စစ်လက်နက်ရောင်းတဲ့ အိန္ဒိယကို နိုင်ငံတကာ တားဆီးဖို့လိုကြောင်း အကဲခတ်တွေပြော

အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီကို လက်နက်ပစ္စည်းတွေ ရောင်းနေတာဟာ စစ်ရာဇဝတ်မှုအားပေးရာ ရောက်တာကြောင့် နိုင်ငံတကာက တားဆီးဖို့လိုအပ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

အိန္ဒိယပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၃ ဧပြီလအထိ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး စစ်လက်နက် ပစ္စည်းတွေကို မြန်မာ စစ်တပ်ကို တင်ပို့ ရောင်းချခဲ့ကြောင်း Justice For Myanmar အဖွဲ့က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ စစ်ဘက်သုံးပစ္စည်းတွေ၊ နည်းပညာဆိုင်ရာ စာရွက်စာတမ်းတွေ၊ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေမှာ အသုံးပြုမယ့် အသံလှိုင်းသတ္တုအကာတွေ၊ လမ်းညွှန်ဂီယာစနစ်တွေ၊ ရေဒါတွေမှာ အသုံးပြုတဲ့ ပစ္စည်းအမျိုးမျိုးအပြင် စစ်မြေပြင်ဆက်သွယ်ရေးမှာသုံးတဲ့ ကျောပိုးရေဒီယိုတွေလည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီကိုဆက်ပြီး လက်နက်ရောင်းနေမယ်ဆိုရင် နောင်တစ်ချိန်မှာ ဒီရာဇဝတ်မှုတွေအတွက် တာဝန်ခံရလိမ့်မယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုက်က ပြောပါတယ်။

“ကမ္ဘာမှာ အဆိုးရွားဆုံးပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို သူတို့ လူသတ်အားပေးပေါ့ဗျာ၊ အဲဒီလိုမျိုး လုပ်နေတယ်လို့ ကျွန်တော့်အနေနဲ့ တိုက်ရိုက် စွပ်စွဲချင်တယ်။ ကျွန်တော့်စိတ်ထင် တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့လေ နောင်တစ်ချိန်မှာတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာမှာ တစ်ခုခုတော့ ပြန်လုပ်ဖို့လည်းလိုတယ်။ ပြန်လုပ်နိုင်ကြလိမ့်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်”

တစ်ဖက်မှာတော့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ အမေရိကန်ပြည်ထောင်စုကို ရောက်ခဲ့တုန်းက သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေပိုဆိုးလာလို့ စိုးရိမ်တဲ့အကြောင်းနဲ့ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ဖို့ တောင်းဆိုတဲ့အကြောင်း ဇွန်လ ၂၂ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

အိန္ဒိယအနေနဲ့ တစ်ဖက်မှာ လက်နက်ရောင်းပြီး တစ်ဖက်မှာစိုးရိမ်တယ်လို့ ပြောနေတာဟာ အဓိပ္ပာယ်မဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။

“မြန်မာပြည်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခထဲမှာ ဘယ်ဘက်မှမပါဘူး၊ ပြည်တွင်းက ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဘာတွေနဲ့ပတ်သက်ပြီး မသိချင်ယောင် ဆောင်မယ်၊ အကူအညီမပေးဘူး၊ လိုအပ်လို့ရှိရင် ဖမ်းဆီးတယ် စတာမျိုးတွေ လုပ်နေတယ်။ ဒါပေမဲ့ နိုင်ငံတကာစင်မြင့်မှာတော့ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ကြေညာချက်ထုတ်တဲ့နေရာမှာတော့ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ဆိုတဲ့ စကားလုံးတွေ သုံးလိုက်တာပေ့ါဗျာ။ လက်တွေ့မှာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ စစ်ကောင်စီရဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို မသိမသာ လွှဲရှောင်နေခြင်းအားဖြင့် သွယ်ဝိုက်အားပေးနေတဲ့ အစိုးရ တစ်ရပ်လို့ပဲ ပြောရမှာပေါ့”

မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် စစ်ကောင်စီမှာပဲ တာဝန်ရှိပြီး သူတို့နဲ့ မဆိုင်ဘူးလို့ အိန္ဒိယက ယူဆထားပုံရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“အမေရိကန်နဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ လွှတ်ပေးဖို့ဆိုတာ သူကန့်ကွက်စရာ မရှိဘူး။ ထောက်ခံမှာပဲ။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ဖို့ဆိုတဲ့ ဥစ္စာလည်း သူကသဘောတူတယ်။ ဟုတ်တယ် အဲဒီ အမေရိကန်ပြောတဲ့ဥစ္စာတွေ အကုန် သဘောတူတယ်၊ ထောက်ခံတယ်။ ဒါပေမဲ့ သူက ဒီအခြေအနေတွေကို ငြိမ်ဝပ်ပိပြားဖို့တော့ နစက က ဦးဆောင်ပြီး လုပ်ရမယ်။ ဘယ်လိုနည်းနဲ့လုပ်လုပ်ပေါ့ဗျာ၊ သူကတော့ လက်နက်နဲ့ ဟိုဟာဖြစ်မှာဆိုလည်း သူကရောင်းပေးမယ်ဆိုတဲ့ သဘောပေါ့နော်”

ဒီမတိုင်ခင်ကလည်း အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီဖြစ်တဲ့ (ရန်ထရာ အိန္ဒိယလိမိတက်) Yantra India Limited က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာစစ်တပ်ကို ၁၂၂ မမ အမြောက်ပြောင်းတွေ အတော်များများ ရောင်းခဲ့တယ်လို့ Justice For Myanmar က ၂၀၂၃ မတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို လျစ်လျူရှုထားသလို၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့လည်း ပျက်ကွက်နေတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ လွှတ်ပေးဖို့ဆိုတာ သူကန့်ကွက်စရာ မရှိဘူး"

ဒီဝေဖန်မှုတွေနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ သဘောထားသိနိုင်ဖို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို အီးမေးလ်နဲ့စာပို့ပြီး မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။ မြန်မာစစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အိန္ဒိယဟာ အိမ်နီးချင်း မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်တာ ဘာမှ မထူးဆန်းဘူးလို့ ပြောပါတယ်။

“အိန္ဒိယအနေနဲ့ သူခြေထောက်ပေါ်မှာ သူရပ်တည်နိုင်စွမ်းရှိပြီးတော့ ဘယ်သူနဲ့မဆို သူပူးပေါင်း ဆောင်ရွက်နိုင်စွမ်းရှိတယ်။ အိန္ဒိယရဲ့မူဝါဒအရ သူ့လက်နက်ရောင်းချတဲ့ကိစ္စသည် သူ့နိုင်ငံရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ အဲဒီတော့ မြန်မာနိုင်ငံကို ဘာအတွက် ပူးပေါင်း ဆောင်ရွက်သလဲဆိုရင် အဓိကကတော့ အိန္ဒိယသမုဒ္ဒရာရဲ့ လုံခြုံရေးအတွက်ဆိုရင် မြန်မာဟာ အိန္ဒိယအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ အကောင်းဆုံး နိုင်ငံဖြစ်တဲ့အတွက်ကြောင့် သူက မိတ်ဖက်နိုင်ငံအဖြစ် ယူထားပြီးသား။ အဲဒီတော့ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်တဲ့ကိစ္စက ဘာမှထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး”

အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနဲ့ အမေရိကန်တို့ပါဝင်တဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု Quad (ကွက်ဒ်) အုပ်စုနဲ့ တခြားမဟာမိတ်နိုင်ငံတွေက၊ အိန္ဒိယအစိုးရက မြန်မာကို စစ်လက်နက်ရောင်းနေတာကို ရပ်အောင် ဖိအားပေးဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ပြင်သစ်နိုင်ငံကို လာမယ့် ဇူလိုင်လအတွင်း သွားဖို့ ရှိနေတာကြောင့် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးနိုင်တဲ့ ပြင်သစ်အစိုးရအနေနဲ့ အိန္ဒိယကို ဖိအားပေးဆွေးနွေးဖို့လည်း Justice For Myanmar ကတိုက်တွန်းထားပါတယ်။

နေပြည်တော်တွင် ၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် စစ်လက်နက်ပစ္စည်းများ။ (Photo: AFP)
နေပြည်တော်တွင် ၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် စစ်လက်နက်ပစ္စည်းများ။ (Photo: AFP)

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ဒီမိုကရေစီတန်ဖိုးတွေ အလေးထားလိမ့်မယ်လို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

“အိန္ဒိယနိုင်ငံကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီ တိုင်းပြည်တစ်ခု ဖြစ်တယ်ပေါ့နော်။ ဆိုတော့ Democratic value တွေကိုလည်း သူတို့အနေနဲ့ အလေးထားမယ်။ Democratic value အရ မြန်မာနိုင်ငံအရေးကို သူတို့တွေအနေနဲ့ ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အိန္ဒိယနိုင်ငံကနေပြီးတော့ မြန်မာပြည်သူ လူထုရဲ့ ဆန္ဒကို သိမြင်အောင် ကြိုးစားပြီးတော့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့အတွက်ကို အိန္ဒိယနိုင်ငံကနေပြီးတော့ ကူညီဆောင်ရွက် ပေးမယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

ဒါပေမဲ့ မြန်မာစစ်တပ်ကို အားပေးအားမြှောက်လုပ်နေရင်တော့ မြန်မာ့အရေး ပြေလည်မှာ မဟုတ်သလို အိမ်နီးချင်းနိုင်ငံတွေကို ဂယက်ရိုက်နိုင်ပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။

အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း စစ်တပ်ဟာ အတိုက်အခံတွေကို ချေမှုန်းဖို့ ပြည်ပနိုင်ငံတွေကနေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ဖိုးထက်မနည်းတဲ့ လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒီသန်းတစ်ထောင်ကျော်ဖိုးဟာ ရုရှားနဲ့ စင်ကာပူတို့ဆီကအပြင် တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကနေ ဝယ်ယူခဲ့တာလို့ ဖော်ပြထားပါတယ်။