နိုင်ငံ့အကျိုးစီးပွားအတွက် မြန်မာနယ်စပ်မှာ အိန္ဒိယက ခြံစည်းရိုးခတ်တာဖြစ်ကြောင်း လေ့လာသူပြော

အခုစည်းရိုးခတ်မယ့် အကြောင်းပြချက်တွေထဲ အိန္ဒိယကို မြန်မာဘက်က လူတွေ တရားမဝင် ဝင်ရောက်လာတာကို တားဆီးဖို့လည်း ပါဝင်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာအား ၂ဝ၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်။ Photo: AFP

အိန္ဒိယအရှေ့မျှော်ဝါဒအတွက် နိုင်ငံ့အရှေ့ဘက်မှာရှိတဲ့ မြန်မာနိုင်ငံဟာ အထူးအရေးကြီးပြီး မြန်မာနိုင်ငံကို ဖြတ်ပြီးမှ တရုတ်နိုင်ငံနဲ့ရော အရှေ့တောင်အာရှနိုင်ငံတွေနဲ့ပဲ ဆက်သွယ်နိုင်တဲ့အတွက် လွယ်ကူပြေပြစ်အောင် အိန္ဒိယ-မြန်မာနယ်စပ် ကူးလူးသွားနိုင်ခွင့်ပေးထားပေမဲ့ ဒါကို အိန္ဒိယက ရပ်ဆိုင်းတော့မယ့်အပြင် နယ်စပ်တစ်လျှောက်မှာပါ စည်းရိုးခတ်ပါတော့မယ်။

နှစ်နိုင်ငံနယ်စပ် ၁ဝ မိုင် အကွာအဝေးအတွင်း နေထိုင်သူတွေဟာ သက်တမ်းတစ်နှစ်ရှိတဲ့ လက်မှတ်နဲ့ ဗီဇာပြည်ဝင်ခွင့် လျှောက်ထားစရာမလိုဘဲ တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးနိုင်ပြီး တစ်ကြိမ်ကူးရင် သီတင်းနှစ်ပတ် နေထိုင်ခွင့်ရှိပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံမှာ ထွက်ပြေးတိမ်းရှောင်သူတွေကို ကြည်ကြည်ဖြူဖြူလက်ခံရုံမက မြန်မာ့ဒီမိုကရေစီရေးကို အင်တိုက်အားတိုက် အားပေးထောက်ခံခဲ့တဲ့ အိန္ဒိယဟာ ၂ဝ၂၁ တစ်ကျော့ပြန် စစ်အာဏာသိမ်းချိန်မှာ အရင့်အရင် ဘယ်ကာလနဲ့မတူဘဲ ဖိနှိပ်ချိန်မှာ အားကိုးတကြီးနဲ့ အိန္ဒိယကို တိမ်းရှောင်လာသူတွေကို လက်သင့်ခံဖို့ လက်တွန့်လာပါတယ်။

အခုစည်းရိုးခတ်မယ့် အကြောင်းပြချက်တွေထဲ အိန္ဒိယကို မြန်မာဘက်က လူတွေ တရားမဝင် ဝင်ရောက်လာတာကို တားဆီးဖို့လည်း ပါဝင်ပါတယ်။

India Express သတင်းကတော့ မဏိပူရ်ပြည်နယ်က အခုထိ မပြေငြိမ်းသေးတဲ့ ကသည်းနဲ့ကူကီး လူမျိုးရေးပဋ္ဋိပက္ခမှာ မြန်မာနိုင်ငံကနေ အိန္ဒိယကို တရားမဝင်ဝင်လာတဲ့ ကူကီး-ချင်းတွေ ဝင်ရောက်လာတာဟာ အဓိကသော့ချက်ပြဿနာ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၂ ရက်မှာ ဖော်ပြပါတယ်။

အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်သူတွေဟာ FMR လို့ခေါ်တဲ့ လွတ်လပ်စွာသွားလာခွင့်စနစ်ကို အလွဲသုံးစားလုပ်ပြီး တနိုင်ငံက တနိုင်ငံကို ကူးသန်းလှုပ်ရှားနိုင်တာကိုလည်း ကန့်သတ်ဖို့အပြင် မူးယစ်ဆေးဝါးနဲ့ တခြားမှောင်ခိုကွန်ရက်တွေ အားပျော့သွားစေဖို့ ရည်ရွယ်တယ်လို့လည်း အိန္ဒိယသတင်းတွေက ပြောပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းနေတဲ့ အိန္ဒိယဟာ သူ့နိုင်ငံ သူ့အကျိုးစီးပွားကို ဦးစားပေးတာလို့ ရှစ်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂက မိန့်ပါတယ်။

“နိုင်ငံတစ်နိုင်ငံရဲ့ရပ်တည်မှုနဲ့ ကိုယ်ကျိုးစီးပွားကို ကြည့်ရင် သူတို့ဘက်က မှန်တာပေါ့။ အဓိကကတော့ ကိုယ့်ဘက်က မကောင်းတဲ့အတွက်၊ တကယ်တမ်းကျတော့ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို စောင့်ရှောက်ရမယ့် စစ်တပ်ကိုယ်တိုင်က ပြည်သူလူထုကို ကျူးလွန်နေတယ်ဆိုတော့ တခြားနိုင်ငံက သူ့ အကျိုးစီးပွားကို ကြည့်တာ မဆန်းဘူးပေါ့၊ အိန္ဒိယက အကြောင်းပြချက် ပေးတာလည်း ရှိတယ်။ ခုလိုမျိုး စစ်တပ်နဲ့ လက်ပွန်းတတီးရှိနေခြင်း၊ နီးနီးကပ်ကပ် ဆက်ဆံနေခြင်းသည် နယ်စပ်လုံခြုံရေး၊ နှစ်နိုင်ငံအကျိုးစီးပွားကို ရှေးရှုပြီး ပေါင်းကူးဆက်ဆံနေရတယ်လို့ ပြောတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Asian Age သတင်းကတော့ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နဲ့စည်းရိုးခတ်သလို သူ့အိမ်နီးချင်း မြန်မာနိုင်ငံက ပြည်တွင်းရေးပြဿနာကို အိန္ဒိယကို ဝင်မလာအောင် ကြိုးစားတဲ့ သဘောသက်ရောက်တယ်လို့ ရှုမြင်ရတဲ့အကြောင်း ဇန်နဝါရီ ၂၂ ရက်မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ရှိ အင်ဒို-မြန်မာနယ်စပ်ဂိတ် တစ်နေရာအား ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ ထောင်နဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်ကလူတွေ နယ်မြေနဲ့ အလုပ်အကိုင်ရှာဖွေဖို့ နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယကို တရားမဝင် ဝင်လာကြပါတယ်။ အာသံပြည်နယ်မှာ အာသံပြည်နယ်သားမဟုတ်သူတွေ ထောင်နဲ့ချီ အသတ်ခံရတဲ့ ဖြစ်ရပ်ရှိခဲ့ပြီး အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စည်းရိုးခတ်ခဲ့တာကို The Asian Age က ရည်ညွှန်းတာပါ။

The Asian Age ကပဲ မြန်မာစစ်သားတွေ စစ်စခန်းတွေ လက်လွှတ်လိုက်ရပြီး တပ်ဖွဲ့ဝင် ၅ဝဝ-၆ဝဝ လောက် အိန္ဒိယပိုင်နက်ထဲ ဝင်ရောက်လာတာက စိုးရိမ်စရာဖြစ်ရပြီး ဒါဟာ မြန်မာလူထုအတွက် အိန္ဒိယက ပေးထားတဲ့ အခွင့်အရေးကို အလွဲသုံးစားလုပ်တာပဲလို့ သုံးသပ်ပါတယ်။

မိုင် ၁ဝ၉ဝ ကျော် ရှိတဲ့ နယ်စပ်စည်းရိုးကာတဲ့အတွက် အိန္ဒိယရောက် စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်မယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ဒါတင်မက အိန္ဒိယက ခံစားခွင့်တွေ နှစ်နိုင်ငံ လူထုချင်း ဆက်ဆံခွင့်တွေကို အကျိုးသက်ရောက်လိမ့်မယ်လို့လည်း The Asian Age က ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org