အိန္ဒိယနိုင်ငံသားသုံးဦး အသတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်ပေါက် အိန္ဒိယ ပိတ်ထား
2023.04.18

မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ် မတူပီမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့ အိန္ဒိယနိုင်ငံသား သုံးဦး အသတ်ခံခဲ့ရပြီးနောက် အိန္ဒိယဘက်က နှစ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်တွေကို ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ မီဇိုရမ်ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ အိန္ဒိယနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံဖွား ချင်းအမျိုးသမီးတွေ ဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်ဗျက်ဆွေ (C Biaksuii)၊ အသက် ၃၇ နှစ်အရွယ် Bablu Talukdar နဲ့ အသက် ၄၄ နှစ်အရွယ် B Lathafamkima တို့ဖြစ်ပြီး သတ်ဖြတ်မီးရှို့ခံထားရတဲ့ သူတို့သုံးဦးရဲ့ ရုပ်အလောင်းတွေကို မတူပီမြို့နယ်ထဲမှာ ပြန်တွေ့ခဲ့ကြရတာပါ။ ဘယ်သူတွေက သတ်ဖြတ်တယ်ဆိုတာကိုတော့ မသိရပါဘူး။
အဲဒီလို တွေ့ရှိပြီးနောက် မီဇိုရမ်လူမှုအရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံသားတွေအနေနဲ့ အိန္ဒိယဘက်ကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ ထုတ်ပြန်ကြေညာပြီးနောက် အခုလို နှစ်နိုင်ငံ ဝင်ထွက်ပေါက်တွေကို သော့ခတ်ပြီး ပိတ်လိုက်တာဖြစ်ပါတယ်။
နှစ်နိုင်ငံ ဝင်ထွက်ပေါက်ဖြစ်တဲ့ မတူပီမြို့နယ်က လှုံမာန်နဲ့ ရောင်းလင်ကျေးရွာ နယ်စပ် ဝင်ပေါက်တွေကို ဧပြီ ၆ ရက်နေ့က အိန္ဒိယဘက်က သော့ခတ်ပိတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ထန်တလန်မြို့၊ ရိဒ်ခေါ်ထာရ်မြို့ကနေ သွားလာလို့ရတဲ့ နယ်စပ်အပေါက်တွေကိုလည်း ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် မတူပီမြို့ စစ်ဘေးဒုက္ခသည်တွေအတွက် မီဇိုရမ်မှာ ဆေးကုသဖို့သွားရတာနဲ့ စစ်ဘေးရှောင်တဲ့အခါမှာ သွားလာရေး အခက်အခဲ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတူပီမြို့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အဓိကတော့ နယ်စပ်မှာလူသတ်မှုနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်မှုရှိတယ်။ မြန်မာ ဆိုင်ကယ်တွေပေါ့နော်။ 125 Kenbo တွေဝင်ထွက်သွားလာခွင့်မပြုဘူး ဆိုပြီးတော့ ထုတ်ပြန်ချက် ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယ မြန်မာနယ်စပ်ကို ခြံစည်းရိုး ခတ်လိုက်တယ်။ နယ်စပ် ပိတ်တဲ့အတွက် ကျနော်တို့ မတူပီဘက်က စစ်ဘေးရှောင်တွေအတွက် တော်တော် အခက်အခဲရှိတယ်။ လောလောဆယ်အထိတော့ လုံးဝ ဝင်ထွက်လို့မရဘူး”
ချင်းပြည်နယ်နဲ့ အိန္ဒိယ နယ်စပ်ဝင်ပေါက်တွေကို သော့ခတ်ပိတ်ထားခဲ့တဲ့အတွက် တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ မီဇိုရမ်ဘက်ကို ထွက်ပြေးခိုလှုံဖို့ မလွယ်ကူတော့သလို အိန္ဒိယဘက်ကနေ စားသောက်ကုန်စည်တွေ ဝယ်ယူဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာဘက်မှာ အိန္ဒိယနိုင်ငံသား သုံးဦးသတ်ဖြတ်ခံရတာနဲ့ နယ်စပ်အဝင် အထွက်တွေကို ကန့်သတ်တာတွေအတွက် ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
အိန္ဒိယရောက် မြန်မာတွေအနေနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေမလုပ်ကြဖို့နဲ့ အဲဒီလိုလုပ်တာဟာ သောင်းနဲ့ချီ ထွက်ပြေးခိုလှုံနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ အပေါ်သက်ရောက်မှုရှိနိုင်တယ်လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က RFA ကိုပြောပါတယ်။
“အဓိကက ကျနော်တို့ ဒီဥပဒေမဲ့လုပ်ရပ်တွေ မလုပ်ဖို့ပေါ့နော်။ မြန်မာတွေဘက်က အိန္ဒိယနိုင်ငံကို ခိုလှုံတဲ့သူတွေ အားလုံးပေါ့နော်။ ရှောင်ရှားကြဖို့ပေါ့။ ဥပဒေမဲ့လုပ်ရပ်ဆိုတဲ့ နေရာမှာ တရားမဝင် စီးပွားရေး လုပ်တာမျိုး၊ တရားဥပဒေနဲ့မညီတဲ့ ပြစ်မှု၊ ရာဇဝတ်မှု ကျူးလွန်တာမျိုး၊ ဒါမျိုးတွေ မလုပ်ကြဖို့ ထိန်းထိန်းသိမ်းသိမ်းနေကြဖို့ ကျနော်အနေနဲ့ တိုက်တွန်းလိုပါတယ်။ လူတစ်ဦးရဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေတဲ့ သူတွေအပေါ် သက်ရောက်မှုရှိနိုင်တာမလို့ ဒါမျိုးမလုပ်ကြဖို့ မြန်မာတွေအနေနဲ့ လုံးဝ သတိထားဖို့ လိုတယ်”
အိန္ဒိယနိုင်ငံသား သုံးဦးအသတ်ခံရပြီးနောက် မဏိပူရ်ပြည်နယ်မှာလည်း မြန်မာနိုင်ငံသားတွေအပေါ် တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ်၊ လန်ကားမြို့ကို ထွက်ပြေးခိုလှုံပြီး ရက်ကန်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာဒုက္ခသည်တွေကို မဏိပူရ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မြန်မာစစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
"မတူပီဘက်က စစ်ဘေးရှောင်တွေအတွက် တော်တော် အခက်အခဲရှိတယ်။ လောလောဆယ်အထိတော့ လုံးဝ ဝင်ထွက်လို့မရဘူး"
အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၁ ဦး၊ ကလေးငယ် ခြောက်ဦး စုစုပေါင်း ၂၃ ဦး အဖမ်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေကို ယာယီထိန်းသိမ်းရေးစခန်းမှာ ထားပြီးတော့ မဏိပူရ်အစိုးရက မြန်မာဒုက္ခသည်တွေအတွက် ဆောက်လုပ်ပေးနေတဲ့ ယာယီဒုက္ခသည်စခန်း ပြီးစီးသွားတဲ့အခါ အဲဒီစခန်းမှာ နေခိုင်းမှာဖြစ်တယ်လို့ မဏိပူရ်အာဏာပိုင်တွေက ပြောကြောင်း မြန်မာဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မြန်မာရက်ကန်းအလုပ်သမားတွေကို မဏိပူရ်စစ်ဘေးဒုက္ခသည်တွေဟာ မြို့ပေါ်မှာ နေထိုင်ခွင့် မရှိဘူးဆိုပြီး ဖမ်းဆီးခဲ့တာလို့ မဏိပူရ်ပြည်နယ်ရောက် မြန်မာ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကိုပြောပါတယ်။
“ဖမ်းဆီးတဲ့ အကြောင်းပြချက်ကတော့ မြို့ပေါ်မှာ နေခွင့်မရှိတော့ဘူး။ မဏိပူရ်အစိုးရက လုပ်ပေးမယ့် စစ်ဘေးရှောင်ခန်းမှာပဲ နေထိုင်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းပြီးတော့မှ လောလောဆယ်ကတော့ ယာယီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ အနေအထားမှာ ဖြစ်တယ်ပေါ့နော်။ ဖမ်းထားတဲ့ အားလုံးကို စစ်ဘေးရှောင်စခန်း တည်ဆောက် ပြီးစီးတဲ့ အခါကြရင် အဲဒီနေရာကို ပြောင်းရွှေ့ပေးမယ် ဆိုပြီးတော့ ပြောထားပါတယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လဆန်းပိုင်းအထိ မြန်မာစစ်ဘေးဒုက္ခသည်တွေကို မဏိပူရ်ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီး လက်ရှိမှာ မြန်မာစစ်ဘေးဒုက္ခသည် ၁၇၀ လောက် ဖမ်းဆီးခံထားရတယ်လို့ မြန်မာဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည်တွေအတွက် ယာယီစခန်းကို ဆောက်လုပ်ပြီး နေရာချထားဖို့ မိုးရေးမြို့နယ်က မြန်မာစစ်ဘေး ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနေတဲ့ ကျေးရွာတွေကို မဏိပူရ်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ မတ်လ ၂၆ ရက်နေ့က လာရောက်ပြီး တွေ့ဆုံအသိပေးခဲ့တယ်လို့ မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
အဲဒီယာယီစခန်းဟာ ဒုက္ခသည် ငါးထောင်ဝန်းကျင်လောက် နေထိုင်နိုင်မှာဖြစ်ပြီး မဏိပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည် တစ်သောင်းကျော်ရှိနေပါတယ်။
အခုလက်ရှိမှာ ဒုက္ခသည်စခန်းဆောက်မယ့် အိန္ဒိယ-မြန်မာနယ်စပ် စည်းရိုးအနီးက နေရာကို မြေတူးစက်နဲ့ မြေညှိနေဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးရေးမြို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ဟောက်လျန်ခိုင်နယ်မြေပေါ့နော်။ မိုးရေးကနေတော့ မိုးရေးတောင်ဘက်ကျမှာပေါ့။ သူတို့ ဒုက္ခသည်ကဒ် လုပ်တယ်၊ ဓာတ်ပုံ လာရိုက်တယ်၊ ပြီးရင် ဒုက္ခသည်ကဒ် ထုတ်ပေးတယ်။ ဒုက္ခသည်ကဒ်နဲ့နေရရင် ပိုပြီးတော့မှ စိတ်ချတယ် ဆိုပြီးတော့မှ ဓာတ်ပုံတွေလာရိုက်တယ်။ ဒုက္ခသည်စာရင်း ယူသွားတာတွေတော့ ရှိပါတယ်။ လောလောဆယ် အနေအထားရ ကျနော်တို့က နယ်စပ်ရွာသူကြီးတွေရဲ့ အနားမှာပဲဒီလိုပဲနေရတယ်”
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲမှာ အိန္ဒိယနိုင်ငံသား သုံးဦးအသတ်ခံရပြီးနောက် အိန္ဒိယဘက်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာ၊ မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေကို ဖမ်းဆီးခဲ့တာတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်က တစ်ဆင့် မေးမြန်းခဲ့ပေမယ့် ဒီနေ့ (ဧပြီ ၁၈ရက်) ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။
ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ချင်းပြည်နယ်ထဲမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းခန့်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် ငါးသောင်းဝန်းကျင် ရှိပါတယ်။