စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်ဒုက္ခသည် ငါးသောင်းလောက် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံကြပါတယ်။ မီဇိုရမ်ပြည်နယ်မှာ လေးသောင်းကျော်လောက်နဲ့ မဏိပူရ်ပြည်နယ်မှာ ရှစ်ထောင်ကျော်လောက် ခိုလှုံနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အခုလို ယာယီခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့သူတို့ဖွဲ့စည်းထားတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
သက်ဆိုင်ရာပြည်နယ်တွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေနဲ့ လူမျိုးရေး အချေအတင်ဖြစ်ပွားမှုတွေမှာ မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုတွေ မရှိအောင် သတိထားနေထိုင်ကြဖို့၊ မူးယစ်ဆေးဝါးနဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းဝယ်မှုတွေမှာ လုံးဝမပါဝင်ကြဖို့နဲ့ ရောက်ရှိရာဒေသတွေမှာ ထုတ်ပြန်ထားတဲ့ လူမှုရေး၊ ဘာသာရေး စည်းကမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့လက အိန္ဒိယအရှေ့မြောက်ပိုင်းက မဏိပူရ်ပြည်နယ်မှာ မီတီလူမျိုးစုတွေနဲ့ ကူကီးလူမျိုးစုတွေအကြား လူမျိုးရေး ပဋိပက္ခတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁ဝဝ ထက်မနည်း သေဆုံးခဲ့တာပါ။

မဏိပူရ်ပြည်နယ်မှာ မြို့တော် အင်ဖာနဲ့ အနီးတစ်ဝိုက်မှာနေထိုင်တဲ့ ‘မီတီ’ လူမျိုးစုတွေက အိန္ဒိယအစိုးရရဲ့ အထူးသတ်မှတ်ချက် Scheduled tribe အဆင့် သတ်မှတ်ပေးဖို့အတွက် တောင်းဆိုတာကို တောင်တန်းဒေသတွေမှာ နေထိုင်တဲ့ ‘ကူကီး’ လူမျိုးစုတွေက မကျေနပ်ဖြစ်ခဲ့တဲ့နောက်၊ မေလအတွင်းမှာ လူမျိုးစုနှစ်ခုအကြား အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လူမျိုးစုပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မဏိပူရ်ပြည်နယ်နဲ့ ကပ်ရပ်တည်ရှိနေတဲ့ မီဇိုရမ်ပြည်နယ်မှာလည်း မကြာခင်ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတာကြောင့် မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ မေရီလန်းပြည်နယ် အခြေစိုက် ချင်းတိုင်းရင်းသားအဖွဲ့အစည်း (CAM)၊ အမှုဆောင်ညွှန်ကြားရေးမှူး ဇိုသုန်းမှုန်က ပြောပါတယ်။

ချင်း၊ ဇိုမီးနဲ့ ကူကီးလူမျိုးစုတွေဟာ နီးစပ်မှု ရှိပြီး မြန်မာနဲ့ အိန္ဒိယနယ်စပ် နှစ်ဖက်လုံးမှာ နေထိုင်ကြတဲ့အပြင် သက်ဆိုင်ရာလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကလည်း နှစ်နိုင်ငံလုံးမှာ လှုပ်ရှားနေတာကြောင့် နယ်စပ်ဒေသမတည်ငြိမ်မှုတွေ တိုးပွားလာမှာကို အိန္ဒိယအစိုးရတာဝန်ရှိသူတွေက စိုးရိမ်ပူပန်နေကြတဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ NUG ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမရှိဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက မဏိပူရ်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက် အိန္ဒိယစစ်သား ထောင်ပေါင်းများစွာစေလွှတ်ပြီး ထိန်းသိမ်းခဲ့ရပါတယ်။ အခုအချိန်အထိလည်း မဏိပူရ်ပြည်နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။