစ်ဆောင်ရွက်ခဲ့တဲ့ မာဇူကီ ဒါရုစ်မဲန် လည်းပါဝင်ပါတယ်။
မာဇူကီ ဒါရုစ်မဲန်ဟာ၊ အာဆီယံ လူ့အခွင့်အရေးရင်းမြစ်ဌာန ကို ၂၀၁၀ပြည့်နှစ်က ထူထောင် ခဲ့သူ ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအောက်မှာ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် တဲ့ အချက်အလက် စုဆောင်းရှာဖွေရေး အဖွဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
သူဟာ ၂၀၁၀ ပြည့် နှစ်မှာ မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်၊ ပါကစ္စတန်ဝန်ကြီးချုပ် Benazir Bhutto လုပ်ကြံခံရမှု စုံစမ်းစစ်ဆေးရေးမှာ ပါဝင်ခဲ့သလို၊ သီရိလင်္ကာ ပြည်တွင်းစစ်အတွင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်မှု ကုလသမဂ္ဂ စုံစမ်းးရေးအဖွဲ့မှာလည်းပါဝင်ခဲ့ပါတယ်။
အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ Fery Amsari ကတော့၊ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် တရားစွဲဖို့ခက်ခဲနေကြောင်း ပြောဆိုပါတယ်။
ဒီအတွင်း မြန်မာအာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို ပထမဆုံးအကြိမ် ပြည်ပခရီးအဖြစ် သွားရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံ အခြေအနေဆွေးနွေးပွဲ တက်ရောက်ခဲ့ပါတယ်။

အဲဒီနှစ် အောက်တိုဘာလ အာဆီယံ ဆွေးနွေးပွဲမှာတော့၊ အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီမှုကို အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်မှုနဲ့အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဘရူနိုင်းတို့ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကန့်ကွက်မှု ကြောင့် ဆွေးနွေးပွဲကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။
ဒါ့ပြင် မြန်မာစစ်ကောင်စီ အကြီးတန်း ကိုယ်စား လှယ်တွေလည်း၊ ဒီနှစ် ဖေဖေါ်ဝါရီလ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအပါအဝင်၊ အာဆီယံ စည်းဝေးပွဲတွေတက်ရောက်ခွင့် ပိတ်ပင်ခံ ခဲ့ရပါတယ်။
အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ Fery Amsari ကတော့၊ အစိုးရအပါအဝင် လွှတ်တော်အမတ်တွေ အနေနဲ့၊ မြန်မာနိုင်ငံသားတွေရဲ့ ဒုက္ခအ၀၀ကို စာနာပြီး၊ မြန်မာ့ရှေ့ရေး ပိုမိုကောင်းမွန်လာဖို့ အကူ အညီပေးကြလိမ့်မယ်လို့မျှော်လင့်ကြောင်း ပြောဆိုပါတယ်။